ရုပ်ရှင်ရာပြည့် သမိုင်းထဲက သက်ဝင်နိုးထလာသော ကျွန်တော့်အကြိုက်ဇာတ်လိုက်များ

ခင်မောင်ထွေး

ဆရာသော်တာဆွေ၏ “ကျွန်တော့်ဘဝဇာတ်ကြောင်း - ၂’’ မှ ...
“ဒီမှာ ဦးကျော်၊ ခင်ဗျား စာပေနယ်မှာ အောင်မြင်နေပြီ။ စာဖတ်သူတွေ အတွက် လစဉ်မပြတ် အကျိုးပြုနေပြီ။ သို့သော် တိုင်းပြည်မှာ ဘယ်လိုလူမျိုး တွေအတွက် ကျန်နေသေးလဲ၊ ခင်ဗျား စဉ်းစားစမ်း”


ဒီနေရာမျိုးမှာ ဦးကျော်ကတော့ ဘာမျှမပြော။ နားထောင်ရုံ သက်သက် ပင်။ သည်တော့မှ ဆရာတင့်တယ်က သူ၏ပြူးကျယ်သော မျက်လုံးကြီးကို ဖြဲလိုက်ပြီး သူ့စကားကိုဆက်၏။

 

hahs


“စာမတတ်လို့ စာမဖတ်နိုင်တဲ့လူတွေ၊ စာတတ်သော်လည်း စာဖတ် ဝါသနာ မပါတဲ့လူတွေ၊ စာပေကို မြတ်နိုးရမှန်းမသိတဲ့ ဆေးလိပ်ခုံ၊ စက်ချုပ်ရုံ က မိန်းကလေးတွေ၊ ဆိုက်ကားသမားတွေ၊ ခေါင်းရွက် ဗျပ်ထိုးဈေးသည်တွေ သူတို့ကို ကျွန်တော်တို့က ဥပေက္ခာထားလို့ မဖြစ်သေးဘူး။ သူတို့အတွက် အသိပညာကို ကျွန်တော်တို့ ဘယ်လိုပေးမလဲ”


ဆရာတင့်တယ်သည် သူ့စကားကိုရပ်ပြန်ကာ ကျွန်တော်တို့အား မေးခွန်း ထုတ်သည့်သဘောနှင့် သူ့မျက်လုံးပြဲကြီးကို ဝိုင်းဝိုင်းလှည့်ကြည့်သည်။ ကျွန်တော်ကလည်း ရုတ်တရက် စိတ်ကူးရသည်နှင့် ...
“လော်စပီကာနဲ့ စာဖတ်ပြမယ်”


သည်တော့ ဆရာတင့်တယ်သည် ကျွန်တော့်ဘက် ဖျတ်ခနဲ မျက်စောင်း ထိုးကြည့်ပြီး “မောင်ဆွေ၊ တိတ်တိတ်နေစမ်း”ဟု ပြောပြီးမှ ဦးကျော်ဘက် လှည့်၍ “ရုပ်ရှင်ဗျ ရုပ်ရှင်၊ ရုပ်ရှင်နဲ့ သူတို့ကို ကျုပ်တို့ ပညာပေးရမယ်”


ယင်းသည် ဆရာတင့်တယ်၏ စိတ်ကူးယဉ် စေတနာ ဖြစ်ပါလိမ့်မည်။ ဤသို့ဖြင့် သူတို့သည် ရုပ်ရှင်ရိုက်ရန် ဆုံးဖြတ်ချက်ချလိုက်ကြလေ၏။


ဤသည်မှာ ဆရာသော်တာဆွေ၏ “ကျွန်တော့်ဘဝဇာတ်ကြောင်း - ၂’’ ပါ ကျွန်တော်အမှတ်ရနေမိသည့် ဝတ္ထုဇာတ်လမ်းပါ အကြောင်းအရာတစ်ခု ဖြစ်လေသည်။ မှန်ပါသည်။ အခြေခံလူထုလူတန်းစားတို့အတွက် အပန်းဖြေရာ က ရုပ်ရှင်ရုံများဖြစ်သလို ရုပ်ရှင်ပညာရှင်ကြီးများဘက်ကလည်း လူ့သဘော၊ လူ့မနော၊ လူ့ဘဝဇာတ်ခုံပေါ်က ဖြစ်လေ့ဖြစ်ထရှိသော ဇာတ်လမ်းစုံကို အားကျအတုယူဖွယ်၊ သင်ခန်းစာယူဖွယ်များအား ပညာပေးရာတွင် ရုပ်ရှင် သည် အလွန်အစွမ်းထက်သော ဆက်သွယ်ရေးလမ်းမကြီးတစ်ခုဟုပင် ဆိုနိုင်သည်။

