ရထားနဲ့ ဆက်သွယ်သွားလာရတာက သက်သောင့်သက်သာ ပိုရှိပါတယ်၊ ကုန်ကျစရိတ်သက်သာပြီး ကုန်စည်စီးဆင်းမှု  ပိုမိုမြန်ဆန်ထိရောက်စေတဲ့ အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်

 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားတိုင်း(၆) က လက်ပံ တန်း-သာရဝေါ (၁၉၅) အဆန် လော်ကယ်ရထားနှင့် (၁၉၆) အစုန်လော်ကယ်ရထားများ စက်တင်ဘာ ၁၆ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲခဲ့ရာ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ခရီးသွားပြည်သူများ၏ ရင်တွင်းစကားများကို တွေ့ဆုံမေးမြန်း ထားသည်များ ဖော်ပြလိုက်ပါသည်-

 

mdn

 

ဦးရဲမင်း၊ ရုံပိုင်ကြီး(အထူးတန်း)လက်ပံတန်းဘူတာ

 

ဒေသခံပြည်သူများ သွားလာရေး အခက်အခဲဖြစ်သဖြင့် ရထားပြန်လည် ပြေးဆွဲပေးရန် တောင်းဆိုမှုကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ရထားပြန်လည်ပြေးဆွဲရန် စီစဉ်ခဲ့ပါတယ်။ ၂၂-၇-၂၀၂၂ ရက်နေ့တွင် ဒေသပြည်သူများနှင့် တိုင်းအရာရှိကြီး များတွေ့ဆုံပြီး ရထားပြန်လည်ပြေးဆွဲနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။

 

ရထား ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် လက်ပံတန်း - သာရဝေါ လမ်းပိုင်းတစ်လျှောက်ရှိ ရထားလမ်းဘေးချုံနွယ်များ ရှင်းလင်းခြင်း၊ အန္တရာယ်ရှိသောသစ်ပင်များ ရှင်းလင်းခြင်း၊ ဇလီဖားတုံးများ လဲလှယ်ခြင်း၊ တံတားများ ပြန်လည်ပြုပြင် စိစစ်ခြင်း၊ ရထားတွဲဆိုင်း နှင့် စက်ခေါင်းများ စိစစ်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။

 

လက်ပံတန်း-သာရဝေါ လော်ကယ်ရထားကို စက်တင်ဘာ ၁၆ ရက်မှ စတင်ပြေးဆွဲခဲ့ပါတယ်။ အမှတ် (၁၉၆) အစုန်ခရီးစဉ်အဖြစ် သာရဝေါဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာပြီး လက်ပံတန်းဘူတာသို့ နံနက် ၈ နာရီခွဲတွင် ရောက်ရှိပါတယ်။ အမှတ် (၁၉၅) အဆန်ခရီးစဉ်အဖြစ် နေ့လယ် ၂ နာရီခွဲ မှာ လက်ပံတန်းဘူတာမှ ထွက်ခွာပြီး သာရဝေါဘူတာသို့ ညနေ ၅ နာရီ ပြန်လည်ရောက်ရှိ ညအိပ်ရပ်နားမှာ ဖြစ်ပါတယ်။ တစ်ပတ်ကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များမှာ ပြေးဆွဲ ပေးသွားမှာ ဖြစ်ပါတယ်။

 

လမ်းခရီးဘူတာများ အနေနဲ့ ညောင်ဝိုင်း၊ ကျောက်အိုင်၊ စည်ပင် သာယာ၊ ခမုံဆိပ်၊ မြစ်မခ၊ သံဖြူရုံ၊ ကညင်တို၊ ဇီးဖြူကုန်း၊ ဇီးဖြူကုန်းရွာမ ဘူတာများကို ထွက်ခွာပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။ လော်ကယ်ရထားကို စက်ခေါင်းအမှတ်၊ DF-1631 ၊ ရိုးရိုးတန်း လေးတွဲ၊ ကုန်တွဲ တစ်တွဲနှင့် ဘရိတ် တွဲတစ်တို့ဖြင့် ပြေးဆွဲပေးသွားမှာ ဖြစ်ပါ တယ်။ လက်ပံတန်း-သာရဝေါ ရထား လက်မှတ်ခ နှုန်းထားအနေနဲ့ကတော့ ခရီးသည်တစ်ဦးကို ရိုးရိုးတန်းလက်မှတ်ခ ငွေကျပ် ၂၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

 

