သွားနဲ့ခံတွင်းဂရုပြုတာက အသည်းကင်ဆာ ကာကွယ်ရာရောက်တယ်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

တစ်နေ့နှစ်ကြိမ်သွားတိုက်ဖြစ်ရဲ့လား။ မတိုက်ဖြစ်ဘူးဆိုရင်တော့ ဒီနေ့ကစပြီး သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်တိုက်တတ်တဲ့ အလေ့အကျင့်ကိုမွေးမြူလိုက်ပါနော်။ သွားနဲ့ခံတွင်း သန့်ရှင်းမှုက သင်ထင်မထားလောက်အောင်ကို တာသွားတာပါ။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ရအောင်လား………

သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါလို့ပြောရတဲ့ အကြောင်းအရင်း
သွားနဲ့ခံတွင်းကျန်းမာရေးကိုဂရုစိုက်မှုက ခန္ဓာကိုယ်ကို ကျန်းမာနေစေဖို့ အများကြီးအထောက်အကူပြုပေးနိုင်ပါတယ်။ ခံတွင်းက ခန္ဓာကိုယ်ရဲ့ ဝင်ပေါက်ပါ။ ခံတွင်းကျန်းမာရေးကိုသာ သေချာဂရုမစိုက်ဘူးဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကောင်းကျိုးမရှိဘဲ ဆိုးကျိုးတွေပဲဖြစ်လာမှာပါ။ သွားတွေကိုက်မယ်၊ သွားဖုံးကနေသွေးထွက်မယ်၊ ခံတွင်းနံ့ဆိုးမယ်။ ဒါတွေက ခံတွင်းကျန်းမာရေးဂရုစိုက်မှု အားနည်းနေတယ်ဆိုတဲ့ လက္ခဏာတွေပါ။ ခံတွင်းကျန်းမာရေးအားနည်းတဲ့အခါ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ အလွယ်တကူပေါက်ဖွားလာပြီး သွေးကြောတွေထဲကို ရောက်ရှိသွားမှုကနေတဆင့် ကိုယ်တွင်းမှာ ရောဂါတွေခံစားရနိုင်ပါတယ်။ ဒါကြောင့်ခန္ဓာကိုယ်ကျန်းမာစေဖို့ သွားနဲ့ခံတွင်းကို သေချာလေးဂရုစိုက်ဖို့လိုပါမယ်။

သွားနဲ့ခံတွင်းကျန်းမာရေးကိုဂရုမစိုက်တာကြောင့် ဘာတွေဖြစ်လာနိုင်လဲ…………..
သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုမစိုက်တာကြောင့်ဒါတွေဖြစ်လာနိုင်ပါတယ်။

-    သွားကိုက်သွားနာဖြစ်မယ်
-    ခံတွင်းအနံ့ဆိုးမယ်
-    အာသီးရောင်မယ်
-    လည်ချောင်းနာမယ်
-    သွားဖုံးရောဂါခံစားရမယ်
-    နှလုံးရောဂါ
-    ဆီးချို
-    မှတ်ဉာဏ်ချို့ယွင်းတာ
-    အဝလွန်တာ
-    လေဖြတ်တာနဲ့
-    ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။
အသည်းကင်ဆာမဖြစ်ချင်ရင် ခံတွင်းကျန်းမာရေးဂရုစိုက်ပါ
ယူကေမှာပြုလုပ်ခဲ့တဲ့လေ့လာမှုအရ ခံတွင်းကျန်းမာရေးအားနည်းသူတွေက သွားဖုံးတွေရောင်တာ၊ သွားဆုံးရှုံးတာတွေအပြင် အသည်းကင်ဆာဖြစ်နိုင်ခြေက ပုံမှန်ထက် ၇၅ ရာခိုင်နှုန်းပိုများနေပါတယ် လို့တွေ့ရှိခဲ့ရပါတယ်။ အစောပိုင်းကလေ့လာမှုတွေအရတော့ သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုမစိုက်တာက အစာရေမြိုကင်ဆာဖြစ်စေနိုင်တယ်လို့ပဲ တွေ့ရှိခဲ့ရတာပါ။

