သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်ခြင်း

ဒေါက်တာသဇင်မောင်မောင် (မန္တလေး)

 

ကျန်းမာရေးစောင့်ရှောက်မှုများတွင် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်ခြင်းသည် နိုင်ငံတကာတွင် တန်ကြေးမြင့်မား သော ကျန်းမာရေးကုန်ကျစရိတ် အမျိုးအစားတွင် ပါဝင်ပါသည်။ ကျန်းမာရေးအာမခံ ဝန်ဆောင်မှုများတွင်လည်း သွား၊ ခံတွင်း ကျန်းမာရေးအာမခံသည် ခြွင်းချက် (သို့) အတိုင်းအတာတစ်ခုအထိသာ ပေးနိုင်သည့် အနေအထားကို တွေ့မြင်ရ ပါသည်။

မြန်မာနိုင်ငံတွင်လည်း သွားနှင့် ခံတွင်းကျန်းမာရေး ဝန်ဆောင်မှု ကုန်ကျစရိတ်များမှာ ကုသမှု အမျိုးအစားအလိုက် ကွဲပြားသော်လည်း နိုင်ငံတကာနှင့်ယှဉ်လျှင် အလွန်ဈေးနှုန်းသင့်တင့်သော အနေအထားတွင် ရပ်တည်လျက်ရှိပါသည်။ ကုသမှု စံနှုန်းများမှာလည်း နိုင်ငံတကာနှင့်ယှဉ်လျှင် တန်းတူရင်ပေါင်တန်း နိုင်ပါသည်။ ထို့ကြောင့် နိုင်ငံတကာတွင် အလုပ်သွားလုပ်မည့်သူများ၊ ရွှေ့ပြောင်းအခြေချနေထိုင် သူများသာမက နိုင်ငံခြားသားများပါ မြန်မာနိုင်ငံတွင် သွားနှင့် ခံတွင်း ဆေးကုသမှု လာရောက်ခံယူသည်ကို တွေ့ရသည်မှာ မြန်မာ့သွားဆေးလောကအတွက် ဂုဏ်ယူစရာပင် ဖြစ်ပါသည်။ ထို့အတူ ကျန်းမာရေးတက္ကသိုလ်များတွင် ပညာသင်ကြားရသည့် စရိတ်မှာ နိုင်ငံတကာနှင့်ယှဉ်လျှင် အလွန်သက်သာသော အနေအထားတွင် ရှိရုံမက အခြေခံလူတန်းစားများအထိ သွားခံတွင်း ဆေးပညာသင်ကြားခွင့် လက်လှမ်းမီအောင် ပံ့ပိုး ပေးထားရာ ကျန်းမာရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ပံ့ပိုးပေးသော နိုင်ငံတော်၏ စေတနာမှာ ကျေးဇူးတင် အောက်မေ့ဖွယ်ဖြစ်ပါသည်။

အရေးကြီးသော သွားဂျီးအမြှေးပါးလွှာ
သွားနှင့် ခံတွင်းရောဂါအများစုကို လေ့လာကြည့်လျှင် အများစုမှာ လွယ်ကူပြီး အခြေခံကျသော ကာကွယ်ခြင်းဖြင့် ထိရောက်စွာ တားဆီးနိုင်မည်ကို တွေ့ရမည်ဖြစ်ပါသည်။ သွားရောဂါများတွင် အခြေခံအကျဆုံး ရောဂါအမျိုးအစား နှစ်မျိုးရှိရာ သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများ ဖြစ်ပါသည်။ အဆိုပါ ရောဂါများ၏ အခြေခံရေသောက်မြစ်မှာ (Dental Bio film) ဟု ခေါ်သော ဗက်တီးရီးယား အမြှေးပါးလွှာ ဖြစ်ပါသည်။ အဆိုပါ ဗက်တီးရီးယားအလွှာမှာ သွားမျက်နှာပြင် ကြွေလွှာပေါ်တွင် စေးကပ်တွယ်ငြိနေပြီး အရောင်အဆင်း မရှိချေ။ ထို့အပြင် အဆိုပါ အမြှေးပါးလွှာမှာ ပလုတ်ကျင်းရုံ၊ ဆေးရုံဖြင့် မဖယ်ရှားနိုင်ပါ။ အဆိုပါ အမြှေးပါးလွှာမှာ သွားမျက်နှာပြင်ပေါ်တွင် ကပ်ငြိပြီး သွားပိုးစားရောဂါ ဖြစ်စေနိုင် သည့်အပြင် သွားဖုံးနှင့် နီးပါက သွားဖုံးရောင်ရမ်းခြင်း၊ ပြည်တည်ခြင်း၊ သွားအခြေ ကျောက်တည်ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ဘိုင်အိုဖလင်ဟုခေါ်သော သွားဂျီးအမြှေးပါးလွှာသည် သွားနှင့် ခံတွင်းရောဂါ တော်တော် များများ၏ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

