ရန်ကုန်၊ မတ် ၃

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် သာကေတမြို့နယ်၊ ၂/မြောက်ရပ်ကွက်၊ သဒ္ဒါရုံ မင်းနန္ဒာ ဝန်ထမ်းအိမ်ရာဝင်းအတွင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန် အမျိုးမျိုးတို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဈေးသို့ သွားရောက်ရန်မလိုဘဲ နေအိမ်အနီး အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်ကြရန် မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ရှုခင်းသာလမ်းတွင် မြို့နယ်ခန်းမ တည်ဆောက်ပြီးစီးမှုနှင့် ဝင်းအတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊  ဧရာဝဏ်လမ်းတစ်လျှောက် သာကေတအဝိုင်းမှ မင်းနန္ဒာလမ်းဆုံအထိ ဌာနများနှင့် ခရိုင်နှင့်မြို့နယ် စည်ပင်သာယာဝန်ထမ်းများ ပူးပေါင်းအင်အား (၃၀၀) ဖြင့် လမ်းဝဲ/ယာ မြက်ချုံနွယ်များ ရှင်းလင်းခြင်း၊ ရေမြောင်းနှင့် ဖြတ်မြောင်းများ ရှင်းလင်းခြင်း၊ အမှိုက်များ သိမ်းဆည်းခြင်း၊ ရေသယ်ယာဉ်များဖြင့် လမ်းရေဆေးခြင်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ် အတွင်း EM Bokashi မြေဩဇာပြုလုပ်ခြင်း လုပ်ငန်းခွင်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်