ရုပ်ရှင်နှစ် (၁၀၀) ဆိုတဲ့ သက်တမ်းက အလွန်ရှည်တယ်။ ဒီကြားထဲမှာ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကလည်း အများကြီးပဲ ( ဒေါ်မိမိခိုင် အမှုဆောင်အရာရှိချုပ် ၊JCGV Cinema)

တွေ့ဆုံမေးမြန်း - ရီရီမြင့် ဓာတ်ပုံ - ဇော်မင်းလတ်

 

mdn

ဒေါ်မိမိခိုင် အမှုဆောင်အရာရှိချုပ် (JCGV Cinema)

ရုပ်ရှင်ကဏ္ဍ တိုးတက်လာဖို့အတွက် ထုတ်လုပ်ရေး၊ အတတ်ပညာရှင်၊ အနုပညာ ရှင်တွေအားလုံးက အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်နေပြီး ရုပ်ရှင်ရုံတွေ အနေနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ အနုပညာ လက်ရာတွေကို အများပြည်သူတွေလက်ထဲ ရောက်အောင်ချပြလို့ရမယ့် ပြတင်းပေါက် တစ်ခုဖြစ်တဲ့အတွက် မရှိမဖြစ် ကဏ္ဍတစ်ခုလို့ ခံယူထားပါတယ်။

အနုပညာလက်ရာတွေကနေ ပေးချင်တဲ့ အကြောင်းအရာ၊ အချက်အလက် အတွေးအခေါ်တွေသာမကဘဲ တိုင်းပြည်တစ်ခုရဲ့ ယဉ်ကျေးမှု၊ တိုင်းပြည်ကို Promote လုပ်ချင်တာတွေ အားလုံးကို ပြည်တွင်းသာမက ပြည်ပရှိ အများပြည်သူတွေကို ရုပ်ရှင်ရုံတွေကနေ ချပြလို့ရတာဖြစ်တဲ့ အတွက် ပြည်သူတွေအတွက်သာမက တိုင်းပြည်အတွက် အကျိုးပြုနေတဲ့ လုပ်ငန်းတစ်ခုပါလို့ ပြောချင်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ရုပ်ရှင်ရုံအရေအတွက် အလွန်ကိုနည်းပါးနေပါသေးတယ်။ မြေဈေးတွေကြီးတယ်။ ဆောက်လုပ်ရေး စရိတ်တွေမြင့်မားတဲ့အတွက် အရည်အသွေးမီတဲ့ ရုပ်ရှင်ရုံတွေပေါ်ထွက်လာဖို့ အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။ JCGV ရုပ်ရှင်ရုံတွေရဲ့ အားသာချက် တွေကတော့ JCGV ရုံတွေက Multi Screen တွေဖြစ်ပြီး Lifestyle Cinema ကို ဖန်တီး ပေးနေတာလို့ ပြောလို့ရပါတယ်။ JCGV ရုပ်ရှင်ရုံတွေက လက်ရှိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ မော်လမြိုင်မြို့တွေမှာ ဖွင့် လှစ်ထားပြီး ရုပ်ရှင်ရုံပေါင်း ကိုးရုံနဲ့ ပိတ်ကား ပေါင်း ၂၈ ခုကို ဖွင့်လှစ်ထားပါတယ်။

စောစောကပြောခဲ့သလိုပဲ JCGV ရုံတွေက Lifestyle Cinema of cu ca00€6800068 တဲ့အတွက် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး Premium Cinema Cine & Foret Cinema တို့ကို ဖွင့်လှစ်နိုင်ခဲ့တဲ့အပြင် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပထမဦးဆုံး Real-Time Online လက်မှတ်ဝယ်ယူနိုင်ဖို့အတွက် Payment Channel မျိုးစုံနှင့် ချိတ်ဆက်ဝန် ဆောင်မှုပေးနိုင်ခဲ့တဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်။ များမကြာမီမှာလည်း JCGV Prepaid Card ကို ထပ်မံမိတ်ဆက် ပေးဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေတာကို ရှေ့ပြေးသတင်းပေးချင်ပါတယ်။