 


အစဉ်အမြဲသွားရောက်


ကျွန်တော်တို့ ငယ်စဉ် ၁၉၇၀ နှင့် ၁၉၈၀ ကျော်လွန်နှစ်များက ဆိုပါလျှင် ဖျော်ဖြေရေးကဏ္ဍအဖြစ် စာပေနှင့်ရုပ်ရှင်၊ ရပ်ကွက်စာအုပ် အငှားဆိုင်များနှင့် ရန်ကုန်မြို့က ရုပ်ရှင်ရုံများသာရှိသည်။


ယခု အသက် ၉၀ ကျော် အမေသည် ထိုအချိန်က ပျိုမျစ်နုနယ်တုန်း၊ ကျွန်တော်သည်လည်း မူလတန်း၊ အလယ်တန်းရောက်ကလေးမျှသာ။ ထိုအခါ အမေနှင့် ကျွန်တော်တို့မောင်နှမ သုံးယောက်သည် ကျောင်းပိတ်ရက်တိုင်း ရုပ်ရှင်ရုံများသို့ အစဉ်အမြဲ သွားရောက်လေ့ရှိတတ်သည်။ မြို့လယ်ရုပ်ရှင်ရုံ များသာမက မြေနီကုန်း စမ်းချောင်းရှိ ရွှေမန်းရုံ၊ တာမွေက မရိုးဆန်းနှင့် ရွှေဗဟိုရ်ရုံများပင် မကျန်။ ထို့နောက်ပိုင်းတွင်မူ ရန်ကုန်မြို့လယ်ရုပ်ရှင်ရုံ များတွင် ရုံမတင်မီ မြန်မာဇာတ်ကားများကို ဦးဦးဖျားဖျား ရုံတင်ပြသရာ မင်္ဂလာဒုံမြို့နယ်ရှိ တိုင်းခန်းမဆောင်သို့ပင် မြို့ပတ်ရထားစီး၍ တကူးတက သွားရောက်ကြည့်ရှုပါတော့သည်။ ထိုခေတ် မင်္ဂလာဒုံ တိုင်းခန်းမဆောင်၏ အနိမ့်ဆုံးရုံဝင်ခက ပြား ၃၀၊ ပြား ၄၀ တန်း။


မှတ်မိသေးသည်။ တိုင်းခန်းမဆောင်က အပြန်ဆိုလျှင် သုဝဏ္ဏမြို့သစ် နေအိမ်သို့ နံပါတ်(၉) ရိန်ဂျားကား၊ ထို့နောက် အလယ်က သံဆန်ခါခြား၍ ယောက်ျား၊ မိန်းမ ခွဲစီးရသော ဘီအမ်ဟီးနိုးကားများ စီးလေ့ရှိသည်။ တစ်ခါတစ်ရံ ကျွန်တော်တို့စီးလာသော ဘတ်စ်ကားမှာ တစ်ဖက်ယာဉ်ကြောမှ ကားတန်း တစ်ခုလာလျှင် လမ်းဘေးချရပ်ပေးရ၍ အမေ့ကိုမေးလျှင် “လူကြီး ကားလာ လို့”ဟု ပြောပြပါသည်။ မူလတန်းကလေးမျှဖြစ်၍ သိပ်နားမလည်ပါ။ နောက်ပိုင်းမှ လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်း ဂေါက်သွားရိုက်သည်နှင့်ဆုံလျှင် လမ်းပေါ်ရှိကားများ လမ်းဘေးချရပ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။


အမေသည် ရုပ်ရှင်ကြည့်ရာတွင် ခံစားမှု နှလုံးကြီးသူပီပီ လွမ်းခန်းရောက် လျှင် မျက်ရည်များ စီးကျပြီး အသံတိတ် ငိုလေ့ရှိသည်။ မှတ်မှတ်ရရ။ လင်းထင်၊ ဦးကျောက်လုံးတို့ ပါဝင်သော ဘယ်ပန်းချီရေးလို့မမီ၊ ညွန့်ဝင်း၊ ခင်ယုမေ၊ ချိုပြုံးတို့ ပါဝင်သော ရွှေခြည်ငွေခြည်တန်းပါလို့ ဇာတ်ကားများကြည့်ရာတွင် အမေ ငိုပါတော့သည်။
ထိုအခါ အမေ့ပေါင်ပေါ်တွင် ထိုင်ကြည့်လေ့ရှိသည့် ကျွန်တော်က “ဘာလို့ ငိုတာလဲ”ဟု မေးလျှင် အမေက မျက်ရည်တွေကြားထဲက ရှက်ကိုးရှက်ကန်း ရယ်ရင်း “သနားလို့”ဟု ဆိုတတ်သည်။ နောက်ပိုင်းတွင် ရုပ်ရှင်အပေါ် ခံစားမှု အပြည့်ဖြင့် ကျွန်တော်လည်း အမေနှင့်အပြိုင် မျက်ရည်ကျပြီး ငိုတတ်လာတော့ သည်။ သို့သော် အလွတ်တော့ မငိုပါ။ ဗိုက်နာသည်၊ ခေါင်းကိုက်သည် ကူလီကူမာ အကြောင်းပြပြီးမှ ရောချငိုပါသည်။
အမေနှင့်အတူကြည့်ခဲ့ရသည့် မြန်မာ့ရုပ်ရှင်ဇာတ်ကားများကလည်း အများသား။ ဆိုရလျှင် ထိုခေတ်က ကားသစ်တင်တိုင်း အမေနှင့် အပတ်စဉ်လိုလို ကြည့်ဖြစ်ပါသည်။

