ရန်ကုန်  ၂၀ ဇူလိုင်

ရုပ်ရှင်ရုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသမှုစနစ် ပိုမို ကောင်းမွန်ရေးဆိုင်ရာ အစည်းအဝေးများကိုယနေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်း ရိပ်သာလမ်း၊ အမှတ် (၂၀) ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ အစည်းအဝေးခန်းမ၌ ရုပ်ရှင်ရုံပိုင်ရှင်များနှင့်လည်းကောင်း၊ ရုပ်ရှင်ထုတ်လုပ်သူများနှင့် လည်းကောင်း နှစ်ကြိမ်ခွဲ၍ ကျင်းပသည်။

အဆိုပါ အစည်းအဝေးများသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီးဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်ရုံပိုင်ရှင်များနှင့် ရုပ်ရှင်ထုတ်လုပ်သူများ တက်ရောက် ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က ယနေ့ ဆွေးနွေးပွဲတွင် တွေ့ ကြုံရသည့်  အခက်အခဲများ၊ ဖြစ်သင့် ဖြစ်ထိုက်သည့် အနေအထားနှင့်  စိတ်ကူးစိတ်သန်းများ ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ရုပ်ရှင်ရုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာရုပ်ရှင်ဇာတ်ကားများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရုံတင်ပြသမှု စနစ်ကောင်းမွန်ရေးနှင့် ရုပ်ရှင် အနုပညာ လုပ်ငန်းတစ်ရပ်လုံးအတွက် ညှိနှိုင်းပေါင်းစပ်ကာ အကြံဉာဏ်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရန် ဖြစ်ပါကြောင်း။

ရုပ်ရှင်လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ကဏ္ဍအသီးသီးတွင် ညီညွတ်မျှတရန် လိုအပ်ပါကြောင်း၊ ယနေ့ ဆွေးနွေးမှုများအပေါ် အမြင်မတူညီမှုများကို တွေ့ရပါကြောင်း၊ အစည်းအဝေး ကျင်းပသည့် ရည်ရွယ်ချက်မှာ ပြောခဲ့သည့်အတိုင်း ရုပ်ရှင်ရုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသမှုစနစ် ပိုမိုကောင်းမွန်ရေး အဓိကဖြစ်ပါကြောင်း၊ အဓိကရည်ရွယ်ချက်သည် မြန်မာ့ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဖြစ်ပါကြောင်း၊ ရုပ်ရှင်လုပ်ငန်းတွင် ပါဝင်သည့် ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များ၊ အနုပညာရှင်များ၊ ထုတ်လုပ်သူများ၊ ရုံတင်သည့်လုပ်ငန်းရှင်များ ရှိပါကြောင်း၊ အားလုံး အဆင်ပြေညီညွတ်ရန် လိုပါကြောင်း၊ ကဏ္ဍတစ်ခုတည်းက ကောင်းမွန်ပြီး ကျန်သည့်ကဏ္ဍများ မကောင်းမွန်ပါက ရည်ရှည်မတည်တံ့နိုင်ပါကြောင်း၊ အားလုံး မျှမျှတတ ရှိရန်လိုပါကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် အသီးသီးပြောဆိုမှုများမှ ပြဿနာကို ရွေးချယ်ရာတွင် အနည်းငယ် မတူညီများ ရှိပါကြောင်း၊ ရုံတင်ပြသမှုတွင် နှစ်ရှည်လများ ကြာရှည်နေသည့်ဇာတ်ကားများ ပြသနိုင်ရေး ထုတ်လုပ်သူများဘက်က အရေးကြီးသလို သရုပ်ဆောင်များအတွက်ပါ သက်ရောက်မှုရှိနေမှုကြောင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးအနေဖြင့် ရုပ်ရှင်လောကသားများအကျိုးကို တွက်ဆပြီး မြန်မြန်ဆန်ဆန် ပြသခွင့်ရမည်ဆိုသည့် ရှုထောင့်မှ စဉ်းစားသည်ဟု မြင်ပါကြောင်း၊ ရုပ်ရှင်ထုတ်လုပ် သူများဘက်ကလည်း အရည်အသွေးပြည့်မီသည့် ဇာတ်ကားများကိုသာ ထုတ်လုပ်စေလိုပါကြောင်း၊ ရုပ်ရှင်ရုံပိုင်ရှင်များဘက်ကလည်း အရည်အသွေးပြည့်မီသည့် ပရိသတ်ကြိုက်မည့် ဇာတ်ကားများကိုသာ ပြသလိုကြပါကြောင်း၊ လက်ရှိပြသနာများအား စည်းမျဉ်းစည်းကမ်းများ၊ ခေတ်စနစ်များနှင့်အညီ အများလက်ခံသည့် အနေအထားရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း၊ လုပ်ငန်းတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချိန်ဆဆောင်ရွက်စေလိုပါကြောင်း၊ ယနေ့ဆွေး နွေးပွဲများမှ တစ်ဆင့်ရလဒ်ကောင်းများ အသင့်အတင့် ရပါကြောင်း၊ ထိရောက်သည့် အကြံဉာဏ်များ ပေးခြင်းဖြင့် လုပ်ငန်း အလွှာအသီးသီး အကျိုးစိးပွားအတွက် ပိုမို အဆင်ပြေမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မြန်မာရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုအခြေအနေကို ရုပ်ရှင်ရုံများ ဖွံ့ဖြိုးတိုးတက်လာမှု၊ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှု၊ မြန်မာရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသမှုစနစ် ပြောင်းလဲလာမှုနှင့် ရုပ်ရှင်ရုံများ တည်ဆောက်မှု၊ ရုပ်ရှင်ထုတ်လုပ်မှုနှင့် ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသမှု စနစ်အပေါ် စိစစ်တွေ့ရှိချက်များကို ရှင်းလင်းတင်ပြသည်။

