ရည်မှန်းပူဇော် သီတင်းကျွတ်ပွဲတော်

၂၃  အောက်တိုဘာ
မြန်မာတို့၏ ထုံးတမ်းစဉ်လာ မြန်မာ့ရိုးရာယဉ်ကျေးမှု ဆယ့်နှစ်လရာသီ ပွဲတော်များတွင် ဘာသာတရားကို အခြေခံပြီး တစ်နိုင်ငံလုံးဆင်နွှဲသော ပွဲတော်မှာ သီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်ပါသည်။ ထိုနေ့ထိုရက်တွင် အများပြည်သူတို့အဖို့ အိမ်များ၊ လမ်းများ၊ ကျောင်းကန်ဘုရားများတွင် မြတ်စွာဘုရားရှင်အား ရည်မှန်းပြီး ဆီမီးထွန်းညှိပူဇော်ခြင်းဓလေ့ကို ပြုလုပ်ကြရာ၌ သီတင်းကျွတ်ခြင်း၏ အနှစ်သာရကို သိရှိထားရန် လိုအပ်ပါမည်။

 

ဤပွဲတော်ကာလတွင် မြတ်စွာဘုရားရှင်အား ဆီမီးထွန်းညှိပူဇော် ခြင်း အစဉ်အလာကို သီတင်းကျွတ်လပြည့်အခါသမယ၏ အနှစ်သာရများ ထုံမွမ်းပြီး ပြုလုပ်ကြခြင်းဖြင့် ကောင်းမှုကုသိုလ်ထူးများ တိုးပွားရရှိကြလိမ့်မည်ဟု ယုံကြည်ပါသည်။ သီတင်းကျွတ်ပွဲတော်ကာလမှာ အကျယ်အားဖြင့် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အဘိဓမ္မာတရားမှ အဆုံး၊အစမရှိ သိမ်မွေ့နက်နဲ ကျယ်ဝန်းလေးနက်သည့် ပဋ္ဌာန်းဒေသနာ တော်မြတ်ကြီးကို ဟောကြားခြင်းနှင့်နာယူခြင်းဖြင့် ထူးကဲသော အကျိုးတရားများ ဖြစ်ပေါ်စေသည်ကို အလေးအမြတ်ပြု ဂရုဓမ္မထားမိကြ ရန်ဖြစ်ပါသည်။

 

လူ၊နတ်၊ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား သံသရာဝဋ်ဆင်းရဲဒုက္ခ အပေါင်းမှ ကင်းဝေးစေနိုင်သောနည်းကို ဟောဖော်ညွှန်ပြပေးနိုင်သော အတုမရှိသဗ္ဗညုတ မြတ်စွာဘုရားရှင်သည် လူ့ပြည်တွင် ဝါတွင်းသုံးလ၊ တာဝတိံသာ နတ်ပြည်တွင် တစ်ခဏမျှသာ ကြာမြင့်သည့် အဘိဓမ္မာတရားတော်ကို မယ်တော်မိနတ်သားအား ဟောကြားပေးတော်မူရာ ထိုအဘိဓမ္မာတရားတော်ကို ရည်မှန်းကာပူဇော်ခြင်းဖြင့် ကုသိုလ်ထူးကို ပွားတိုးယူနိုင်ကြဖို့ဖြစ်ပါသည်။ ဆီမီးထွန်းခြင်းမှာမူ လူ့ပြည်မှ သုံးလတာမျှခွာ၍ တာဝတိံသာနတ်ပြည်တွင် တစ်ခဏမျှဖြင့် အဘိဓမ္မာတရားကို ဟောကြားပြီးနောက် လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက် ကြွမြန်းလာသည်ကို လူ၊နတ်၊ ဗြဟ္မာ၊သတ္တဝါအပေါင်းတို့က ဆီမီးထွန်းညှိ၍ ပူဇော်ကြိုဆိုကြခြင်းအား ရည်မှန်းပူဇော်ခြင်းဖြင့် ကုသိုလ်ထူးများ ပွားတိုးရယူကြဖို့ ဖြစ်ပါသည်။

 