 


အမှတ်တရဇာတ်ကားများ


မှတ်မှတ်ရရ စိန်မြင့်၊ အောင်ထွန်းလေးတို့၏ အဖေတစ်ခု သားတစ်ခု၊ ညွန့်ဝင်း၏ ငှက်ခါး၊ ပန်းတွေနဲ့ဝေ၊ ရွှေဘ၏ ဇွဲ၊ ဝင်းဦး၏ ချစ်သူရွေးမယ် ချစ်ဝဲလယ်၊ ဆောင်းအိပ်မက် … စသည်ဖြင့်။ ကျွန်တော့်အကြိုက် ဇာတ်လိုက် တစ်ဦး ဖြစ်သည့် ကိုကျော်(ကျော်ဟိန်း)၏ ဇာတ်ကားများကိုတော့ အများအပြား ကြည့်ရှုခဲ့ သည်ဟု ဆိုနိုင်သည်။ ဇော်ဝမ်းနှင့်တွဲဖက်ရိုက်ကူးခဲ့သော တို့နှစ်ယောက် နှင့် မိငြိမ်းချမ်း၊ ပတ်ဝန်းကျင်ကို စိန်ခေါ်သည် ဇာတ်ကားများမှအစ နှလုံးသားနှင့် စစ်တာဝန်၊ တစ်ခါက တစ်ဘ၀၊ တေဇာ၊ စိမ်းနဲ့တေဇာ၊ အင်းလေးမှာ ရွာတဲ့မိုး၊ မောင့်အချစ်သီရိ၊ ကျီးယောင်ဆောင်သောဒေါင်း၊ လွမ်းနေမယ် မမ၊ အကာကအချစ် အနှစ်ကမေတ္တာ၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး စသည် စသည်ဖြင့်။ အသက် ၁၄၊ ၁၅ နှစ်အရွယ်ရောက်တော့ တာမွေ ရွှေဗဟိုရ်ရုပ်ရှင်ရုံမှာ တစ်ဦးတည်းသွားကြည့်ဖြစ်သည်က ကာတွန်း သော်က၏ အရိုင်းဇာတ်ကောင်ကို ကျော်ဟိန်းသရုပ်ဆောင်ထားသည့် မိုးကြိုသည့် ပန်း နှင့် အမိမြေမှ သားကောင်းများ။ တကယ့် အမှတ်တရပင်။


ဤသို့ဖြင့် ကျွန်တော်တို့ချစ်သော မြန်မာ့ရုပ်ရှင်သည် လာမည့် ၂၀၂၀ တွင် နှစ် (၁၀၀) ပင်ပြည့်လာတော့မည်။ ထိုသောအခါ ကျွန်တော့်အကြိုက် ဇာတ်လိုက် များဖြစ်သော ဝင်းဦး၊ ညွန့်ဝင်း၊ ကျော်ဟိန်း၊ ဇော်ဝမ်း၊ လင်းထင်၊ ကောလိပ်ဂျင် နေဝင်း၊ သမန်းကျား ကိုမြင့်နှင့် သမန်းကျားအုပ်စု၊ သာဓုနှင့် မောင်ဝဏ္ဏ၊ သုမောင် သားအဖ တို့၏ သာဓုသဘာဝအုပ်စု၊ ဖိုးပါကြီး၊ ဒေါ်စိန်ခင်၊ မြင့်ဖေ၊ သန်းဖေလေး စသည့် ခေတ်ပြိုင်ဇာတ်လိုက်၊ ဇာတ်ရံများ။ ခင်သန်းနု၊ ခင်ယုမေ၊ ဝါဝါဝင်းရွှေ၊ ချိုပြုံး၊ ခင်သီတာထွန်း၊ ဆွေဇင်ထိုက်စသည့် ခေါင်းဆောင်မင်းသမီးများသည် မြန်မာ့ရုပ်ရှင် ရာပြည့်အခါသမယနီးကပ်လာသည်နှင့်အမျှ တစ်ဖန်လူးလွန့်နိုးထ သက်ဝင်လာပါတော့သည်။