ဘိုင်အိုဖလင်ဖြစ်တည်မှုကို လေ့လာကြည့်မည်ဆိုလျှင် ပါးစပ်အတွင်း အစာစားပြီး ကျန်ရစ်သော စားကြွင်းစားကျန်များ (စားကြွင်းစားကျန်ဟု ဆိုရာတွင် မျက်စိဖြင့် မမြင်ရသော တံတွေးတွင် ပျော်ဝင်နေသော အစာအရည်များလည်း ပါဝင်ပါ သည်)နှင့် တံတွေး၊ ဗက်တီးရီးယား အစုအဝေးများ ပါဝင်ပါသည်။ အစာအိမ်နှင့် အူလမ်းကြောင်းမှာ ကဲ့သို့ပင် ပါးစပ်ထဲ တွင်လည်း လူ့ခန္ဓာကိုယ်ကို မှီတည်နေသော ဗက်တီးရီးယားများရှိရာ အမျိုးအစားပေါင်း ၇၀ဝ ကျော်ရှိသည်ဟု အမေရိကန် နိုင်ငံ ခံတွင်းအဏုဇီဝဌာန သုတေသနပြုချက်များအရ သိရပါသည်။ အဆိုပါ ဗက်တီးရီးယားများမှ တံတွေးတွင် ပျော်ဝင်နေ သော ကဆီဓာတ်ကို စားသုံးကာ အက်စစ်ဓာတ်တစ်မျိုး ထုတ်လွှတ်ပါသည်။ အဆိုပါ အက်စစ်ဓာတ်မှ သွားကြွေလွှာများအား တဖြည်းဖြည်းချင်း ပျက်စီးစေရာမှ သွားပိုးစားရောဂါ (သို့)သွားနှင့် သွားဖုံးသား တွယ်ဆက်ပေးထားသော ဖိုင်ဘာမျှင် များအား ပျက်စီးစေခြင်းဖြင့် သွားဖုံးရောဂါများ ဖြစ်ပွားစေကာ နောက်ဆုံးတွင် သွားများယိုင်နဲ့ ဆုံးရှုံးစေသော ရေစီး ကမ်းပြိုရောဂါအထိ ဖြစ်စေနိုင်ပါသည်။

