ရသစုံစွာ ရုပ်သေးပညာ

ကိုဇော်ဌေး(ယဉ်ကျေးမှု)

၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ပြည့်ဝသောရည်ရွယ်ချက်များဖြင့် ခမ်းနားထည်ဝါစွာ ကျင်းပတော့မည်ဖြစ်သည်။ ထိုပြိုင်ပွဲကြီးတွင် သမိုင်းတင်ခေတ်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သော မြန်မာ့ရုပ်သေးသဘင်လည်း ပါဝင်လာမည်ဟုသိရသည်။ မြန်မာ့ရုပ်သေးကို ရှေးအခါက အမြင့်သဘင်ဟုခေါ်ဆိုခဲ့ကြရာမှ ဘကြီးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၈၃ ခုနှစ် တပေါင်းလဆန်း ၉ ရက်အင်္ဂါနေ့တွင် သဘင်ဝန်ဦးသော်က မြန်မာ့အမြင့်သဘင်ကို ရုပ်သေးဟုခေါ်တွင်စေရမည်ဟု သဘင်စည်းကမ်းကိုထုတ်ပြန်ခဲ့ရာမှ ယနေ့တိုင် မြန်မာ့ရုပ်သေး(ရုပ်သေး)ဟု ခေါ်တွင်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာ့အမြင့်သဘင်

မြန်မာ့အမြင့်သဘင်သည် မြန်မာတို့ အမြတ်တနိုးတန်ဖိုးထားရှိခဲ့သော အနုပညာတစ်ရပ် ဖြစ်သည်။ အနုပညာတစ်ရပ်ဖြစ်ရုံသာမက မြန်မာ့စာပေ၊ မြန်မာ့ပန်းချီ၊ မြန်မာ့ပန်းပု၊ မြန်မာ့အက၊ မြန်မာ့ဂီတ၊ မြန်မာ့ငွေချည်ထိုးအစရှိသော မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာအစဉ်အလာများနှင့် ဆက်နွှယ်လျက်ရှိသည်။ တစ်နည်းအားဖြင့်ဆိုရသော် အမြင့်သဘင်သည် မြန်မာ့ယဉ်ကျေးမှု အနုပညာ စာပေပညာရပ်များ ပေါင်းစည်းတွေ့ဆုံရာ ရပ်ဝန်းတစ်ခုဖြစ်သည်။ ဗုဒ္ဓဘာသာကျမ်းစာများတွင် ရုပ်သေးအကြောင်း ရေးသားဖော်ပြမှုများပါရှိသည်။ ရုပ်သေးကို သက္ကတဘာသာဖြင့် ပုတ္တလ၊ ပုတ္တလတ၊ ပုတ္တလိ၊ ပုတ္တလိတ၊ ပုတ္တိက ဟူ၍ အမျိုးမျိုးခေါ်ဆိုပြီး ပါဠိဘာသာ၌ ပေါတ္တလီကာ ဟူ၍ ခေါ်ဝေါ်ကြောင်းနှင့် အဘိဓမ္မာ ပိဋကတ်၌ ပါရှိကြောင်း ပါဠိ-အင်္ဂလိပ် အဘိဓာန်ပြုစုသူ မစ္စတာ ချီးလ်ဒါးစ်က ဖော်ပြကြောင်း သိရသည်။ ထို့ကြောင့် သက္ကတဘာသာ၊ ပါဠိဘာသာတို့ ထွန်းကားစဉ်ကပင် ရုပ်သေးပေါ်ပေါက်လျက်ရှိပြီးဖြစ်ကြောင်း သိရသည်။

