ရုန်းကန်ရင်း ဘဝအဓိပ္ပာယ်ရှာနေသူတစ်ဦးနဲ့ တွေ့ဆုံမေးမြန်းခန်း

နေပြည်တော်  ၁၆ ဇန်နဝါရီ

ကျောင်းတက်ဖို့ ကျောင်းစရိတ်ကို ကိုယ်တိုင်ရှာရင်း ပညာသင်ယူခဲ့ပေမယ့် ဘဝပေးအခြေအနေအရ အထက်တန်း ပညာအထိသာ သင်ကြားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ဇွဲမလျှော့ဘဲ ရောက်ရာနိုင်ငံရဲ့  ဘာသာစကားကို ကျွမ်းကျင် တတ်မြောက်လာတဲ့အတွက် ကာယအလုပ်သမားဘဝကနေ၊ ဉာဏ အလုပ်သမားဘဝကို ဆယ်စုနှစ် တစ်ခုအတွင်း ပြောင်းလဲနိုင်သူ ကယားပြည်နယ် ဘားအံမြို့နယ် သာမညကျေးရွာက ကိုချစ် ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ MDN အဖွဲ့သူ အေးနှင်းညိုက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။    မြန်မာပြည်မှာတုန်းက ဘာတွေလုပ်လဲ

ဖြေ။ မြန်မာပြည်မှာတုန်းက ကျပန်းတွေပဲလုပ်တယ်၊ အလုပ်ကအတိကျမရှိပါဘူး။ မြန်မာပြည်မှာ ကျောင်းတက်ဖူးတယ်၊ ကိုးတန်းနဲ့ထွက်ခဲ့တယ်။ နောက်ပြီး နယ်စပ်က ဒုက္ခသည်စခန်းမှာလည်း အင်္ဂလိပ်စာသင်ခဲ့ဖူးတယ်။

မေး။    ထိုင်းကို စရောက်တုန်းက ဘယ်အလုပ်တွေမှာ လုပ်လဲ။ အခုရော ဘာအလုပ် လုပ်ပါသလဲ။

ဖြေ။ ဒုက္ခသည်စခန်းကနေထွက်ပြီး နယ်စပ်မှာတော့ ပုံမှန်အလုပ်သမားတစ်ယောက် အနေနဲ့ပဲ စားသောက်ဆိုင်မှာလုပ်တယ်။ လုပ်ငန်းလုပ်ရင်းနဲ့ အတွေးတစ်ခုဝင်လာတယ်။ ဒီလိုအလုပ်ပဲလုပ်မယ်ဆိုရင် ဘဝတိုးတက်ရာ တိုးတက်ကြောင်းမရှိဘူးပေါ့။ အဲဒီအလုပ်မှာ ပျော်စရာလည်းကောင်းပေမယ့် အဲ့တာကိုမျက်စိမှိတ်ပြီးတော့ ဘန်ကောက်မြို့ကို ထွက်လာတယ်။ ဘန်ကောက်ရောက်တော့ ပထမဆုံးရတဲ့ အလုပ်ကလည်း စားသောက်ဆိုင်မှာပဲ လုပ်ရတယ်။ စားသောက်ဆိုင်မှာဆိုတော့ ထိုင်းစာလည်းမရဘူးပေါ့။ အဲ့အချိန်အတွေး တစ်ခုထပ်ဝင်လာတယ်။ ထိုင်းစကားကိုရအောင်သင်မှပဲ မဟုတ်ရင် မြန်မာပြည်ကိုပြန်ရင် အတတ်ပညာမရှိဘဲ လက်ဗလာဖြစ်နေမယ် ဆိုပြီး နည်းလမ်းတစ်ခုရှာတယ်။ ဒီဖက်မှာ ကျောင်းတစ်ခု တွေ့တယ်၊ အဲ့တာအခွင့်အလမ်းပဲဆိုပြီး ကျောင်းလာအပ်လိုက်တယ်။  အိမ်ကိုပြန်ရောက်တော့ သူဌေးကို ပြောတယ် ကျွန်တော် ကျောင်းတက်ချင်တယ်။ ကျောင်းက တနင်္ဂနွေနေ့ဆိုတော့ တနင်္ဂနွေနေ့ နားချင်တယ်လို့ ပြောတော့ သူဌေးကမရဘူးလို့ပြောတယ်။ ကျွန်တော်စဉ်းစားတာပေါ့ အလုပ်ကိုစွန့်ရင် ကောင်းမလား ကျောင်းကိုစွန့်ရင် ကောင်းမလားပေါ့။ မျက်လုံးစုံမှိတ်ပြီးတော့ အဲဒီအလုပ်ကထွက်ပြီး ကျောင်းကိုတက်ခဲ့ပါတယ်။ ကံကောင်းချင်တော့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရတယ်။ 