လက်ပံတန်း-သာရဝေါ ရထားလမ်း မိုင်က ၂၃ ဒသမ ၅ မိုင် ဝေးပါတယ်။ ဒေသခံပြည်သူများအနေနဲ့ကားဖြင့် ဆက်သွယ်သွားလာရသည်ထက် ရထား နဲ့ ဆက်သွယ်သွားလာရတာက သက် သောင့်သက်သာ ပိုရှိပါတယ်၊ ကုန်ကျ စရိတ်သက်သာပြီး ကုန်စည်စီးဆင်းမှုပိုမို မြန်ဆန်ထိရောက်စေတဲ့ အကျိုးကျေးဇူး များကို ရရှိစေမှာ ဖြစ်ပါတယ်။

 

ခရီးသည်တစ်ဦး (ဇီးဖြူကုန်းရွာမ)

 

ဒီဒေသက ရထားကို အားပြုသွားလာရတာ ဖြစ်တဲ့အတွက် ခုလိုပြေးဆွဲပေးတာကို ဝမ်းသာပါတယ်။ ရထားစီးရတာ တွဲဆိုင်းတွေက သန့်ရှင်းပြီး လေဝင်လေထွက် ကောင်းမွန်တဲ့အတွက် သက်သောင့်သက်သာရှိတယ်၊ လုံခြုံမှုလည်းရှိပါတယ်။ ရထားခရီးစဉ် အချိန်ဇယားနဲ့ လက်မှတ်ခနှုန်းထားတွေကို ဘူတာတိုင်းမှာ အများမြင်သာအောင် ကြော်ငြာပေးစေလိုပါတယ်။ နေ့စဉ်ပြေးဆွဲပေးဖို့နဲ့ ဝင်ငွေတိုးတက် ရရှိရေးသက်ဆိုင်ရာ ဝန်ထမ်းများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးဖို့ အကြံပြုလိုပါတယ်။

 

mdn

 

ဒေါ်မြမြဌေး (ခမုံဆိပ်)

 

ကျွန်မတို့က ရထားကို မျှော်နေတာပါ၊ ရထားမထွက်တဲ့အခါ တစ်ကွေ့တစ်ပတ် အဝေးကြီးကနေလာရတာ ကားနဲ့ဆိုရင် လမ်းစရိတ်က ငါးထောင်ပေးရတယ်၊ ဆိုင်ကယ်ကယ်ရီနဲ့ဆိုရင် တစ်သောင်းနှစ်ထောင်ပေးရတယ်၊ ခမုံဆိပ်ကနေ လက်ပံတန်းကို ရောက်ဖို့ပေါ့။ ဒီရထားထွက်တဲ့အခါကျတော့ အလွန်အဆင်ပြေပါတယ်၊ လူလည်း သက်သောင့်သက်သာရှိပါတယ်။

 

mdn

 

ဦးတင်မောင် (အုတ်ဖို)

 

ခမုံဆိပ်ကို သွားမလို့ပါ။ ဆိုင်ကယ်တို့၊ ကားတို့နဲ့သွားရင် ကြာလည်းကြာတယ်၊ စရိတ်လည်း ပိုကုန်ပါတယ်၊ ဒီရထားဆွဲပေးတော့ စီးရတာ လုံခြုံမှုလည်းရှိတယ်၊ မိုးလုံလေလုံနဲ့ သက်သောင့်သက်သာလည်းရှိတယ်၊ ကုန်ကျ စရိတ်လည်း သက်သာပါတယ်၊ ရထား ပြေးဆွဲပေးတဲ့ မြန်မာ့မီးရထားကိုလည်း ကျေးဇူးတင်ပါတယ်။

 

mdn

 

ဒေါ်တင်တင်စန်း (ခမုံဆိပ်)

 

အရင်တုန်းက ရထားမထွက်တော့ ကားနဲ့သွားရလာရတာ ခရီးစရိတ်လည်း ပိုကုန်ပြီး လူလည်းပင်ပန်းပါတယ်၊ ခုလိုမျိုးရထားထွက်ပေးတော့ ကုန်စည်သယ်ဆောင်ရတာလည်း လွယ်ကူမြန်ဆန်ပြီး အစစအရာရာ အဆင်ပြေ ပါတယ်။

 

တွေ့ဆုံမေးမြန်း - မျိုးမင်းထွန်း (ဦးစီးအရာရှိ)

ဓာတ်ပုံ - လက်ပံတန်း(ပြန်/ဆက်)