ရုပ်သေးနှင့်စပ်လျဉ်း၍ “ရုပ်သေးအစ၊ ကျုံးသုံးတန်နှင့် ပုဂံက”ဟူသော အဆိုတစ်ရပ်ရှိသည်။ ပုဂံတွင် အဆို၊ အက၊ အတီး၊ ပန်းချီပန်းပု စသော အနုပညာရပ်များ အခြေတကျရှိပြီးဖြစ်သည်။ ရုပ်သေးသဘင် ပေါ်ပေါက်လာစေရန် စိတ်ကူးစိတ်သန်းများ၊ အခြေအနေများရှိနေသည်ဟု လည်းဆိုခဲ့ပြီ။ သို့သော် ရုပ်သေးဟူသည့် စကားတစ်လုံး၊ ပန်းချီတစ်ကွက်၊ ရုပ်လုံးတစ်ခုမျှ ရှာဖွေမတွေ့သေးသည်မှာလည်း စဉ်းစားစရာပင်ဖြစ်သည်။ အစောဆုံးတင်ပြနိုင်သော အထောက်အထားမှာ အင်းဝခေတ် ထူပါရုံဒါယကာ ဘုရင်နရပတိစည်သူပင် ဖြစ်သည်။ သက္ကရာဇ ၈၀၆ ခုနှစ် (ခရစ်နှစ် ၁၄၄၄)တွင် ရေးထိုးသော စစ်ကိုင်း ထူပါရုံစေတီတော်ကျောက်စာ၌ တွေ့ရခြင်းဖြစ်သည်။ ယင်းကျောက်စာကျောဘက် စာကြောင်းရေ ၅၂-၅၅ တွင် ဘုရားသို့လှူဒါန်းသော ပညာရှင်စာရင်း၌-

“ပန်တယာမ သားအမိနှစ်ယောက်၊ ညှင်းသည် ငမောက်ငယ်၊ ညဲအောင်၊ နားကုပ်ငယ်၊ ဖြူ၊ ရွှေဦး၊ စကိုင်းငယ်၊ ကောက်၊ မလှကောက်၊ ပန်တယာ၊ မပုလဲဦး၊ ပန်းငရေဖြင်၊ ငရွှေဦးပင်ပန်၊ ငအောင်၊ ငပျိုင်၊ ငဆွေသင်၊ အရုပ်သည်သျှင်၊ ပညတပေည် ငသုမ်၊ ငစည်၊ ဖြူ၊ တာ၊ အောင်ခိုင်၊ ခင်လှကဲ၊ သူချမ်းသာ၊ တောင်ဖက်သာ၊ အရုပ်သည် ငရွှေဦး၊ ငမြလူ၊ ရသော ပငယ်၊ ရွှေဦး၊ သသောက၊ ငစနေ…..ပညာသည်အပေါင်း ငါးကျိပ်” ဟူ၍ ရေးထိုးထားသည်။ ကျောက်စာအရ “အရုပ်” ဟူသည့် စကားလုံးကို တွေ့ရှိရသည်။ တစ်ဖန် အင်းဝခေတ် ရှင်မဟာရဠသာရ ဖွဲ့ဆိုအပ်သော ဘူရိဒတ်လင်္ကာကြီးတွင်-

“သစ်ပင်သစ်ခက်၊ သစ်ရွက်သစ်ဖျား၊ သစ်ခွကြားဝယ်၊ အလျားအခွေ၊ အထွေထွေဖြင့်၊ အတွေအခဲ၊ တွဲရရွဲလျက်၊ ကြိုးဆွဲငင်ချ၊ အရုပ်ကသို့၊ လျောကတတ်သက်၊ တဖြစ်ရှက်တည့်” ဟူ၍ တွေ့ရှိရသည်။ ကြိုးနှင့်ဆွဲ၍ကသော အရုပ်ကဲ့သို့ဟု ဆိုလိုခြင်းဖြစ်နိုင်သလို အရုပ်ဟူသည့် စကားလုံးကိုလည်း တွေ့ရှိရသည်။ တစ်ဖန် ရှင်မဟာရဠသာရ၏ “သံဝရပျို့”တွင်လည်း “ညဉ့်ခါညဉ့်ခါ၊ ကြည့်ချေရာ ကား၊ လသာပကြိုက်၊ စောင်းညင်းလိုက်၍၊ စရိုက် ခြည်းခြည်း၊ ဖြည်းဖြည်းညင်းညင်း၊ သာချင်းရတု။ ပျော်မှုတသီး၊ ရုပ်ကြီးရုပ်ငယ်၊ မီးဝယ်ကြည့်ပွဲ၊ အံ့အဲ မနိုင်၊ အဆိုင်ဆိုင်လျှင်၊ အတိုင်အခံ၊ အဲထောက်သံနှင့်”ဟူသော ပျို့စာသားပါအရ “ရုပ်ကြီးရုပ်ငယ်” ဟူသည့် ရုပ်သေးရုပ်တို့နှင့် ရုပ်သေးဟူသည့်စကား လုံးတို့ကို တွေ့ရသည်။