 

mdn

 

ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကလည်း ရုပ်ရှင်ရုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသမှုစနစ် ပိုမိုကောင်းမွန်ရေးအတွက် ရှင်းလင်းဆွေးနွေးသည်။

 

mdn

 

ဆက်လက်၍ ရုပ်ရှင်ရုံပိုင်ရှင်များနှင့် ရုပ်ရှင်ထုတ်လုပ်သူများက ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသမှုစနစ် ပိုမိုကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေမှု၊ တွေ့ကြုံရသော အခြေအနေများနှင့် အကြံပြုချက်များကို ဆွေးနွေးပြောကြားကြသည်။

ယနေ့အစည်းအဝေးမှ ဆွေးနွေးချက်များကိုစုစည်းပြီး ထပ်မံအစည်းအဝေးများ ကျင်းပပြုလုပ်၍ ပိုမိုကောင်းမွန်သည့် စနစ်တစ်ခုချမှတ်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းတွင် ရုပ်ရှင်ရုံ (၁၄၄) ရုံနှင့် ရုပ်ရှင်ပိတ်ကား (၁၆၅) ကားအထိ တိုးတက်လာသကဲ့သို့ ရုပ်ရှင်ရုံများ ပိုမိုဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသမှုတွင်လည်း ၂၀၁၈ ခုနှစ်တွင် ရုပ်ရှင်ဇာတ်ကား (၈၃)ကားနှင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့အထိ ရုပ်ရှင်ဇာတ်ကား (၅၃) ကား ရုံတင်လာနိုင်သကဲ့သို့ ဆက်လက်ရုံတင်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုများအရ ၁၉၆၂ ခုနှစ်က ရုံတင်ပြသမှု စံချိန်တင်ခဲ့သည့် (၉၅) ကားထက် ကျော်လွန်လာနိုင်ကြောင်း၊

သို့ရာတွင် ၂၀၁၆  ခုနှစ်မှ ယနေ့အထိ ရုပ်ရှင်ဇာတ်ကား (၂၃၉) ကားပြသရန် ကျန်ရှိနေ သေးကြောင်း၊ ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများတွင် အရည်အသွေးရှိသည့် ရုပ်ရှင် ဇာတ်ကားကောင်းများ ပါဝင်လာသကဲ့သို့ ရုပ်ရှင်ရိုက်ကူးထားချိန်နှင့် အချိန်ကွာဟမှု များစွာမရှိဘဲ ပြသနိုင်မှုများလည်း ပါဝင်လာကြောင်း၊ ရုပ်ရှင်ဇာတ်ကားကောင်းများ အရည်အသွေး မြင့်မားလာစေရေးအတွက် ယှဉ်ပြိုင်ကြိုးစားမှုများရှိလာကြောင်း၊ ရုပ်ရှင်ပြသမှုတွင် Film စနစ်မှ Digital စနစ်သို့ ပြောင်းလဲခဲ့မှုကြောင့် နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ဇာတ်ကားများ တစ်ချိန်တည်း တစ်ပြိုင်တည်းတွင်ရုံတင် ပြသလာနိုင်မှုနှင့်အတူ ရုပ်သံစနစ်နှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာကြောင်းယနေ့ အစည်းအဝေးမှ သိရသည်။

ထို့ပြင် မြန်မာရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (Film Development Center-FDC) ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီးအလုပ်ရုံဆွေးနွေးပွဲများ၊ Film Analysis ပြုလုပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရုပ်ရှင်စတူဒီယိုအဆောက် အဦ (၃)လုံးကို ပြုပြင်မွမ်းမံပေးခဲ့ပြီး ၎င်းတွင် ရိုက်ကူးမှုများအပေါ် ငှားရမ်းခကို သက်သာသော နှုန်းထားဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ပြည်ပမှ ရုပ်ရှင်ရိုက်ကူးမှုများအပေါ် ရုပ်ရှင်ရိုက်ကွင်းနေရာ ကြေးများကိုလည်းသာမန်နှင့် စီးပွားဖြစ် ခွဲခြားပြီးယခင်ကငွေကျပ် ၅ သိန်းမှ ငွေကျပ် သိန်း ၂၀ အထိကောက်ခံခဲ့ရာမှ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ငွေကျပ် ၁ သိန်းနှုန်းသို့ လျှော့ချ၍ ဖြေလျော့ပေးသကဲ့သို့ ရိုက်ကူးရက် နှုန်းထားခကိုလည်းယခင် ကငွေကျပ် ၁ သိန်းနှုန်းဖြင့် ကောက်ခံခဲ့ရာမှ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ကောက်ခံမှု မပြုတော့ဘဲကင်းလွတ်ခွင့်ပေးခဲ့ရာယခုအခါ ပြည်ပမှရုပ်ရှင်၊ ရုပ်သံနှင့်မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုများ ပိုမိုတိုးတက်လာနေကြောင်း၊ နေပြည်တော်ရှိ ရိုက်ကွင်းနေရာများအပါအဝင် ဌာနဆိုင်ရာများနှင့် သက်ဆိုင်သော ရိုက်ကွင်းများတွင် အသုံးပြုရိုက်ကူးလိုမှုများအတွက်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ 

သတင်းစဉ်