အရင်ကလေ့လာမှုရဲ့ ရလဒ်

အစောပိုင်းက လေ့လာမှုရလဒ်တွေအရတော့ ခံတွင်းကျန်းမာရေးကို ဂရုမစိုက်တာက အစာရေမြိုကင်ဆာဖြစ်နိုင်ခြေ ပုံမှန်ထက် ၂၈ ရာခိုင်နှုန်းကျော်ပိုများနေတယ်၊လို့တွေ့ရှိခဲ့ရတာပါ။ ဒါတင်မကသေးပါဘူး သွားနဲ့ခံတွင်းကို ဂရုမစိုက်တာကြောင့် အခြားသော ကင်ဆာရောဂါတွေ ခံစားနိုင်ခြေကလည်း တော်တော်လေးများနေပါတယ်။

အခုနောက်ပိုင်းမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံတွေပြောင်းလဲလာတာကြောင့် ကင်ဆာဖြစ်ပွားမှုနှုန်းတွေကလည်း မြင့်တက်လာပါတယ်။ ဒီလိုမြင့်တက်လာတဲ့ထဲမှာ ခံတွင်းသန့်ရှင်းမှုအားနည်းတာကြောင့် အစာခြေစနစ်မှာ ကင်ဆာ ခံစားရတာတွေလည်း ပိုများလာပါတယ်။ အစာခြေစနစ်ကင်ဆာဆိုတဲ့အထဲမှာ အစာရေမြိုကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ စအိုကင်ဆာတွေအပြင် သည်းခြေပြွန်ကင်ဆာ၊ ပန်ကရိယကင်ဆာတွေလည်း ခံစားလာရပါတယ်။ အစာခြေစနစ်ဆိုင်ရာ ကင်ဆာခံစားရသူတွေထဲက ၁၃ ရာခိုင်နှုန်းလောက်က ခံတွင်း မသန့်ရှင်းမှုကနေ စတာပါ။ အစာခြေစနစ်ကင်ဆာတွေဖြစ်ရတာကို သက်ရောက်နေစေတဲ့နောက်တစ်ချက်က သွားနဲ့ခံတွင်းသန့်ရှင်းမှုအားနည်းတာအပြင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးမှုနည်းတာကြောင့်လည်း ပါဝင်နေပါတယ်။

ခံတွင်းကျန်းမာရေးနဲ့ အသည်းကင်ဆာဖြစ်နိုင်ခြေ

ဒီလေ့လာမှုအတွက် အမေရိကန် ဆရာဝန်တွေက လေ့လာမှုတွေလုပ်ကြည့်တဲ့အခါမှာ ခံတွင်းသန့်ရှင်းမှုအားနည်းသူတွေက အသည်းကင်ဆာဖြစ်နိုင်ခြေ ပုံမှန်ထက် ၇၅ ရာခိုင်နှုန်းပိုများနေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ခံတွင်းသန့်ရှင်းမှုအားနည်းသူတွေက အသည်းကင်ဆာ၊ သည်းခြေပြွန်ကင်ဆာနဲ့ သည်းခြေအိတ်ကင်ဆာတွေ ခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေကြပါတယ်။ ဒါ့အပင် အရွယ်ရောက်ပြီးသူတော်တော်များများမှာ ခံစားရတဲ့ ကင်ဆာတွေက အသည်းကနေအစပြုကြတာပိုများပါတယ်။

တကယ်လို့ ခံတွင်းသန့်ရှင်းရေးလည်း အားနည်းမယ်၊ အရက်တွေ၊ ဆေးလိပ်တွေသောက်မယ်၊ ကွမ်းစားမယ်စတဲ့ ခံတွင်းကျန်းမာရေးကို ထိခိုက်စေတဲ့ အပြုအမူတွေကို လုပ်မယ်ဆိုရင် သွားနဲ့ သွားဖုံးတွေ ထိခိုက်ပျက်စီးတာအပြင် အသည်းကိုပါထိခိုက်စေနိုင်မှာ အသေအချာပါ။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ် ပုံမှန်သွားတိုက်လို့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပြီး အသည်းကင်ဆာအပါအဝင် အခြားရောဂါတွေ ခံစားရမှုကနေ ကိုယ့်ကိုကိုယ်ကာကွယ်လိုက်ပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”