ရုပ်ရှင် နှစ် (၁၀၀)ဆိုတဲ့ သက်တမ်းက အလွန်ရှည်တယ်။ ဒီကြားထဲမှာ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကလည်း အများကြီးပါပဲ။ ကျွန်မတို့တောင် မမီခဲ့တဲ့ အခက်အခဲ တွေရှိခဲ့မှာပါ။ ကျွန်မတို့ကလည်း ဒီအခက်အခဲကို အတွေ့အကြုံယူပြီးတော့ နောက်ပိုင်း ရုပ်ရှင်နဲ့ပတ်သက်တဲ့ နိုင်ငံတကာရဲ့ အတွေ့အကြုံတွေအပေါ်မူတည်ပြီး ရုပ်ရှင်ရုံတွေ ကရော၊ ရုပ်ရှင်လောကသားတွေကရော။ ရုပ်ရှင်အနုပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေက အားလုံးပူးပေါင်းပြီးတော့ ဒီထက်အောင်မြင်အောင် ဆောင် ရွက်နိုင်ဖို့ အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရုပ်ရှင်လောကကြီးက ရုပ်ရှင်ရုံ တစ်ခုတည်းနဲ့ မရဘူး။ ပညာရှင်တွေရော၊ တတ်ကျွမ်းသူတွေရော၊ အနုပညာရှင်တွေရော ပေါင်းစပ်ပြီး အားလုံးစိတ်တူကိုယ်တူ ကြုံတွေ့နေတဲ့ အခက်အခဲတွေကို ဟန်ချက်ညီညီ ဖြေရှင်းပြီးတော့ တိုးတက်အောင် လုပ်ဆောင်သွားဖို့လိုပါတယ်။

 

​​​​​​mdn

ဒေါ်သဲသိမ့်ဝါ မန်နေဂျင်းဒါရိုက်တာ (Mega Ace Cineplex)

ရုပ်ရှင်ရုံတွေ တည်ဆောက်ထားတာ အပိုင်းသုံးပိုင်းရှိတယ်။ နည်းပညာပိုင်းရယ်။ စီးပွားရေးပိုင်းရယ်၊ ဖျော်ဖြေရေးအပိုင်းရယ် အပိုင်းသုံးပိုင်းဖွဲ့စည်းပြီး ရုပ်ရှင်ရုံတစ်ခုကို တည်ဆောက်ထားတယ်။ ရုပ်ရှင်ရုံတစ်ခုရဲ့ နည်းပညာပိုင်းမှာ ပရိုဂျက်တာတွေ၊ စပီကာတွေ စသဖြင့် အရုပ်၊ အသံပေါင်းစည်းပြီးတော့ ရုပ်ရှင်ချစ်ပရိသတ်တွေကို တင်ပြဖို့အတွက် စီစဉ်ထားရတာပေါ့။ လူတွေက အခုနောက်ပိုင်း ဖုန်း၊ လက်တော့ပ်၊ တီဗွီတွေကနေ ရုပ်ရှင်ဇာတ်လမ်းတွေကို ကြည့်လို့ရတယ်။ ဒါပေမယ့် အဲဒီမှာ ကြည့်တဲ့ခံစားချက်နဲ့ ရုပ်ရှင်ရုံမှာ လာကြည့်တဲ့ ခံစားချက်၊ အတွေ့အကြုံ ဒါတွေက ကွာခြားတယ်ပေါ့။

ရုပ်ရှင်ရုံတွေက ရုပ်ရှင်ကိုဖန်တီးထားတဲ့။ အနုပညာရှင်တွေဖန်တီးထားတဲ့ အနုပညာရှင်တွေရဲ့ ပရိသတ်ကိုချပြချင်တဲ့ ရသတွေ၊ ဖန်တီးမှုတွေ၊ ရသအပြည့်အစုံကို ရုပ်ရှင်ရုံတစ်ခုမှာ၊ အဲဒီဖန်သားပြင်ပေါ်မှာ ခံစားလို့ရတယ်။ မြန်မာ့ရုပ်ရှင်ကိုဖန်တီးတဲ့ အနုပညာ ရှင်အားလုံးက သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ချပြနိုင်တယ်ဆိုရင် ရုပ်ရှင်ချစ် ပရိသတ်တွေကလည်း မြန်မာ့ရုပ်ရှင်ကို ပိုမို မြတ်နိုးလာတယ်။ အားပေးနှစ်သက်လာတဲ့ အခါကျတော့ ရုပ်ရှင်ဖန်တီးသူတွေအတွက်လည်း အားတက်လာတယ်။ ပိုပြီး ကောင်းမွန်တဲ့ တင်ဆက်ပြသမှုအပိုင်းပဲဖြစ်ဖြစ်၊ ဇာတ်လမ်း၊ ဇာတ်ညွှန်းအပိုင်းပဲဖြစ်ဖြစ်၊ အသံပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ ဒါတွေကို အာရုံစူးစိုက်ပြီး လုပ်ဆောင်လာကြတယ်။ ဒါတွေကိုလည်း ပရိသတ်တွေက အသိအမှတ်ပြုလာတဲ့အတွက် မြန်မာ့ရုပ်ရှင်ကို အားပေးမှု တွေ အခုနောက်ပိုင်း ပိုများလာတယ်။