ဆေးမြီးတိုများနှင့် မကုပါနှင့်
ဤနေရာတွင် အဓိကထား၍ ရှင်းလိုသည်မှာ နယ်များတွင် ခေတ်စားနေသော သွားပိုးချခြင်း အလေ့အထပင် ဖြစ်ပါသည်။ သွားနှင့် ခံတွင်းရောဂါများကို ဖြစ်စေသော ဗက်တီးရီးယားများမှာ သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ အလွန်အားကောင်းသော အဏုဇီဝ ကြည့်မှန်ဘီလူးဖြင့် ကြည့်မှသာ တွေ့နိုင်မည်ဖြစ်ပြီး သွားပိုးချသည်ဟုဆိုကာ ပိုးကောင်လေးများ ပြခြင်းသည် ခြွင်းချက်မရှိ မှားယွင်းနေသော လှည့်စားမှု တစ်ခုသာဖြစ်ကြောင်း မိဘပြည်သူများ သတိချပ်မိရန် အထူးလိုအပ်လှပေသည်။ ထိုမှ တစ်ဖန် သွားနှင့် ခံတွင်းရောဂါများကိုလည်း နီးစပ်ရာ ဆေးမြီးတိုများနှင့် မကုရန် အထူးအရေးကြီးလှပါသည်။ သွားနှင့် ခံတွင်းရောဂါများ ဖြစ်စေတတ်သော ဗက်တီးရီးယားအများစုမှာ အောက်ဆီဂျင်မရှိသော ပတ်ဝန်းကျင်တွင် ပွားသော အမျိုးအစား ဖြစ်သဖြင့် ဆေးမြီးတိုများ ထည့်ခြင်းသိပ်ခြင်းဖြင့် ငုပ်လျှိုးသွားလျှင် အလွန်နက်သော ကြွက်သားများ၊ သွေးပြန်ကြောများအထိ ပျံ့နှံ့သွားတတ်ပြီး အခန့်မသင့်ပါက မျက်နှာတစ်ခြမ်း ရောင်ခြင်း၊ ယင်းမှပိုဆိုးလာပါက မျက်စိ ကွယ်ခြင်း၊ အသက်ရှူ လမ်းကြောင်းပိတ်၍ သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သွားနှင့် ခံတွင်းရောဂါသည် အသက်အန္တရာယ် မပေးနိုင်ပါဟု ထင်မှတ်မှား၍ မပေါ့ဆသင့်ပေ။ ဤနေရာတွင် ထပ်မံရှင်းလိုသည်မှာ သွားနုတ်လျှင် မျက်ကြော ထိတတ်သည်ဆိုသော ရှေးရိုးစွဲအယူအဆပင် ဖြစ်ပါသည်။ ဆိုလိုရင်းမှာ သွားရောဂါများ စနစ်တကျ ကုသမှုခံယူခြင်း မရှိဘဲ ဥပမာလွန်မင်းစွာ ဆိုးရွားပျက်စီးနေသော သွားများမနုတ်ဘဲ ထားမှသာလျှင် ပိုမိုဆိုးရွား သော အဆင့်ရောက်ကာ အခန့်မသင့်ပါက ပါးတစ်ခြမ်းရောင်ခြင်း၊ ယင်းနောက်မျက်စိကို ထိခိုက်စေနိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် သွားကြောနှင့် မျက်ကြောမလွတ် (သို့)သွားနုတ်လျှင် မျက်ကြော ထိတတ်သည်ဆိုသည်မှာလည်း အလွန်လွဲမှားသော အယူအဆ ဖြစ်ကြောင်း သတိချပ်သင့်ပါသည်။

သွား၊ ခံတွင်းရောဂါများကို စနစ်တကျ ကုသရမည်ဆိုရာတွင်လည်း သက်ဆိုင်ရာ အသိအမှတ်ပြု သွားဆေးတက္ကသိုလ်များမှ ခြောက်နှစ်ခန့် ပညာဆည်းပူး လေ့လာအောင်မြင်လာသော သွားဆရာဝန်များအား ဆိုလိုခြင်းဖြစ်ပြီး မျိုးရိုးစဉ် ဆက်လက် ဆင့်ကမ်းသွားတု ပညာသင်ကြား၍ အနည်းငယ်သော ဗဟုသုတဖြင့် သွားရောဂါများ ကုသနေခြင်းကို ဆိုလိုခြင်းမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အနည်းငယ်မျှသော ဗဟုသုတဖြင့် မကျွမ်းကျင်သော ပညာရပ်နယ်ပယ်ကို ကိုင်တွယ်ခြင်းသည် ကြီးလှစွာသော ဒုက္ခကို ဖြစ်စေနိုင်သော အကြောင်းတရားဖြစ်ခြင်းကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် သွားခံတွင်းရောဂါများ ပြသမည်ဆိုပါက မိမိပြမည့် သွားဆေးခန်းထိုင်သော သူသည် သက်ဆိုင်ရာ အသိအမှတ်ပြု ရန်ကုန်၊ မန္တလေးသွားဆေး တက္ကသိုလ်များမှ (B.D.S) Bachelor of Dental Surgery ဘွဲ့ယူထားသူ အမှန်တကယ် ဟုတ်မဟုတ် သေချာစိစစ်သင့်ရန် လိုအပ်လှပေသည်။