အလုပ်လုပ်ရင်း ကျောင်းဆက်တက်တယ်။ ကျောင်းတက်တဲ့ ၄ နှစ်အတွင်းမှာ ထိုင်းစကားလေး ပြောတတ်လာတယ်။ ထိုင်းစာတွေကျွမ်းကျင်လာပြီဆိုတော့ ကိုယ်နဲ့ သင့်တော်တဲ့ အလုပ်တစ်ခုထပ်ရှာတယ်။  အခု စကားပြန်လည်းဟုတ်တယ် ပြန်ကြားရေးလည်းဟုတ်တယ်။ နောက်ပြီးတော့ online ကနေ email လာသမျှကို မြန်မာပြည်သားတွေကို ပြန်ဖြေကြားပေးတာပေါ့။ ဥပမာ ပိုက်ဆံလွှဲတဲ့ကိစ္စတို့ ကျွန်တော်တို့က western union နဲ့ပိုက်ဆံလွှဲတဲ့ မြန်မာပြည်သားတွေကို ဘယ်လိုလုပ်ရမလဲ၊ ဘယ်ကိုသွားရမလဲ၊ နောက်ပြီးတော့ အလုပ်သမားနဲ့ ပက်သတ်တဲ့ကိစ္စ  ဥပမာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းအစိုးရနဲ့ ဆက်သွယ်ဖို့လိုရင် သူက စကားပြန်အဖြစ် လုပ်ဆောင်ပေးတာမျိုးကို အကူညီပေးတယ်။ တစ်နေ့လုံးကိုတော့ အယောက် ၄၀၊ ၅၀ လောက်က ဆက်သွယ်လာလို့ ဖြေကြားပေးရတာမျိုးလည်းရှိပါတယ်။ 

မေး။ အခုကျတော့ စကားပြန်လုပ်နေတာပေါ့။ ထိုင်းနိုင်ငံရောက်စက အလုပ်ကနေ အခုအလုပ်ထိ ပြောင်းလဲလာပုံလေးကို ပြောပြပါအုံး။

ဖြေ။ ကျွန်တော်အရင်တုန်းက မဟာချိုင်မှာလုပ်တုန်းက မနက် ၄ နာရီအလုပ်ဆင်းရတယ်၊ ည ၁၀ နာရီမှအလုပ်ပြီးတယ်။ သူတို့က တစ်ရက် ထိုင်းဘတ်ငွေ ၂၂၀ (၉၂၄၀ ကျပ်) ပေးတယ်။ အဲ့ဒီမှာ ဘန်ကောက်စရောက်တုန်းက စားသောက်ဆိုင်ဆိုတော့ တစ်လကို ထိုင်းဘတ်ငွေ ၆၀ဝ၀ (၂၅၂,ဝ၀ဝ ကျပ်) လောက်ရတယ်။ တတိယ အလုပ်ကတော့ စဝင်ဝင်ချင်း  တစ်လကို ထိုင်းဘတ်ငွေ ၁၂၀ဝ၀ (၅၀၄,ဝ၀ဝ ကျပ်) ရတယ်။ Myanmar Live ကို မပြောင်းခင်တုန်းကတော့ ကိုယ်က ထိုင်းစကားလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်နေပြီဆိုတော့ လစာ တစ်လကို ထိုင်းဘတ်ငွေ ၁၂၀ဝ၀ ရတယ်။ အခု Myanmar Live အလုပ်ကတော့ တစ်လကို ထိုင်းဘတ်ငွေ ၁၈၀ဝ၀ (၇၅၆,ဝ၀ဝ ကျပ်) ရတယ်။