မြန်မာ့ရုပ်ရှင်လောက ပိုမိုတိုးတက်လာတယ်။ ရုပ်ရှင်ရုံတွေကဆိုရင် မြန်မာ့ရုပ်ရှင်ကို ဖန်တီးတဲ့ အနုပညာရှင်တွေရဲ့ ပရိသတ် ဆီကိုပို့ပေးတဲ့၊ ချပြပေးတဲ့ ကြားခံနေရာ တစ်ခုအနေနဲ့ ပါဝင်နေရတာဖြစ်တယ်။ ရုပ်ရှင်ရုံနဲ့ ရုပ်ရှင်ဆိုတာက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဖြစ်နေတဲ့အတွက် ရုပ်ရှင်ရုံတွေကလည်း မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ တစ်နေရာက နေရှိနေမယ်လို့ ထင်ပါတယ်။ ။

ရုပ်ရှင်ရုံတွေက ရသမျိုးစုံပါတဲ့ ရုပ်ရှင်ကားအများကြီးကို ပြသရတယ်။ ရသမျိုးစုံပါတဲ့ ရုပ်ရှင်တွေကတစ်ဆင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် အသိပညာလေရသွားမယ်။ နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှုတွေ၊ သမိုင်း အထောက်အထားတွေကို သိရှိလာမယ်။ ဗဟုသုတတွေ ရရှိလာမယ်၊ ကိုယ်မသိသေးတဲ့အရာတွေကို ရုပ်ရှင်တွေကတစ်ဆင့် ပိုမိုသိလာနိုင်မယ်၊ ဒီလိုအကျိုးကျေးဇူးတွေ ရှိလာမယ်။ နောက်တစ်ခုကတော့ ရုပ်ရှင် ကြည့်တဲ့အချိန်မှာ ရုပ်ရှင်အပေါ်မှာပဲ အာရုံ စူးစိုက်တဲ့အတွက် မိမိရဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေ၊ စိုးရိမ်စိတ်တွေ ခဏတာပျောက်သွားတယ်။ စိတ်အပန်းဖြေမှုကို ရလိုက်တယ်။ အခုခေတ်မှာက စိတ်အပန်းဖြေ မှုက အရေးကြီးတယ်။

ကမ္ဘာကြီးက ခေတ်မီပြောင်းလဲတိုး တက်လာတဲ့အတွက် ပြိုင်ဆိုင်မှုတွေများလာတယ်။ အဲဒီအတွက် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်စိတ်တွေရှိလာတဲ့အတွက်ကြောင့် စိတ်အပန်းဖြေပေးဖို့ လိုတယ်။ ဒါမှလည်း ရှေ့ဆက်ပြီး ဆက်ကြိုးစားနိုင်မှာဖြစ်တယ်။ အဲဒါကြောင့် ရုပ်ရှင်ရုံတွေက စိတ်အပန်းဖြေမှုကိုပေးနိုင်တဲ့ နေရာလေးတစ်ခုလည်း ဖြစ်တယ်။ နောက်တစ်ခုက ရုပ်ရှင်ရုံမှာသွားကြည့်ပြီဆိုရင် မိသားစုတွေ၊ သူငယ်ချင်းတွေနဲ ဖြစ်ဖြစ် သွားကြည့်တဲ့အခါ ရင်းနှီးနွေးထွေးမှု ဖြစ်စေတယ်။

ရုပ်ရှင်ရုံတွေအနေနဲ့ကလည်း ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် အဆင်ပြေပြေ ကြည့်နိုင်အောင် သက်သောင့်သက်သာ ကြည့်နိုင်ဖို့ အတွက် တင်ဆက်မှုမျိုးစုံနဲ့ ကြိုးစားဆောင်ရွက်နေတယ်။ မြန်မာ့ရုပ်ရှင်က မြန်မာ နိုင်ငံမှာတင် မဟုတ်တော့ဘဲ တခြားနိုင်ငံတွေမှာပါ ပြသလာနိုင်တယ်။ တခြားနိုင်ငံက သူတွေကလည်း မြန်မာ့ရုပ်ရှင်ကို လက်ခံလာကြတယ်၊ မြတ်နိုးလာကြတယ်။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြလာတယ်။ ဆုတွေပါ ရတဲ့အထိ အဲဒီလိုမျိုး မြန်မာ့ရုပ်ရှင်လောကက ဖြစ်လာတယ်။ ဖွံ့ဖြိုးတိုးတက်လာတယ်။ ရုပ်ရှင်ဖန်တီးတဲ့သူတွေကလည်း ပရိသတ်ကို ချပြနိုင်အောင် ရိုက်ကူးပြီးတော့ ရုပ်ရှင်ရုံတွေဘက်ကလည်း ကြိုးစားပြီး ပြသပေးတယ်။ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားလုံးပေါင်းစည်းပြီး ဘယ်လိုပိုမိုကောင်းမွန်လာအောင် အမြဲတမ်း ဆွေးနွေးတိုင်ပင် နေကြတာဆိုတော့ ဒီထက်ပိုပြီး တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ ။