ချုပ်အားဖြင့်ဆိုသော် သွားနှင့် ခံတွင်းရောဂါများ ကာကွယ်ခြင်းသည် အလွန်ရိုးစင်း၍ အခြေခံကျသော စနစ်မှန် သွားတိုက်ခြင်း ဖြစ်ပေရာ လူတိုင်းသွားတိုက်ခြင်း အလေ့အထကို အထူးဂရုပြု၍ စနစ်တကျ လေ့လာသင့်ပါသည်။ တစ်နေ့လျှင် သွားနှစ်ကြိမ် ပုံမှန်တိုက်ပေးရန် လိုအပ်ပြီး မနက်အိပ်ရာ ထချိန်နှင့် ညအိပ်ရာဝင်ချိန်တွင် ဖြစ်ပါသည်။ နံနက်နှင့် ညကို နှိုင်းယှဉ်ကြည့်လျှင် ညအိပ်ရာဝင်ခါနီး သွားတိုက်ခြင်းသည် မနက်အိပ်ရာထ သွားတိုက်ခြင်းထက် ပိုအရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် နေ့ပိုင်းတွင် လျှာနှင့်ခံတွင်းတို့ လှုပ်ရှားမှုရှိ၍ ဗက်တီးရီးယားများ၏ ဂေဟစနစ်ကို အတိုင်းအတာ တစ်ခုအထိ တားဆီးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။

စနစ်မှန်သော သွားတိုက်နည်း
စနစ်မှန် သွားတိုက်နည်းဆိုသည်မှာ နူးညံ့ပျော့ပျောင်းသော သွားပွတ်တံ အသုံးပြု၍ သွားမျက်နှာပြင်မှ ၄၅ ဒီဂရီခန့်စောင်း ကာ သွားဖုံးအစပ်မှ တံမြက်စည်းလှည်းသကဲ့သို့ သွားအခြေမှ ဝါးသည့်စားသည့် မျက်နှာပြင်သို့ စက်ဝိုင်းသဏ္ဌာန်တိုက် ပေးရပါမည်။ အံသွားများတွင် ဝါးသည့်၊ စားသည့် မျက်နှာပြင်သုံးခုနှင့် ရှေ့သွားနှင့် စွယ်သွားများတွင် မျက်နှာပြင် နှစ်ခုရှိရာ မျက်နှာပြင်တစ်ခုလျှင် အနည်းဆုံး ၄၊ ၅ ခါနှုန်းဖြင့် အထက်ပါနည်းအတိုင်း တိုက်ရပါမည်။ ထို့ကြောင့် အံသွား တစ်ချောင်း လျှင် အပြင်၊ အလယ်၊ အတွင်း စုစုပေါင်း ၁၅ ခါနှင့် ရှေ့သွားဆိုလျှင် အတွင်းအပြင် စုစုပေါင်း ၁၀ ခါစီ တိုက်ပေးရပါမည်။ စတိုက်သည့်အခါတွင် အပေါ်သို့အောက်၊ ဘယ်ဘက်သို့ ညာဘက် မိမိကြိုက်သည့် အစွန်ဆုံးမှ စတိုက်ပါ။ သွားပွတ်တံ တစ်ချောင်းလျှင် သွားမျက်နှာပြင် နှစ်ခုခန့် ထိထိမိမိတိုက်၍ ရပါသည်။ တစ်နေရာကို အထက်ဖော်ပြပါ နည်းအတိုင်း တိုက်ပြီးပါက ကပ်လျက် ရှေ့နှစ်ချောင်းရွှေ့၍ တိုက်ပါ။ အထက်ပါနည်းအတိုင်း အောက်မေးရိုးတစ်လျှောက် အပေါ် မေးရိုးတစ်လျှောက် စနစ်တကျ နောက်မှရှေ့သို့ တဖြည်းဖြည်းရွှေ့၍ တိုက်ပါ။ သွားတစ်ခါတိုက်လျှင် အနည်းဆုံး ၂ မိနစ်ခန့် အချိန်ပေး၍ တိုက်သင့်ပါသည်။ တိုက်သည့်အခါတွင်လည်း စနစ်တကျ နောက်မှရှေ့သို့ ရွေ့လျားခြင်းဖြင့် ဝါးသည့်စားသည့် မျက်နှာပြင်များအားလုံး မကျန်စေရန် သတိပြုရပေမည်။ သွားတိုက်ပြီးလျှင် သွားပွတ်တံဖြင့် လျှာကိုခြစ်၍ ဆေးကြောခြင်း သည် ခံတွင်းအနံ့အသက်ကောင်း စေပါသည်။

