ရုံးပိတ်ရက်များတွင် ဘုရားဖူးခရီးသွားခြင်းဖြင့်အပန်းဖြေ

ဗန်းမော်  ၁၁  ဖေဖော်ဝါရီ   

 

ကချင်ပြည်နယ် ဗန်းမော်မြို့ ရွှေကျီးနားရပ်ကွက်ရှိ သမိုင်းဝင်အထင်ကရ ရွှေကျီးနား ဘုရားနှင့် အိုက်ခေါတော်ဘုရားတွင် ရုံးပိတ်ရက်၌ ဝန်ထမ်းများနှင့်မိသားစုများ၊ အဝေးမှလာရောက်သည့် ဧည့်သည် ဆွေမျိုးများ၊ ဒေသခံပြည်သူများ၊ ကျောင်းဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူလေးများ စည်ကား သိုက်မြိုက်စွာဖြင့် လာရောက်ဖူးမျှော် လျက်ရှိရာ ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းက ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက သွားရောက်မှတ်တမ်းရယူခဲ့ကြသည်။ 

 

“ ကျွန်မက မန္တလေးရတနာပုံတက္ကသိုလ်က လာတာပါ၊ အမျိုးသားက ဒီဗန်းမော်ကပါ၊ မင်္ဂလာဆောင်ရင်းနဲ့ သူငယ်ချင်းတွေနဲ့ မိဘကို နာမည်ကြီးတဲ့မြစ်ချဉ်ခေါက်ဆွဲလာစားရင်းနဲ့ သမိုင်းဝင်ဘုရားဖူးလိုက်ပို့ပေးတာပါ၊ ဗဟုသုတလည်းရတယ်၊ ရုံးပိတ်ရက်မှာဆိုတော့ အေးအေး ဆေးဆေးအနားယူတာတော့ ပျော်ပါ တယ်” ဟု မန္တလေးရတနာပုံတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ လက်ထောက်ကထိက၊ ဒေါ်သက်ထားအောင်က ပြောကြားသည်။

 

“ဆွေမျိုးတွေက အိမ်မှာ ဘုန်းကြီးဆွမ်းကပ်ဖို့အတွက် လာရင်းနဲ့ ဘုရားဖူးလိုက်ပို့ပေးတာပါ၊ အမျိုးက ကောလင်းဘက်ကပါ၊ မနက်ဆိုတော့ အေးအေးချမ်းချမ်းလေးနဲ့ လိုက်ပို့တာ၊ တစ်ဘက်ခါဘုန်းကြီးဆွမ်း ကပ်မယ်ဆိုတော့ အလုပ်များတော့မှာလေ၊ အဲ့ကြောင့် အရင်လိုက်ပို့ ပေးတာပါ”ဟု ဗန်းမော်မြို့ သာစည်ရပ် ကွက်၊ ဘိုဒူဇာကုန်းမှ မရွှေစင်အောင်က ပြောကြားသည်။“ကျွန်မတို့က ဧည်သည်တွေပါ၊ ဗန်းမော်မှာ ဆွမ်းကပ်ဖို့ရှိလို့ ရောက်လာတာပါ၊ ဒီမြို့ထဲဘုရားလိုက်ဖူးတာပါ၊ တအားပျော်တယ် တန်ခိုးကြီး ဘုရားတွေ ကို ဖူးလာရတာ စိတ်ထဲမှာ တအားကြည်နူးတယ်”  ဟု ဝန်းသိုမြို့နယ်၊ ကျည်ကုန်းကျေးရွာမှ ဒေါ်ဝင်းခင်က ပြောကြားသည်။

 

 

“ညီမတို့ ခရိုင်ရုံးက အစ်မတစ်ယောက်နဲ့ ရုံးပိတ်ရက်မှာ ဘုရားလာဖူးတာပါ၊ ဘုရားလာတဲ့ အတွက်ကြောင့် စိတ်လည်းအပန်းဖြေ တယ်ပေါ့နော်၊ ပြီးတော့ ကုသိုလ်လည်း ရတယ်ပေါ့၊ ရုံးပိတ်ရက်မှ ဘုရားဖူးလာဖြစ်တာပါ ” ဟု ဗန်းမော်မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာ အေးအေးစိမ်းက ပြောကြားသည်။“ ကျွန်မတို့က ဗန်းမော်မြို့နယ် မံဖာကျေးရွာအမကကျောင်းက ဆရာမ(၅)ယောက်နှင့် မူလတန်းကလေး(၁၉)ဦးနဲ့ လာပါတယ်၊ကလေးတွေက မရောက်ဖူးလို့ နယ်မြေဗ  ဟုသုတရအောင် လိုက်ပို့ပေးတာပါ၊ ကလေးတွေပျော်နေတာမြင်တော့ ကျွန်မတို့လည်းပျော်ပါတယ်”ဟု မူလတန်းပြဆရာမ ဒေါ်မျိုးမမထွန်းက ပြောကြားသည်။

 

 

ဗန်းမော်မြို့ ရွှေကျီးနားဘုရားနှင့်အိုက်ခေါတော်ဘုရားသည် သမိုင်းဝင်တန်ခိုးကြီးဘုရား ဖြစ်သဖြင့် ရပ်နီးရပ်ဝေးမှ ဝန်ထမ်းများ၊ ဒေခံပြည်သူများ စည်ကားသိုက်မြိုက်စွာ ဘုရားဖူး၊ တရားထိုင်ခြင်းများ လာရောက်ကြကြောင်း သိရသည်။

 

 

 

(MDN)