သစ်ထွင်းပြုလုပ်သည့်ပညာမှ ပေါ်ထွက်လာ

မြန်မာ့ရုပ်သေးသဘင်တွင် ရုပ်သေးထွင်းခုတ် သည့်ပညာ၊ မြန်မာ့ရုပ်သေး၏ကြိုးဆွဲပညာ၊ ရုပ်သေး ဇာတ်လမ်းဇာတ်ကွက်ပြည့်စုံမှု၊ ပါဝင်သောအရုပ်များကိုခြယ်သမှု စသော အင်အားကြီးမားသည့် ရပ်ဝန်းသည် နေ့ချင်းညချင်း တီထွင်ဖန်တီးရုံဖြင့် ဖြစ်ထွန်းတည်ရှိလာသည့်အနုပညာများ မဟုတ်ပါချေ။ မြန်မာ့ရုပ်သေးရုပ်များကို ထွင်းထုလုပ်သည့် ပညာသည် မြန်မာတို့တွင် ရှေးကပင်ရှိနေသော သစ်ထွင်းပြုလုပ်သည့်ပညာမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ အရုပ်ထုလုပ်ထွင်းခုတ်သည့် ပညာတစ်ရပ်တည်းပင် ဆယ်စုနှစ် နှစ်စုမျှဖြင့် ပေါ်ထွက်လာနိုင်စရာအကြောင်းမရှိနိုင်ချေ။ ကျောက်ဆစ်ပညာ၊ ပန်းပုပညာ၊ ပန်းချီပညာတို့သည်လည်း ဆက်နွှယ်ပတ်သက်နေပြန်သည်။ သို့ကြောင့်ပင် အရုပ်လေးများသည် ဆေးရေးထင်ထင် လှချင်တိုင်း လှနေကြခြင်းဖြစ်သည်။

ထိုအတိုင်းပင် ကြိုးဆွဲပညာ၊ တစ်နည်း ရုပ်သေးအကသည် မြန်မာအကကို ပီပီပြင်ပြင် ဖော်ကျူးကပြနိုင်သည်။ မြန်မာအက၏ အခြေခံသည် စင်းခြင်း၊ မတ်ခြင်း၊ မျဉ်းပြိုင်လှုပ်ရှားခြင်း၊ တစ်ဖြောင့်တည်းရှိခြင်းတို့ဖြစ်သော်လည်း သမ္ဘာနှင့် ဝါတို့ ပြည့်စုံကုံလုံလာပါက ကွေးညွတ်ခြင်း၊ ပျော့ပျောင်းခြင်း၊ နွဲ့ခြင်း၊ ယိမ်းခြင်း၊ နူးညံ့သိမ်မွေ့စွာ လှည့်ပတ်သွားလာခြင်းတို့ကို လွှမ်းခြုံနှစ်သက်လာကြလေသည်။ ထို့ကြောင့်ပင် မြန်မာ့အနုပညာကို နိုင်ငံတကာက ချီးမွမ်းကြလေသည်။ ရုပ်သေးသည် မြန်မာအကအားလုံးကို အသေးအဖွဲမှမကျန် တစ်သားတည်း တစ်ကြောတည်း တစ်ထပ်တည်း ကပြတင်ဆက်နိုင်ပေရာ ချီးမွမ်းမှုနှင့် အံ့ဩမှုတို့ ပေါင်းစပ်ရာ အမြင့်သဘင်ပင်ဖြစ်တော့သည်။ ထိုထို အရာတို့သည် အနည်းဆုံး ရာစုနှစ်တစ်ခု သို့မဟုတ် ထို့ထက် ပိုမိုကြာမြင့်သောကာလကပင် တည်ရှိနေသည်ဟု ဆိုဝံ့ကြခြင်းဖြစ်သည်။