လိုအပ်ပါက သွားပွတ်ကြိုးသုံးပါ
အချို့သော သူများတွင် ပုံမှန်မဟုတ်သော သွားထပ်ခြင်းများရှိပါက သွားပွတ်ကြိုး ထပ်ဆောင်းအသုံးပြုနိုင်ပါသည်။ (Dental Floss) ခေါ် သွားပွတ်ကြိုး အသုံးပြုပုံမှာ သွားပွတ်ကြိုးကို အလောတော်ဖြတ်၍ လက်ခလယ်နှစ်ဖက်တွင် ရစ်ပါ။ ထို့နောက် လက်ညှိုးဖြင့် ထိန်း၍ သွားနှစ်ချောင်းကြား အခြေထိရောက်အောင် ဆွဲချပါ။ အခြေထိရောက် ပါက “ ဂ” ငယ်ပုံသ္ဌာန် (သို့) အင်္ဂလိပ်စာလုံး “ C ” ပုံသ္ဌာန် တစ်ဖက်သွားမျက်နှာပြင်သို့ ကွေး၍ သွားဖုံးစပ်မှ အပေါ်ဝါးသည့် စားသည့် မျက်နှာပြင်သို့ ပွတ်ဆွဲပါ။ အထက်ပါနည်းအတိုင်း အခြားကပ်လျက် သွားမျက်နှာပြင်တစ်ခြမ်းကိုလည်း လုပ်ရပါမည်။ သွားထပ်သော သူများတွင် သွားတိုက်ခြင်း တစ်ခုတည်းဖြင့် မလုံလောက်သောကြောင့် သွားပွတ်ကြိုးသုံးခြင်းသည် ထိရောက်သော ကာကွယ်မှု ဖြစ်ပါသည်။ ထပ်ဆောင်းအနေဖြင့် သွားကြားပွတ်တံ အမျိုးအစားသည်လည်း သွားကျဲသောသူများ၊ သွားနှစ်ခုကြား ထိစပ်မှုအောက်တွင် နေရာကျယ်သောသူများတွင်လည်း ထိရောက်သော သန့်ရှင်းမှုပေးနိုင်ပါသည်။

အစားအစာများ ရွေးချယ်စားသုံးပေး
အာဟာရပြည့်ဝသော အစားအစာများ စားသုံးခြင်းသည်လည်း သွားနှင့် ခံတွင်းကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါသည်။ သန့်ရှင်းလတ်ဆတ်သော အသီးအနှံဟင်းသီး ဟင်းရွက်များ ဥပမာ ခါကြက်ဥ၊ ပန်းသီးစသည့်... အစေ့ပါ သော အခွံပါအသီးများ... အသားနှင့် နို့ထွက်ပစ္စည်းများကိုလည်း စားသုံးပေးခြင်းဖြင့် အထောက်အကူ ဖြစ်စေပါသည်။ “ဆေးလိပ်၊ အရက်နှင့် ကွမ်း” များ စားသုံးခြင်းသည် သွားကြွေလွှာများ စွန်းထင်းစေခြင်း၊ ပျက်စီးစေခြင်း၊ သွားဖုံးရောဂါနှင့် ခံတွင်း ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်သဖြင့် အထူးရှောင်ကြဉ်သင့်ပါသည်။ ချို၍ စေးကပ်သောအစား အစာများ မကြာခဏ စားသုံးခြင်း၊ အလွန်အမင်းစားသုံးခြင်းသည် သွားပိုးစားရောဂါ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အစာစားပြီးတိုင်း ပလုတ်ကျင်းသည့် အလေ့အထကို မွေးမြူသင့်သည်။ ခံတွင်းသန့် ပလုတ်ကျင်းဆေးရည် သုံးစွဲခြင်းသည်လည်း အထောက်အကူ ဖြစ်စေပါသည်။ သက်ဆိုင်ရာ သွားနှင့်ခံတွင်း ဆရာဝန်များနှင့်လည်း ခြောက်လတစ်ကြိမ် တွေ့ဆုံ၍ စစ်ဆေးမှု ပုံမှန်ပြုလုပ်ရန် လိုအပ်ပါသည်။ အချုပ်အားဖြင့် ဆိုသော် ဂျပန်နိုင်ငံမှ “ ၈၀၂၀ ပရောဂျက်” (အသက် ၈၀ အရွယ်တွင် လူတိုင်းသွား အချောင်း ၂၀ ရှိနေရမည်) ဟူသော ရည်မှန်းချက်အတိုင်း မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်းသည် လည်း အသက် “ ၈၀ ”အရွယ်တွင် သွားအချောင်း “ ၂၀ ” မက ကျန်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။    ။