 


အမြဲနုပျိုနေဆဲ


ဤနေရာတွင် ဝါရင့်ရုပ်ရှင်အနုပညာရှင်ကြီးများကို နာမည်ရှေ့တွင် ဦး၊ ကို မတပ်ရခြင်းမှာ ပရိသတ်များသည် သူတို့ချစ်သော၊ သူတို့မြတ်နိုးသော အနုပညာရှင်များကို နာမည်ရင်းအတိုင်း တုံးတိတိ အားရပါးရ ခေါ်ရမှသာ ကျေနပ်တတ်သည့် သဘောသဘာဝရှိသည်။ တစ်နည်းဆိုရလျှင် ရင်းနှီး သောသဘောသာမက သူတို့ချစ်သော အနုပညာရှင်များသည် သူတို့နှလုံးသား ထဲတွင် အမြဲနုပျိုနေဆဲဟု ထင်မြင်နေ၍ဖြစ်သည်။


အနုပညာရှင်များကလည်း ပရိသတ်များ ထိုသို့တစ်တစ်ခွခွ အားရပါးရ ခေါ်သည်ကို အားရကျေနပ်လေ့ရှိတတ်ပါသည်။ ဥပမာအားဖြင့် ပွဲဦးထွက် ဇာတ်ကားဖြင့်ပင် အကယ်ဒမီဒါရိုက်တာဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ဆရာကြီး သာဓုဆိုပါလျှင် ပရိသတ်များက သာဓုဟု ရင်းရင်းနှီးနှီးခေါ်လျှင် အလွန် သဘောကျလေ့ရှိ၏။


တစ်ရက်တွင် ဆရာကြီးသာဓုနှင့် သုမောင်တို့ သားအဖနှစ်ဦး ကားပြင် သွားစဉ် ဆရာကြီးနှင့် အရွယ် မတိမ်းမယိမ်း မူလမဆွကပင် ရင်းနှီးသူတစ်ဦးက “သာဓု” ဟု လှမ်းခေါ်သည်ကို သားဖြစ်သူ သုမောင်က မကျေမနပ်ဖြစ်သွားစဉ် “သာဓုလို့ ခေါ်ပါစေ။ ငါ ကိုယ်တိုင် သူတို့ကို ဒီလိုခေါ်ဖို့ လက်ဖက်ရည်နဲ့ ဆေးလိပ်တိုက်ပြီး ပြောထားတာ”ဟု ဆရာကြီးသာဓုက ဆိုခဲ့သည်ကို ဆရာ သုမောင်၏ “ကွမ်းစကား” ဆောင်းပါး အတွဲများတွင် ဖတ်ခဲ့ဖူးပါသည်။
သို့အတွက် ကျွန်တော်သည်လည်း များသောအားဖြင့် ရုပ်ရှင်အနုပညာရှင် ကြီးငယ်အလတ်မရွေးကို ရင်းနှီးမှုအပြည့်ဖြင့် နာမည်အရင်းအတိုင်း တုံးတိ ခေါ်ဝေါ်တတ်ပါသည်။ ချစ်ခင်ရင်းနှီးမှုနှင့်အတူ ရုပ်သံလွှင့်ဌာနများက ယခု မကြာခဏ ပြန်လည်ထုတ်လွှင့်ပြသလေ့ရှိသော အကာကအချစ် အနှစ်က မေတ္တာ၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ သင်္ကြန်မိုး ဇာတ်ကားများ အပါအဝင် မိမိနှစ်သက်ရာ မြန်မာ့ရုပ်ရှင်ဇာတ်ကားများကို မလွတ်တမ်း ပြန်လည်ကြည့်ရှုအားပေးလေ့ရှိသည်။


ထိုသောအခါ ကျွန်တော့်ဘေးက ဇနီးသည်က သူ့အကြိုက် ကိုရီးယား ဇာတ်လမ်းတွဲများ မကြည့်ရ၍ မခို့တရို့အပြုံးဖြင့် “မြန်မာကားတွေ တော်တော် ကြိုက်တယ်နော်”ဟု မထိတထိ ကလိတတ်ပါသည်။
မြန်မာ့ရုပ်ရှင်ကို ကျွန်တော် မည်မျှ ချစ်မြတ်နိုးကြောင်း သူမှ မသိဘဲ ကိုး။ ။