ရုပ်သံထုတ်လွှင့်ခြင်းနှင့် Fiber ဆက်ကြောင်း

စက်မှုခင်

၁၉၇၀ ပြည့်နှစ်တွင် Fiber Optic Cable များ အသုံးပြုမှု စတင်ခဲ့ပြီး ဆက်သွယ်ရေး ကဏ္ဍတွင် စက်မှုတော်လှန်ရေးတစ်ခေတ် ပြောင်းလဲခဲ့ပါသည်။ ဆက်သွယ်ရေး လုပ်ငန်းများတွင် လျှပ်စစ်ကြေးနန်းကြိုး (Copper Wire) အသုံးပြုနေရာမှ Optical Fiber အမျှင်များပါသော Cable များ အစားထိုး အသုံးပြုလာပြီး Fiber Optic Cable မှာ အဓိက အခန်းမှ ပါဝင်လာပါသည် ။


လေဆာထုတ်လွှင့်မှု (Laser Transmission)  ကို အခြေခံသည့် ဆက်သွယ်ရေး ကြားခံ ဖန်သား (Glass) သို့မဟုတ် ပလပ်စတစ် ဖိုင်ဘာကို အသုံးပြု၍ အလင်းကို သယ် ဆောင်ကာ အရုပ်၊ အသံ နှင့် အချက်အလက် Signal များကို ထုတ်လွှင့်ပေးပါသည်။ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ၊ Internet ဝန်ဆောင်မှုလုပ်ငန်းများနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်မှု ဝန်ဆောင်မှုလုပ်ငန်းများအတွက် Fiber Optic Cable ကို အသုံးပြုကြပါသည်။

 

တစ်နေရာမှ တစ်နေရာသို့


ဖိုင်ဘာအမျှင်တစ်ခုတွင် ပင်မအူတိုင် (Core)၊ ဘေးအကာရံ (Cladding)၊ ဖိုင်ဘာ ချောင်း (Fiber)၊ အပြင်အကာ (Outer Jacket) တို့ ပါရှိပါသည်။ ဖိုင်ဘာအမျှင်တစ်ခု ချင်းစီသည် ဒစ်ဂျစ်တယ် အချက်အလက် (သို့မဟုတ်) အသံလိုင်းများစွာကို တစ်စက္ကန့် တွင် သယ်ဆောင်ပေးနိုင်ပါသည်။ သတင်းအချက်အလက် ရုပ်ပုံ အချက်ပြများ (Image Signal) ကို လျှပ်စစ်အချက်ပြ (Electrical Signal) မှတစ်ဆင့် အလင်းအချက်ပြ (Optical Signal) သို့ ပြောင်းလဲအသုံးပြုပြီး အလင်းပြန်ခြင်း နိယာမ သဘောတရား (Total Internal Reflection) ကို အသုံးပြု၍ ဆောင်ရွက်ကာ Fiber Cable မှ ပေးပို့လိုသည့် နေရာသို့ ပေးပို့ပါသည်။

ဖမ်းယူရရှိသည့်နေရာ၌ ဝင်ရောက်လာသည့် အလင်းအချက်ပြ (Optical Signal) ကို လျှပ်စစ်အချက်ပြ (Electrical Signal) သို့ ပြောင်းလဲ၍ အသုံးပြုပါသည်။ ထုတ်လွှင့် မှုသည် တစ်လမ်းသွား (သို့မဟုတ်) နှစ်လမ်းသွား စနစ် ၊ အသံ၊ အချက်အလက်၊ အရုပ်၊ ပေးပို့ခြင်း ဝန်ဆောင်မှုများကို ပြုလုပ်နိုင်ပါသည်။ Fiber Cable တစ်ခုတွင် Fiber အမျှင်ကြိုး (Strands) များ အရေအတွက်အားဖြင့် (၁) ခု သို့မဟုတ် ရာပေါင်းများစွာ ပါဝင်ပါသည်။ Fiber အမျှင်ကြိုး (၁) ခု၏ အရွယ်အစားမှာ လူသားတစ်ဦးရှိ ဆံပင်ထက် (၁/၁၀) ပုံခန့်သာရှိသော်လည်း တယ်လီဖုန်း ခေါ်ဆိုမှုပေါင်း (၂၅၀ဝ၀) ခန့် သယ် ဆောင်နိုင်ပါသည်။

