ရုရှားဟက်ကာများက ကိုဗစ်-၁၉ ကာကွယ်ဆေး အချက်အလက်များ ခိုးယူခဲ့ဖွယ်ရှိဟု ဆို

၁၇ ဇူလိုင်

 

 

ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ပတ်သက်သည့် သုတေသန အချက်အလက်များ စုဆောင်းရန်အတွက် ရုရှားဆိုက်ဘာ အုပ်စုတစ်ခုမှ ပြုလုပ်ခဲ့ဖွယ်ရှိကြောင်း အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့က ပြောကြားသည်။

 

 

အဆိုပါ သုံးနိုင်ငံမှ ထောက်လှမ်းရေး အေဂျင်စီများက ဇူလိုင်လ ၁၆ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

 

APT29 ဟု လူသိများသည့် ရုရှားဆိုက်ဘာ သူလျှိုအဖွဲ့သည် နိုင်ငံသုံးနိုင်ငံရှိ အဖွဲ့အစည်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီက ပြောကြားခဲ့သည်။

 

 

အစိုးရ၊ စာသင်ကျောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများကို ၎င်းတို့ က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

 

အဆိုပါ အုပ်စုသည် ကိုဗစ်-၁၉ ကာကွယ်ဆေး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်သည့် စမ်းသပ်မှုများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များနှင့် အသိဉာဏ်ဆိုင်ရာ ပစ္စည်းများကို ခိုးယူရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အေဂျင်စီက ပြောကြားခဲ့သည်။

 

 

အဆိုပါ အဖွဲ့အစည်းသည် ရုရှားထောက်လှမ်းရေး၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ၎င်းအဖွဲ့က ပြောကြားခဲ့သည်။

 

 

ကာကွယ်ဆေးဆိုင်ရာ သတင်းအချက်အလက်များ ခိုးယူခံရခြင်း ရှိမရှိကိုမူ ထုတ်ပြန်ကြေညာချက်များတွင် ဖော်ပြထားခြင်းမရှိပေ။

 

 

အဆိုပါ ကြိုးပမ်းမှုများနှင့် ပတ်သက်ပြီး ၎င်းတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူ တင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပတ်ရှ်ကော့ဗ်က တုံ့ပြန်ပြောကြားခဲ့သည်။

 

 

ရုရှားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေအဖွဲ့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်ရန် ကြိုးစားလျက်ရှိသည်။ 

 

 

ရုရှားနိုင်ငံ၏ ကာကွယ်ဆေး အောင်မြင်မှုအပေါ် စိုးရိမ်နေကြသူများက ရုရှားနိုင်ငံ၏ ဂုဏ်သတင်း မှေးမှိန်စေရန် ကြိုးစားနေကြခြင်းဖြစ်ကြောင်း အမှုဆောင် အရာရှိချုပ်ဖြစ်သူ ကာရီ ဒမာတီဗာက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်