သို့ဖြင့် သီတင်းကျွတ်လပြည့်နေ့၏ အနှစ်သာရမှာ အဆုံးမရှိ ကျယ်ဝန်းနက်နဲလှသည့် ပဋ္ဌာန်းဒေသနာတော်ပါဝင်သော အဘိဓမ္မာ တရားဒေသနာတော်မြတ်ကို မြတ်စွာဘုရားရှင် ဟောကြားတော်မူနေခြင်း အား ရည်မှန်းပူဇော်ကြရန် ဖြစ်ပါသည်။ ထိုသို့ စိတ်ဝယ်ရည်မှန်း အာရုံပြုခြင်းဖြင့် ဒုက္ခဆင်းရဲအပေါင်းမှ ကင်းငြိမ်းရာ မဂ်ဖိုလ်နိဗ္ဗာန်လမ်းသို့ပင် ရောက်ရှိနိုင်ပါပေသည်။

 

ကျယ်ဝန်းနက်နဲလှသည့် တရားဒေသနာတော်များကို နှလုံးသွင်း ဆင်ခြင်သည့်ကာလတွင် သဒ္ဓါတရားနှင့်ပြည့်စုံသည့် အမျိုးကောင်းသား ပုဂ္ဂိုလ်တို့အား ပီတိသောမနဿတို့ ဖြစ်စေပါသည်။ ရှေးကာလက တိဿဒတ္တမထေရ်တစ်ပါးသည် သီဟိုဠ်ကျွန်းမှ ဘုရားပွင့်ရာ မဟာဗောဓိသို့ သင်္ဘောဖြင့် ဘုရားဖူးထွက်လာခဲ့ရာ ပင်လယ်ပြင် အရပ်လေးမျက်နှာသို့ မျှော်ကြည့်၍ ပင်လယ်ပြင်ကြီး၏ အဆုံး၊ အစမရှိ ကျယ်ပြောသည်ကို မြင်တွေ့ရပြီး မထေရ်သည် ဤသို့တွေးမိသည်။ “ဪ ဒီပင်လယ်ပြင်ကြီးဟာ ကျယ်ပါဘိတော့တယ်၊ သို့သော်လည်း ငါတို့ မြတ်စွာဘုရား ဟောကြားထားတဲ့ ပဋ္ဌာန်းဒေသနာတော်ကြီးကျယ်ပုံနှင့် နှိုင်းစာကြည့်ရင် ဒီပင်လယ်ပြင်ကြီးက အပိုင်းအခြားရှိသေးတယ်၊ အောက်မှာလည်း မြေပြင်ရှိတယ်၊ အထက်မှာလည်း ကောင်းကင်ရှိတယ်၊ ဘေးမှာလည်း ကမ်းရှိတယ်၊ တစ်ဖက်ကလည်း စကြဝဠာတောင် ရှိတယ်ဆိုတော့ ပင်လယ်က အပိုင်းအခြားရှိသေးတယ်၊ မြတ်စွာဘုရားရှင် ဟောကြားထားတဲ့ အနန္တနယ အဆုံးအပိုင်းအခြား မရှိတဲ့နည်းနဲ့ ပြည့်စုံတဲ့ သမန္တပဋ္ဌာန်းကျမ်းကြီး ဆိုတာကတော့ အပိုင်းအခြား မရှိလောက်အောင်ဘဲ အင်မတန် ကျယ်ဝန်းပါကလား” ဟု ပဋ္ဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်ပြီးနောက် ဖြစ်ပေါ်လာသည့် နာမ်ရုပ်တရားများကို ဝိပဿနာရှုရင်း ပင်လယ်ထဲတွင် ခရီးသွားနေစဉ် သင်္ဘောပေါ်တွင်ပင် ထိုမထေရ်သည် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ပါသည်။

 

သီတင်းကျွတ်လပြည့်နေ့၏ ထူးကဲခြင်းသည်ကား မြတ်စွာဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်ခြင်းဖြစ်ပြီး အနှစ်သာရသည်ကား သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်၌ မြတ်စွာဘုရားရှင် ဟောကြားခဲ့သည့် အဘိဓမ္မာခုနစ်ကျမ်းတွင် တိုင်းတာနှိုင်းစာ၍မရနိုင်အောင် ကျယ်ဝန်းနက်နဲသိမ်မွေ့လှသည့် ပဋ္ဌာန်းဒေသနာတော်ကို အာရုံပြု ပွားများဆင်ခြင်ခြင်းဖြင့် နိဗ္ဗာန်ချမ်းသာလမ်းသို့ပင် တက်လှမ်းနိုင်ပါစေကြောင်း။ ။

 

ကြေးမုံ