ရပ်နားထားသည့် ဖူဆယ်လိဂ်ပြိုင်ပွဲ ပထမအကျော့လက်ကျန်ပွဲများ ဇန်နဝါရီ ၈ ရက်တွင်  ပြန်လည်ကျင်းပမည်

၇ ဇန်နဝါရီ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် ၂၀၁၈-၂၀၁၉ ရာသီ MFF Myanmar ဖူဆယ်လိဂ်ပြိုင်ပွဲ ပထမအကျော့လက်ကျန်ပွဲများကို ဇန်နဝါရီ (၈) ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။ ကျင်းပမည့် ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၉) တွင် ရှစ်ပွဲဆက်အနိုင်ရပြီး ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေသည့် VUC အသင်းနှင့် MIC အသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

 

ပွဲစဉ် (၉) အဖြစ် နံနက် ၈ နာရီတွင် PU အသင်းနှင့် Titan XII အသင်း၊ နံနက် ၉ နာရီခွဲတွင် MIC အသင်းနှင့် VUC အသင်း၊ နံနက် ၁၁ နာရီတွင် Comrade အသင်းနှင့် UPT အသင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် AMM အသင်းနှင့် White Colour အသင်း၊ မွန်းလွဲ ၂ နာရီတွင် GV Athletic အသင်းနှင့် မြို့မအသင်း၊ ညနေ ၃ နာရီခွဲတွင် ယူ-၁၉ အသင်းနှင့် ရွှေမြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၈) အပြီးတွင် VUC နှင့် MIC အသင်းက ၂၄ မှတ်စီ၊ မြို့မအသင်းနှင့် UPT အသင်းက ၁၅ မှတ်စီ၊ GV Athletic အသင်းက ၁၂ မှတ်၊ ရွှေမြဝတီအသင်းက ၁၁ မှတ်၊ Comrade အသင်းနှင့် PU အသင်းက ၁၀ မှတ်စီ၊AMM အသင်းနှင့် ယူ-၁၉ အသင်းက ခြောက်မှတ်စီ၊ Titans XII အသင်းနှင့် White Colour အသင်းက လေးမှတ်စီရထားသည်။ MIC အသင်းနှင့် VUC အသင်းတို့၏ ထိပ်တိုက်တွေ့ဆုံမှုမှာ ပြိုင်ဆိုင်မှုပြင်းထန်ဖွယ်ရှိပြီး အနိုင်ရသည့်အသင်းမှာ ရာသီဝက်ချန်ပီယံဖြစ်ရန် အခွင့်အရေးများသွားမည်ဖြစ်သည်။ လက်ရှိချန်ပီယံ PU အသင်းသည် အသင်းဖျက်သိမ်းပြီးမှ ပြန်လည်ယှဉ်ပြိုင်သောကြောင့် ချန်ပီယံဆုရရှိစဉ်ကကဲ့သို့ တောင့်တင်းမှု မရှိတော့ဘဲ MIC နှင့် VUC တို့နှစ်သင်းသာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်ရဖွယ်ရှိနေသည်။ 

 

ဖူဆယ်လိဂ်ပြိုင်ပွဲကို နိုဝင်ဘာ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် (၈) အပြီးတွင် မြန်မာ ယူ-၂၀ အသင်း၏ အာရှခြေစစ်ပွဲကြောင့် ခေတ္တရပ်နားထားခြင်းဖြစ်ပြီး ယခုမှပြန်လည်ကျင်းပခြင်းဖြစ်သည်။

 

ညီညီစိုးညွန့်