 

မရေတွက်နိုင်သော အချက်အလက်များ


Fiber အမျှင်များ စုပေါင်းထားသော Fiber Cable ကို အသုံးပြုသည့် လုပ်ငန်း လိုအပ်ချက်အပေါ် မူတည်၍   2 Core Fiber ၊   4 Core Fiber၊ 8 Core Fiber စသဖြင့် သတ်မှတ်သုံးစွဲပါသည်။ သို့ဖြစ်ရာ Fiber Cable တစ်ခုတွင် မရေတွက်နိုင်သော သန်း ပေါင်းများစွာ Data အချက်အလက်များ ပါဝင်ပါသည်။


ဖိုင်ဘာကွန်ရက်များကို ချိတ်ဆက်အသုံးပြုရာတွင် မြေအောက် Cable ဆက်သွယ်ခြင်း (Underground) ၊ မြေပေါ် Cable (Overhead) ဆက်သွယ်ခြင်း အပြင် နိုင်ငံတကာ ဆက်သွယ်ရေးအတွက် ရေအောက် Cable (Submarine Cable) သွယ်တန်း နည်း စနစ် များဖြင့်  ဆက်သွယ် ချိတ်ဆက်ထားပါသည်။


ယေဘူယျအားဖြင့် အသုံးပြုသည့် လုပ်ငန်းအပေါ် မူတည်၍ Single Mode Fiber နှင့် Multimode Fiber ဟူ၍လည်း အသုံးပြုကြပါသည်။ ထို့အပြင် ဆေးပညာလုပ်ငန်း များတွင်ရောဂါရှာဖွေခြင်း၊ စက်မှုပိုင်းဆိုင်ရာလုပ်ငန်းများတွင် စက်ပစ္စည်းများအား စစ်ဆေး ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုပါသည်။


 
မြေအောက်ဖိုင်ဘာ ကေဘယ်လ် ချခင်းခြင်း


မြေအောက်ဖိုင်ဘာ ကေဘယ်လ်ချခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက အကျယ် (၁.၅) ပေ နှင့် အနက် (၄) ပေတွင် ချခင်း ဆောင်ရွက်ရပါသည်။  Fiber Cable အကွာအဝေး မီတာ (၁၀ဝ) အကွာအဝေးတိုင်းတွင် ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက် ရန်အတွက် Man Hole ထားရှိပေးရပါသည်။ ဖိုင်ဘာဆက်ကြောင်း အကွာအဝေး (၁၀ဝ) ကီလိုမီတာတိုင်းတွင်လည်း  Transmission စက်ပစ္စည်းများ တပ်ဆင်ထား ရှိရပါသည်။
ဖိုင်ဘာဆက်ကြောင်းကွန်ရက်အသုံးပြုခြင်းကြောင့် ပေးပို့သည့် ရုပ်ပုံအချက်အလက် များ အရည်အသွေး ကျဆင်းမှု နည်းပါးခြင်း (Less Attenuation)၊  နှောက်ယှက်မှု နည်းပါးခြင်း (No Interference) ၊ ပမာဏ အကန့်အသတ်မရှိ သုံးစွဲနိုင်ခြင်း၊ လျှပ်စစ် ဓာတ်အား နှင့် စက်သုံးဆီ သုံးစွဲမှု သက်သာခြင်း၊ ပို့ဆောင်ချိတ်ဆက်မှု လျင်မြန်ခြင်း၊ လုံခြုံစိတ်ချရမှု ရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိပါသည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံမှု များပြားခြင်း၊ ပြုပြင် ထိန်းသိမ်းမှုအတွက် ကုန်ကျစရိတ်ရှိခြင်း၊ ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ်များအတွက် ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ခြင်း စသည့် အားနည်းချက် များလည်း ရှိပါသည်။

 