ပထမအလုပ်ကတော့ တော်တော်လေးကို ပင်ပန်းပါတယ်။ မနက် ၄ နာရီထတယ်၊ တခါတလေ ည ၁၂ နာရီမှပြီးတယ်။ စားသောက်ဆိုင်အလုပ်ကတော့ တစ်ရက်ကို ၁၀ နာရီလုပ်ရတယ်။ တတိယအလုပ်ကတော့ တနင်္ဂနွေနေ့ပဲ နားလို့ရတယ်။ ကျန်တဲ့အချိန်တော့ နားလို့မရဘူး။ အခုလက်ရှိအလုပ်မှာတော့ အစိုးရသတ်မှတ်ထားတဲ့ ရုံးပိတ်ရက်တွေမှန်သမျှ အနားပေးတယ်။ နောက် အလုပ်ချိန်ကျတော့လည်း တစ်နေ့ ၈ နာရီပဲလုပ်ရတယ်။

မေး။  ထိုင်းစာသင်ပေးတဲ့ ကျောင်းဆိုတာက ကျောင်းလခတွေ  ပေးရလား ဒါမှမဟုတ် အခမဲ့ သင်ပေးတာလား။

ဖြေ။       ထိုင်းတွေကတော့ အခမဲ့တော့ မရဘူး။ ပိုက်ဆံတော့ပေးရတယ်။ ပေးရတယ်ဆိုပေမယ့်လည်း မများပါဘူး။ ကျွန်တော်က စနေ၊ တနင်္ဂနွေတက်တယ်။ ထိုင်းဘတ်ငွေ  ၂၀ဝ လောက်ပဲပေးရတယ်။ တကယ်လို့ ထိုင်းနိုင်ငံတွင်းမှာ လေ့လာရေးသွားမယ်ဆိုရင် ကိုယ့်ဟာကိုကားခပေးရတယ်။

မေး။    မြန်မာပြည်ဘက်မှာကော မိသားစုရှိလား၊ ကိုယ်ပိုင်မိသားစုကောရှိလား၊ မောင်နှမတွေကောရှိသေးလား။

ဖြေ။ ကျွန်တော် ကရင်ပြည်နယ် သာမညမှာနေတုန်းကတော့ ညီအစ်ကို ၄ ယောက်ရှိတယ်။ ကျွန်တော် ထိုင်းနိုင်ငံရောက်တော့ ညီအစ်ကိုတွေနဲ့ အဆက်သွယ်မရတော့ဘူး။ အခုထက်ထိပဲ။ သူတို့နေတဲ့ နေရာမြို့ကိုတော့ သိတယ်၊ နေရာတော့ အတိကျမသိဘူး။ အစ်ကိုနှစ်ယောက် အိမ်ထောင်တွေကျသွားတယ်။ မိန်းမတွေနဲ့လိုက်နေတယ်။ အစ်ကိုကြီးတစ်ယောက် ကတော့ ကော့ကရိတ်မြို့မှာလို့တော့ သိတယ်။ အခု ထိုင်းနိုင်ငံမှာရောက်လာကတည်းက ညီအစ်ကိုမောင်နှမတွေနဲ့ အဆက်သွယ်မရဘူး။ ကျွန်တော် ထိုင်းနိုင်ငံကို စဝင်လာကတည်းက မိဘတွေကမရှိတော့ဘူး။ ငယ်ငယ်လေးတည်းက ညီအစ်ကိုမောင်နှမတွေနဲ့ မနေရဘူး။ အမေဆုံးသွားပြီးကတည်းက အစ်ကိုတွေက မော်လမြိုင်မှာ ပရဟိတ ကျောင်းတွေမှာနေရင်း အိမ်ထောင်တွေ ကျသွားတယ်။  သူတို့မိန်းမတွေဆီကိုပဲ လိုက်နေကြတယ်။

