နေပြည်တော်၊ ဇန်နဝါရီ ၂၉

 

ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body -BGB) အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) ကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

တက်ရောက်

 

အစည်းအဝေးသို့  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊  အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး  မြဝတီရုပ်မြင်သံကြား၊  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံလွှင့်ကုမ္ပဏီများမှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။

ဦးစွာ ရုပ်မြင်သံကြားနှင့်  အသံလွှင့်လုပ်ငန်း ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက်နေသည့် ရုပ်သံလွှင့်နှင့် FM  ရေဒီယိုများအနေဖြင့် ထုတ်လွှင့် ဖော်ပြနေမှုများတွင် အမှားအယွင်းမရှိစေရေး၊ အားနည်းချက်မရှိစေရေး သတိထားဆောင်ရွက် ကြစေလိုပါကြောင်း၊  ပြည်သူများ  သိသင့်သိထိုက်သည့် အသိပညာပေး အစီအစဉ်များကို ထည့်သွင်း ထုတ်လွှင့်ပြသ ပေးစေလိုပါကြောင်း၊ နိုင်ငံတော်သို့ ပေးသွင်းရမည့် လှိုင်းနှုန်းငှားရမ်းခများ၊ စက်ပစ္စည်း ငှားရမ်းအသုံးပြုခများ၊ အခွန်အခများကို ဘဏ္ဍာနှစ်မကျော်မီ ကြွေးကျန်မရှိစေရေး ပေးသွင်းကြစေလိုပါ ကြောင်းနှင့်  မိမိတို့နိုင်ငံ၏ယဉ်ကျေးမှုကို ထိခိုက်စေမည့်  ပြသထုတ်လွှင့်မှုများ မပါရှိစေရေး အထူးသတိပြု ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြား သည်။

ထို့နောက် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းကြီးကြပ်မှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ကြီးကြပ်မှုအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ တည်ဆဲဥပဒေများနှင့်အညီ ပူးပေါင်းဆောင်ရွက် နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ပြောကြားသည်။

ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က အကျိုးတူကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး  တာဝန်ရှိသူက ယခင်ပြုလုပ်ခဲ့သည့် BGB အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃) ၏ ဆုံးဖြတ်ချက်များအပေါ်  လိုက်နာ ဆောင်ရွက်ပြီးစီးမှုကို ဖတ်ကြားတင်ပြသည်။

ဆက်လက်၍ စက်မှုဌာနခွဲ၊ စီမံခန့်ခွဲရေးဌာနခွဲနှင့် ဘဏ္ဍာရေးဌာနခွဲ၊ အကျိုးတူပူးပေါင်းလျက်ရှိသည့် ရုပ်သံလွှင့်ကုမ္ပဏီများနှင့် ဖိတ်ကြားထားသည့် ကုမ္ပဏီများက ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်း များကြီးကြပ်မှုအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ အခွန်များကို ဘဏ္ဍာ နှစ်အတွင်း ပေးသွင်းနိုင်ရေး ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ဖြည့်စွက် ဆွေးနွေးပြီး  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်