ကျွန်မတို့ရုပ်ရှင်ရုံတွေအနေနဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး အပါအဝင် နေရာကိုး နေရာမှာ ပိတ်ကားပေါင်း ၂၃ ခု ရှိတယ်။ ရှေ့ဆက်ပြီးတော့ ရုပ်ရှင်ရုံတွေ တိုးချဲ့ဖို့လည်း ရှိပါတယ်။ မြန်မာ့ရုပ်ရှင်လောက တိုးတက်ဖို့ဆိုရင် ရုပ်ရှင်တွေ တိုးတက်ဖို့အပြင် ရုပ်ရှင်ရုံတွေအနေနဲ့လည်း တစ်စိတ်တစ်ပိုင်း ဘယ်လိုမျိုး ပါဝင်ကူညီခွင့်ရမလဲဆိုတာ အမြဲတမ်း အာရုံစူးစိုက်ပြီးလုပ်နေတာ ဖြစ်တဲ့အတွက် ရုပ်ရှင်ရုံတွေ ထပ်မံတိုးချဲ့သွားပြီး တိုးတက်အောင် ပါဝင်သွားဖို့လုပ်နေပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအနေနဲ့ ရုပ်ရှင်ရုံတစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးတွေကို စိစစ်ပေးတယ်။ ဘယ်လိုအရည်အသွေးရှိမှ ရုပ်ရှင်ပြသခွင့်ရမလဲ၊ ရုပ်ရှင်ရုံတွေက ရုပ်ရှင်လိုင်စင် လျှောက်ယူရတာဖြစ်တဲ့အတွက် လိုင်စင်ရမှပဲ ပရိသတ်ကို ပြသခွင့်ရှိတာဖြစ်တယ်။ စက်ပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာ့ရုပ်ရှင် မြှင့်တင်ရေးကနေပြီး အများကြီး လမ်းညွှန်ပေးတယ်။ အထောက်အကူ လုပ်ပေးတယ်။ မြန်မာ့ရုပ်ရှင်က ၁၉၂၀ ပြည့်နှစ်မှာ စတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဆိုရင် နှစ် (၁၀၀) ပြည့်တော့မယ်ဆိုတော့ ဒီလိုအကြာကြီး မြန်မာ့ရုပ်ရှင် ရပ်တည်နိုင် တယ်ဆိုတာ မြန်မာ့ရုပ်ရှင်ကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေ အများကြီးရှိခဲ့လို့ ကျွန်မ ကိုယ်တိုင်ကလည်း မြန်မာ့ရုပ်ရှင်ကို ချစ်မြတ်နိုးတဲ့သူတစ်ဦး ဖြစ်တဲ့အတွက် မြန်မာပြည်သား တစ်ယောက်အနေနဲ့ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)အထိ ရှိနေတာကို ဝမ်းသာဂုဏ်ယူပါတယ်။ ။

ရုပ်ရှင် နှစ် (၁၀၀) ကနေပြီးတော့ နောက်ထပ် နှစ်ပေါင်းများစွာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရော ကမ္ဘာတစ်ဝန်းလုံးမှာ မြန်မာ့ရုပ်ရှင်ကို ဆက်လက်တည်တံ့နေ စေချင်တာပေါ့။ ကျွန်မတို့ ရုပ်ရှင်ရုံတွေအနေ နဲ့ ရုပ်ရှင် နှစ် (၁၀၀) ပြည့်မှာ ရုပ်ရှင်ကား အဟောင်းတွေ၊ သမိုင်းဝင်ဇာတ်ကားတွေ ပြသဖို့ ရုပ်ရှင်လောကသားတွေနဲ့ တိုင်ပင်ပြီ။ ပရိသတ်တွေဆီကို နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အနေနဲ့၊ အမှတ်တရအနေနဲ့ ပြသသွားဖို့ရှိပါတယ်။ ။

ကြေးမုံ