အဆင့်နှစ်ဆင့်ယှဉ်ပြိုင်ကြမည်

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ ရုပ်သေး ဘာသာရပ်တွင် ဝါသနာရှင် (ဒုတိယတန်း)အဆင့်နှင့် ဝါသနာရှင် (ပထမတန်း)အဆင့် ရုပ်သေးဇာတ် တော်ကြိုးဆွဲပြိုင်ပွဲဟူ၍ အဆင့်နှစ်ဆင့်ယှဉ်ပြိုင်ကြ မည် ဖြစ်သည်။ ဝါသနာရှင် (ဒုတိယတန်း) အဆင့် ပြိုင်ပွဲကိုပင် အမျိုးသား၊ အမျိုးသမီးဟူ၍ ထပ်မံ ခွဲခြားကာ မင်းသားရုပ်၊ မင်းသမီးရုပ်နှင့် ဇော်ရုပ်တို့ကို သတ်မှတ်ပြဋ္ဌာန်းပေးထားသည့် တီးလုံးနှင့်အတူ ကပြဖျော်ဖြေ ပြိုင်ပွဲဝင်ကြရမည်ဖြစ်သည်။ မင်းသမီး အရုပ်ကို မဖြစ်မနေကြိုးဆွဲယှဉ်ပြိုင်ရမည်ဟု သိရသည်။ မင်းသားရုပ်နှင့် ဇော်ရုပ်တို့ကို မဲနှိုက်၍ မဲကျရာအရုပ်ကို ဆွဲရမည်သာဖြစ်သည်။ ဟိမဝန္တာ ခန်းလာ မြင်း၊ မျောက်၊ ဘီလူး၊ ဇော်ရုပ်တို့မှ ဇော်ရုပ်ကို ထည့်သွင်းပြဋ္ဌာန်းပေးထားခြင်းသည် ရုပ်သေး သမားစဉ်မှ သွေဖည်မသွားသည့် စေတနာပင်ဖြစ်ပါလိမ့်မည်။

“ငါးပါဒအက္ခရာ”မည်သော ထိုးဇာတ်

ဝါသနာရှင် (ပထမတန်း) အဆင့် ရုပ်သေးဇာတ် တော်ကြိုးဆွဲပြိုင်ပွဲတွင် “ငါးပါဒအက္ခရာ”မည်သော ထိုးဇာတ်ကို ပြဋ္ဌာန်းပေးထားသည်။

-    လူတိုင်းကြီးငယ်မဟူ ပညာတတ်ကြစေရန်။

-    ပညာရှိမှသာလျှင် အမှားအမှန်၊ အဆိုးအကောင်း၊ အကျိုးအကြောင်းတို့ကို သုံးသပ်ဝေဖန်နိုင်စေရန်။

-    ပညာတတ်မှသာလျှင် အထွေထွေဗဟုသုတများဖြင့် ပြည့်စုံစေရန်။

-    ပညာရှိလျှင် ယဉ်ကျေးလိမ္မာ၍ ပညာမဲ့လျှင် မိုက်မဲတတ်ကြောင်းပြဆိုရန်။

-    ပညာရွှေအိုးလူမခိုး ဆိုသည့်စကားအတိုင်း ပညာတတ်သူသည် မချမ်းသာသော်လည်း မဆင်းရဲနိုင်ကြောင်း ပြဆိုရန်ဟူသည့် ရည်ရွယ်ချက်များသို့ ထိရောက်စေရန် ညွှန်းဆိုကပြကြရန် ဖြစ်ပေသည်။