စက်ဝိုင်းပုံ ကွန်ရက်များ ချိတ်ဆက်ထား


Fiber ကွန်ရက်များ  အသုံးပြုရာတွင် Fiber ပင်မ ဆက်ကြောင်းတွင် ဆက်သွယ် မှု ပြတ်တောက်ခြင်းမှ ကာကွယ်ရန် စက်ဝိုင်းပုံကွန်ရက်များ ချိတ်ဆက် ထားရှိပါသည်။ သီးသန့် တိုက်ရိုက်ချိတ်ဆက်သည့် Dedicated လိုင်းများတွင်လည်း မြေပေါ်နှင့် မြေအောက်လိုင်း ဟူ၍ အရန်လိုင်းကိုပါ ထားရှိ အသုံးပြုကြပါသည်။ ငွေကြေးသုံးစွဲနိုင်မှု အပေါ် မူတည်၍ ဆက်ကြောင်း တစ်ခုတည်း ချိတ်ဆက်ဆောင်ရွက်သည့်အခါ လည်း ရှိပြီး  အခြား ဆက်သွယ်ရေး နည်းလမ်းတစ်မျိုးမျိုးကို အရန်အဖြစ် စီစဉ်ထားရှိလေ့ ရှိပါသည်။


Fiber ဆက်ကြောင်းတစ်လျှောက်တွင် ကြားခံအသုံးပြုသော စက်ပစ္စည်းများ ကြောင့်လည်းကောင်း၊ Fiber များ ချိတ်ဆက်မှုကြောင့် လည်းကောင်း၊ ထုတ်လွှင့်သော သတင်းအချက်အလက်များကြားတွင် အနှောင့်အယှက်များ ဖြစ်ပေါ်ပြီး စွမ်းရည်ဆုံးရှုံး မှုများ တွေ့ကြုံနိုင်ပြီး ပေးပို့သော သတင်းအချက်အလက်များ မရောက်ရှိသည် ကို လည်း တွေ့ကြုံနိုင်ပါသည်။


သဘာဝဘေးအန္တရာယ်များကြောင့်လည်းကောင်း၊ အခြားမမျှော်လင့်နိုင်သော ကိစ္စရပ်များကြောင့် လည်းကောင်း၊ လူနှင့် ပြင်ပ ပယောဂများကြောင့် လည်းကောင်း၊  Fiber ပြတ်တောက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။


မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နေပြည်တော်တပ်ကုန်းသို့  ၂၀ဝ၈ ခုနှစ်မှ ပြောင်းရွှေ့ချိန်မှ စတင်ပြီး ရုပ်/သံ သတင်းပေးပို့ခြင်းလုပ်ငန်းများကို Fiber Network ငှားရမ်း အသုံးပြု၍ ဆောင်ရွက်ခဲ့ပါသည်။

 

ဖိုင်ဘာဆက်ကြောင်း အသုံးပြု


လက်ရှိတွင်  MRTV (တပ်ကုန်း) နှင့် MRTV (ရန်ကုန်) တို့အကြား သတင်းနှင့် သက်ဆိုင်သည့် ရုပ်သံအစီအစဉ်များ အပြန်အလှန် ပေးပို့ခြင်း၊ သတင်း အစီအစဉ်များ အပြန်အလှန် ရိုက်ကူးထုတ်လွှင့်ခြင်း၊ ပျဉ်းမနား ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (သပြေတောင်) နှင့် ရုပ်သံသတင်းများ ပေးပို့ခြင်း၊  နေပြည်တော် အနီးတစ်ဝိုက်တွင် ကျင်းပပြုလုပ်သည့် အခမ်းအနားများအား တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ခြင်း၊ လွှတ်တော်အခမ်းအနား ကျင်းပပုံများ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်ခြင်း စသည့် လုပ်ငန်းများတွင် ဖိုင်ဘာဆက်ကြောင်းကို အသုံးပြုလျှက် ရှိပါသည်။

 

