နေပြည်တော် မတ် ၁၅

 

ရေထွက်ကုန်များ ပြည်ပတင်ပို့မှုအနေဖြင့် ယခု ဖေဖော်ဝါရီလကုန်အထိ ဘဏ္ဍာရေးနှစ် ကာလတိုအတွင်း ယခင်နှစ် အလားတူကာလထက် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် ပိုမိုတင်ပို့နိုင်သည်ကို တွေ့ရှိရကြောင်း၊ ယခုကဲ့သို့ တင်ပို့နိုင်ခြင်းသည် ဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့အကြား နီးနီးကပ်ကပ်ပူးပေါင်း ဆောင်ရွက်နိုင်မှုကြောင့် ဖြစ်ကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကနှင့် လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မတ်(၁၃)ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် အဖွဲ့ချုပ်တာဝန်ရှိသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

 

တွေ့ဆုံပွဲတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ပြည်ပသွင်းကုန် အစားထိုး ဆောင်ရွက်နိုင်ရေး၊ သား၊ ငါး၊ တိရစ္ဆာန်ရောဂါနှင့် ဓာတုဆေးဝါးဓာတ်ကြွင်း ကင်းစင်ပြီး အဟာရပြည့်ဝသည့် နိုင်ငံတကာ စံချိန်စံညွှန်းမီ မွေးမြူထုတ်လုပ်နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ မွေးမြူရေး ရေထွက်ကုန် (၉)မျိုး နှင့် ပြည်ပပို့ကုန်များ၊ ဓာတုဆေးဝါး ဓါတ်ကြွင်း စောင့်ကြည့် စစ်ဆေးမည့် အစီအမံများ၊ ရေသတ္တဝါများနှင့် အသားကဏ္ဍ ထုတ်ကုန်များတွင် ရောဂါကူးစက်ပျံ့နှံ့ခြင်း ဖြစ်ပွားပါက အရေးပေါ်ဆောင်ရွက်နိုင်မည့် အစီအမံများ၊ မွေးမြူရေးထုတ်ကုန်များ၏ ဇစ်မြစ်အား ပြန်လည်စစ်ဆေးနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်ပပို့ကုန်များအား သက်ဆိုင်ရာ နိုင်ငံများ၏ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်