ထိုးဇာတ်ဖြစ်သဖြင့် ပြိုင်ပွဲဝင်တို့ ကိုးကား မှီငြမ်းရန်ခက်ခဲမည်ထင်ပါသည်။ ရှေးက ကခဲ့ကြ သည့် ဇာတ်ဖြစ်စဉ်တို့ကိုသာ ဇာတ်စာရေးသူတို့က ရှာဖွေမှီငြမ်းကိုးကား ဉာဏ်ကွန့်မြူးရန်သာရှိပါမည်။

ဇာတ်လမ်းအကျဉ်းကို ဖော်ပြရသော်-

ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းက သားတော်ကြီး ဝင်္ကကုမ္မာနှင့် မွေးစားသားတော် ငယ်(ပညာရှိအမတ်ကြီး မဟာဗလ၏သားတော်) ပညာဗလတို့အား တက္ကသိုလ်ပြည်သို့ အဋ္ဌာရသ (၁၈)ရပ်သော အတတ်ပညာများ သွားရောက်သင်ကြားရန် အမိန့်ချမှတ်သည်။ ဝင်္ကကုမ္မာက သားတော်နှစ်ပါးသည် ဆရာကြီးနှစ်ဦးထံတွင် လူချင်းခွဲ၍ ပညာသင်ကြားခွင့်ပြုရန် လျှောက်တင်သည်။

ပညာဗလက သိုင်းကျွမ်းကျင်လှပစွာ ပြသနေစဉ် ဆရာကြီးသည် ယဉ်ကျေးလှပသော သမီးတော် ရူပမာလာနှင့်အတူ ရောက်ရှိလာသည်။ ဆရာကြီးက နှလုံးရည်၊ လက်ရုံးရည်နှင့် ပြည့်စုံသော ပညာဗလအား သမီးတော်ရူပမာလာနှင့် လက်ထပ်ပေးစားလိုက်သည်။

ဝင်္ကကုမ္မာနှင့် ပညာဗလတို့သည် သုံးနှစ်ပြည့်၍ တက္ကသိုလ်ပြည်မှအပြန်တွင် ညောင်ညိုစခန်း၌ ဆုံကြရန် ချိန်းဆိုခဲ့ကြသည်။ ဝင်္ကကုမ္မာသည် ပညာမတတ်ခဲ့ဘဲ အရက်သောက်၊ ဖဲရိုက်၊ ကြက်တိုက် စသည့် လောင်းကစားတို့ကိုသာ ဝါသနာထုံခဲ့သည်။ ပါလာသည့် စိန်ရွှေရတနာတို့မှာလည်း ကုန်ခဲ့လေသည်။ ပညာဗလအကြောင်းကိုလည်း လုံးဝမသိတော့ချေ။ 

ပညာဗလနှင့် ကြင်ရာတော်တို့သည် ညောင်ညိုစခန်းသို့ ရောက်လာကြသည်။ ဝင်္ကကုမ္မာသည် ရူပမာလာကို တပ်မက်မိကာ ပညာဗလကို သတ်ရန်ကြံစည်တော့သည်။ ဝင်္ကကုမ္မာက “ခမည်းတော် ဘုရင်က ညီတော်နောင်တော်နှစ်ပါး တက္ကသိုလ်ပြည်မှ အပြန်လမ်းတွင် ဝေဿဝန်တောင်၏ အောက်ခြေအကျယ်အဝန်းနှင့် အမြင့်မည်မျှရှိသည်တို့ကို တိုင်းတာခဲ့ရမည်”ဟု မိန့်ခဲ့ကြောင်း ပြောပြီး ပညာဗလကို တောင်ပေါ်တက်ရန် ခေါ်လေသည်။