၅ မိနစ်ခန့် ပြတ်တောက်မှုဖြစ်ပေါ်


၂၉-၁-၂၀၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့  ကျင်းပနေမှုကို လွှတ် တော် ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်နေစဉ် နေ့လည်(၁၄:၂၀)နာရီမှ (၁၄:၂၅) နာရီအထိ  ၅)မိနစ်ခန့် ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါသည်။ ပြည်ထောင်စု လွှတ်တော် ဆွေးနွေးမှု အစီအစဉ်များကို ပြည်ထောင်စုလွှတ်တော်မှ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (တပ်ကုန်း) ရုံးချုပ်သို့ ဖိုင်ဘာဆက်ကြောင်းမှတစ်ဆင့် ပေးပို့ထုတ်လွှင့်ရာ ယင်းအချိန် တွင် ဖိုင်ဘာလိုင်းကျ၍ အစီအစဉ် ပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ဂြိုဟ်တု ဆက်ကြောင်းဖြင့် ပြောင်းလဲ ထုတ်လွှင့်ခဲ့ရပါသည်။


ပြည်သူများထံသို့ ပြတ်တောက်မှုဖြစ်ရခြင်းအတွက် အသိပေးတောင်းပန်ခြင်း စာသား ကို လွှင့်တင်ခြင်း၊ ပြတ်တောက်သွားခဲ့သည့်အပိုင်းကိုလည်း ထည့်သွင်းပြီး အစ-အဆုံး  ပြန်လည် ထုတ်လွှင့်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ နောက်နောင်တွင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေးအတွက် လွှတ်တော်နှင့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား (ရုံးချုပ်) တို့အကြား ဖိုင်ဘာဆက်ကြောင်း လမ်းတစ်လျှောက်ကို ပြန်လည် စစ်ဆေးခြင်းအား သက်ဆိုင်ရာ Fiber ချခင်းခြင်း လုပ်ငန်း ဆောင်ရွက်သည့် ဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။


ဖိုင်ဘာလိုင်း စစ်ဆေးပြုပြင်မှု ဆောင်ရွက်ပြီးပါက ဖိုင်ဘာလိုင်းအား အဓိက ဆက် ကြောင်းအဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး ဂြိုဟ်တုဆက်ကြောင်းအား အရန်အဖြစ် အသုံး ပြုပါမည်။ ဤကဲ့သို့  ဖြစ်ပွားခဲ့ပါက ပြည်သူသို့ တောင်းပန်ခြင်းအား အချိန်နှင့် တပြေးညီ အသိပေး ဆောင်ရွက်နိုင်ရေး စီမံထားရှိပြီး  ဖိုင်ဘာ ဆက်ကြောင်းချို့ယွင်းမှု ဖြစ်စဉ်များ အတွက် သက်ဆိုင်ရာဌာနများသို့ တရားဝင်အကြောင်းကြား ညှိနှိုင်း ဆောင် ရွက်သွား မည် ဖြစ်ပါသည်။

 

တွင်ကျယ်စွာအသုံးပြု


Fiber Optic ကွန်ရက်ဆက်ကြောင်းကို ဆက်သွယ်ရေး၊ အင်တာနက် ဝန်ဆောင် မှုများ ၊ Cable ရုပ်သံထုတ်လွှင့်မှုများအတွက် ဆက်သွယ်ရေးလုပ်ငန်းများနှင့် ရုပ်သံ ထုတ်လွှင့်ရေးလုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံးပြုကြပါသည်။ Bell Lab မှ သုတေ သီများက ယခုအခါ Fiber Optic ဆက်သွယ်ရေးကို အသုံးပြုလျှင် (၁) စက္ကန့်လျှင် 100 Petabit / Km အမြန်နှုန်းသို့ ရောက်ရှိ အသုံးပြုနိုင်ကြောင်း ပြောကြား ထားပါသဖြင့် အရည်အသွေးမြင့် 4K/ 8K ၊ Super Hi-Vision ၊ Ultra-High Definition ခံစား ကြည့်ရှုနိုင်သည့် ရုပ်မြင်အစီအစဉ်များ၊ ရုပ်ရှင်များ၊ အားကစားပွဲများ ၊ Interactive Games ၊ Internet အခြေခံဝန်ဆောင်မှုများကို  မိမိတို့၏ နေအိမ်အရောက် Fiber to the Home (FTTH)  စနစ်ဖြင့်  ဝန်ဆောင်မှုပေးနိုင်နေပြီဖြစ်ကြောင်း ဗဟုသုတ အလို့ ဌာ အသိပေး ရေးသားတင်ပြလိုက်ရပါသည်။ မြန်မာ့အလင်း

Related Articles