အဲ့ကတည်း ကျွန်တော်ညီအစ်ကိုတွေနဲ့ ပြန်မဆုံရတာ ၁၄ နှစ်လောက်ရှိပြီ။ ဒုက္ခသည်စခန်းမှာနေတဲ့အချိန်၊ အဲ့အချိန်တုန်းက ဆက်သွယ်ရေးလည်း မကောင်းတော့ အဖေဆုံးသွားတာကိုတောင် မမြင်လိုက်၊ မသိလိုက်ရဘူး။ ကျွန်တော်ငယ်ငယ်တုန်းကဆိုရင် အရမ်းကိုဆင်းရဲတယ်။ သိခါစအရွယ်မှာ ရွာထဲမှာ တိုက်ပွဲဖြစ်လို့ပြောင်းရတယ်။ တိုက်ပွဲပြီးလို့ ရွာကိုပြန်ရောက်တော့ အိမ်လည်းမရှိတော့ဘူး။ ကျွဲ၊ နွားတွေလည်း အကုန်လုံးပျောက်သွားတယ်။ အဲ့ဒီကတည်းကစပြီး မိသားစုဘဝ ပျက်စီးလာတာပေါ့။ အမေလည်းဆုံး၊ အစ်ကိုတွေလည်း သူ့အိမ်ထောင်ရှိတဲ့နေရာမှာနေ။ နောက်ဆုံးအဖေနဲ့ ကျွန်တော် ၂ ယောက်ပဲကျန်ခဲ့တယ်။ 

ကျွန်တော်က စာသင်တာအရမ်းကို ဝါသနာပါတယ်လေ။ ကျွန်တော်ကျောင်းအပ်တာတောင် အဖေက ကျောင်းစရိတ်မပေးနိုင်တဲ့ အနေထားပေါ့။  ကျွန်တော်ကျောင်းစနေတာ အသက် ၆ နှစ်လောက်ရှိပြီ။  အဲ့တာနဲ့ ရသမျှအလုပ်တွေ လုပ်တယ်။ ကလေးဆိုတော့ ဘာအလုပ်မှမရဘူး။ ကျွန်တော်တို့အိမ်ဘေးနားက အမကြီး ကြော်တဲ့အကြော်ကို ကျွန်တော်ကခေါင်းပေါ်ရွက်ပြီး ဈေးရောင်းတယ်။ တစ်ရက်ကို ကျပ်ငွေ ၂၀ ရတယ်။ ကျောင်းတက်တယ်။ အထက်တန်းတက်တယ်။ အဖေနဲ့နှစ်ယောက်တည်းပဲ ကျန်ခဲ့တယ်။ နောက်တော့ ကျွန်တော်နယ်စပ်ကို ဝင်လာတဲ့အချိန် အဖေကနောက်အိမ်ထောင်ပြုလိုက်တယ်။ အဲ့ဒီကနေစပြီး အဖေနဲ့ မတွေ့ရတော့ဘူး။

မေး။      နယ်စပ်ကို စဝင်လာတော့ အသက်ကဘယ်လောက်ရှိသွားပြီလဲ။

ဖြေ။       နယ်စပ်ကိုစဝင်လာတာ အသက် ၁၇ နှစ် ၁၈ နှစ်လောက်ရှိပြီ၊ အခုလက်ရှိအသက်က ၃၀ ပေါ့။

Myanmar Digital News မှ အချိန်ပေးဖြေကြားပေးတဲ့ ကိုချစ် ကို ကျေးဇူးအထူးတင်ပါတယ်။