တောင်ပေါ်သို့ ရောက်လျှင် “ရူပမာလာအား တပ်မက်မိသဖြင့် ညီတော်အား သတ်ရမည်”ဟု ဝင်္ကကုမ္မာက မိန့်လေသည်။ ပညာဗလက သူ့ဖခင် အရင်းသည် လေနာရှိ၍ လေနာထပါက ယခု သူရေးပေးလိုက်သော အက္ခရာများကိုရေးခြစ်ပြီး ရေစိမ်သောက်ရန်သာ ပြောပေးပါဟု မှာကြားကာ ဝ၊ ရ၊ သ၊ ခ၊ ဆ ဟူသော အက္ခရာ ငါးလုံးကို ရေးပေးလိုက်သည်။ ဝင်္ကကုမ္မာက ပညာဗလကို တောင်ပေါ် မှ တွန်းချလိုက်လေသည်။

တောင်စောင့်နတ်သည် ပညာဗလအား ကယ်တင်၍ ဘုရင့်ဥယျာဉ်တော်အတွင်း သွားထား လေသည်။ ဝင်္ကကုမ္မာလည်း ညီတော် တောင်ပေါ်မှ လိမ့်ကျသေဆုံးကြောင်း၊ ခင်ပွန်းမဲ့သွားသည့် ရူပမာလာကို သူသိမ်းပိုက်ကြောင်း ပြောကြားလေသည်။ ရူပမာလာက ငြင်းဆိုရာ ရိုက်နှက်နှိပ်စက်လေတော့သည်။

ရူပမာလာလည်း ကြံရလေတော့သည်။ မိန်းမ ပရိယာယ်ဖြင့် ခဲအိုကြီးကိုလက်ခံပါကြောင်း၊ သို့သော် ၄၉ ရက်တာ ဥပုသ်စောင့်နေသည့်ကာလဖြစ်၍ ခေတ္တစောင့်စေချင်ကြောင်း၊ ပြည်တော် ရောက်လျှင် ခဲအိုကြီးအကြိုက်ဖြစ်ရပါစေမည်ဟု ပြန်ဖြေရင်း ခရီးဆက်ကြလေသည်။

ဝင်္ကကုမ္မာလည်း မဟာပညာဗလအမတ်ကြီး အိမ်ရောက်၍ ညီတော်မှာကြားသည့်အတိုင်းပြောပြကာ အက္ခရာငါးလုံးပါပေရွက်ကို ပေးအပ်လိုက်လေသည်။ အမတ်ကြီးလည်း အက္ခရာငါးလုံး၏ အဓိပ္ပာယ်ကိုဖော်ထုတ်ကာ ဘုရင့်ရှေ့တော်မှောက် အရောက်သွားတော့သည်။ အမတ်ကြီးက ဝင်္ကကုမ္မာ သည် ပညာဗလကို ဝ- ဝနေ တောအရပ်၌၊ ရ- ရာဇာနံမင်းသည်၊ သ- သီသေ ဦးခေါင်းကို၊ ခ- ခက်ဂ္ဂံ ဓားသံလျက်ဖြင့်၊ ဆ- ဆိနတ္တိ ဖြတ်၏ဟု လျှောက်တင်လေသည်။

ဝင်္ကကုမ္မာက သူသည် ပညာဗလအား မသတ်ကြောင်း၊ အက္ခရာငါးလုံး အဓိပ္ပာယ်မှာ ဝ-ဝက်သား ကို၊ ရ-ရေအနည်းငယ်ထည့်၍၊ သ-သရက်သီးနှင့်၊ ခ-ခရမ်းသီးများရောစပ်၍၊ ဆ-ဆီများများဖြင့်ချက် လိုက်လျှင် အလွန်ကောင်း၏ဟု အဓိပ္ပာယ်ရပါကြောင်း ပြန်လည်တင်လျှောက်သည်။

ထိုအချိန်တွင် ဘုရင့်ဥယျာဉ်မှူးက ပညာဗလ အား ရှေ့တော်မှောက်ခေါ်ဆောင်လာလေသည်။ ဘုရင်ကမေးသဖြင့် ပညာဗလလည်း အကြောင်းစုံ တင်လျှောက်လေသည်။ ဘုရင်လည်း ဝင်္ကကုမ္မာ အား အမျက်ထွက်သဖြင့် သတ်စေသည်။ ပညာဗလ က “ဝင်္ကကုမ္မာသည် ပညာမဲ့၍ အဆင်ခြင်ကင်းစွာ ပြုမူခြင်းသာဖြစ်ပါသည်၊ ကျန်ရှိသောအချိန်ဝယ် ပညာဆည်းပူးခြင်းဖြင့် ကောင်းကျိုးပြုနိုင်ပါသေးသည်၊ ချမ်းသာခွင့်ပြုပါ”ဟု တင်လျှောက်လေသည်။ ဘုရင်က ခွင့်ပြုလိုက်သဖြင့် ဝင်္ကကုမ္မာလည်း “ညီတော်ထံမှ ပညာသင်ကြားပါမည်” ဟု ကတိ ပြန်လည်ပြုလိုက်ခြင်းဖြင့် ဇာတ်သိမ်းကြလေသည်။

ပြိုင်ပွဲဝင်သူတို့၏ တင်ဆက်ကပြဖျော်ဖြေချိန်မှာ မိနစ် ၉၀ ဖြစ်သည်။ ရုပ်သေးရုပ်လေးများကို ယူဆောင်လာရမည်ဖြစ်သည်။ မိနစ် ၉၀ အတွင်း လိုရာရောက်အောင် ကြံဆနိုင်ခြင်းသည် ဇာတ်စာရေး ဆရာ၏ စွမ်းဆောင်ချက်ပင်ဖြစ်သည်။ ဘာသာရပ်ဆိုင်ရာ အကဲဖြတ်ပညာရှင်တို့ကလည်း ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟ ကင်းစွာဖြင့် ထိုက်တန်သူကို ထိုက်တန်သည့်ဆုလာဘ်  ပေးအပ်နိုင်မည်ဟု ယုံကြည်သည်။

အုပ်စိုးသူတို့သည် ခေတ်အဆက်ဆက်တွင် ရုပ်သေးသဘင် မတိမ်ကောစေရေးအတွက် အလေး ပေးဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်မှာလည်း အားတက်စရာပင်ဖြစ်သည်။ တော်လှန်ရေးကောင်စီခေတ် ၁၉၆၅ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာ့ရုပ်သေးများကို ပြန်လည်ထွန်းကား ခေတ်မီလာရေးအတွက် ရုပ်သေးပညာရှင်များနှင့် အရည်အချင်းရှိသော ရုပ်သေးဝါသနာရှင်များကို ရွေးချယ်ကာ သင်တန်းဖွင့်လှစ်ခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင်လည်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ (စတည်စဉ်က ယဉ်ကျေးမှုတက္ကသိုလ်ဟုခေါ် သည်)တည်ထောင်ဖွင့်လှစ်ကာ ရုပ်သေးသဘင် မြှင့်တင်ရေးကို သင်ကြားအားပေးခဲ့သည်။ တစ်ဖန် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကျင်းပကာ ရုပ်သေးရုပ်လေးများကို ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းယှဉ်ပြိုင်စေခဲ့သည်။ ဒီမိုကရေစီရေစီးကြောင်းအတွင်း၌ ရုပ်သေးရုပ်လေးများ ပြန်လည်အားကောင်းလာစေ ရေးအတွက် ရုပ်သေးပညာရှင်များ၊ ရုပ်သေးချစ်သူများက ယခုပြိုင်ပွဲကြီးပါ ရုပ်သေးရုပ်လေးများ၏ ကပြယှဉ်ပြိုင်မှု၊  ရုပ်သေးဇာတ်တော်ကြီး၏ တင်ဆက်မှုကို စောင့်မျှော်အားပေးနေကြမည်သာ ဖြစ်ပါတော့သည်။  ။

မှီငြမ်း

၁။     ယနေ့မြန်မာ့ရုပ်သေးသဘင်(ချစ်စံဝင်း)

၂။    မြန်မာ့ရုပ်သေးနှင့် ရုပ်သေးရုပ်ထု ပန်းပု ပညာ(ရာမည ကိုကိုနိုင်)