ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်နှင့် မြန်မာစာဌာန တည်ထောင်သည့် (၇၈) နှစ်မြောက် အထိမ်းအမှတ် ဆရာကြီး ဦးဖေမောင်တင်၏ ရုပ်တုဖွင့်ပွဲမှ ဆရာကြီး ဆရာမကြီးများ၏ ရင်တွင်းစကားသံများ

ရန်ကုန်တက္ကသိုလ်ရာပြည့် အထိမ်းအမှတ်နှင့် မြန်မာစာဌာန တည်ထောင်သည့် (၇၈) နှစ်မြောက် အထိမ်းအမှတ် ဆရာကြီး ဦးဖေမောင်တင်၏ ရုပ်တုဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် မြန်မာစာခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာကြီး ဆရာမကြီးများ၏ ရင်တွင်းစကားသံများကို မြန်မာ့သတင်းစဉ်က တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

 

mdn

ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင်

ဆရာကြီး ဦးဖေမောင်တင်ကို ဆရာတို့ အနေနဲ့ လူပုဂ္ဂိုလ်အရ သားတပည့်အဆင့် အနေနဲ့ မီလိုက်ပါတယ်။ ဂုဏ်ထူးတန်းတက်တဲ့ ကျောင်းသားဘဝမှာ မြန်မာစာဌာနမှာ ဆရာကြီးက အသက်၇၀ ကျော်နေပြီ၊ ဂုဏ်ထူးတန်းတက်တုန်းက ဆရာကြီး ဦးဖေမောင်တင်က စာပို့ချခဲ့ဖူးတယ်။ ဆရာကြီးနဲ့ ပညာရေးအရရော၊ လူပုဂ္ဂိုလ်အရပါ ထိတွေ့တဲ့ အခွင့်အရေးရခဲ့တယ်။ ဆရာကြီးရဲ့ နောက်ဆုံး ကွယ်လွန်ချိန်အထိ ဆရာတို့မီခဲ့ပါတယ်။ ဆရာကြီးဦးဖေမောင်တင်က မြန်မာစာဌာနကို စတင်တည်ထောင်တဲ့ပုဂ္ဂိုလ်၊ အရှေ့တိုင်းပညာဌာနကနေ ခွဲထွက်ပြီးတော့ မြန်မာစာဌာနကို တည်ထောင်ခဲ့တယ်။ ကိုလိုနီခေတ်မျက်နှာငယ်နေရတဲ့အချိန်မှာ မြန်မာစာကို အဆင့်မီမီ၊ အဆင့်မြင့်မြင့် သင်ကြားနိုင်အောင်၊ ဂုဏ်သိက္ခာရှိရှိဖြစ်အောင် ဆရာကြီးနည်းအမျိုးမျိုးနဲ့ ကြိုးပမ်းခဲ့တဲ့အတွက် မြန်မာစာဂုဏ်မြင့်လာလို့၊ အမျိုးသားတစ်ရပ်လုံး ဂုဏ်မြင့်လာပြီး မြန်မာစာအတွက်ရော၊ မြန်မာနိုင်ငံအတွက်ရော ကျေးဇူးကြီးတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဆရာကြီး ဦးဖေမောင်တင်ကို စံနမူနာယူစရာတွေ အများကြီးရှိပါတယ်။ ဆရာကြီးက ခရစ်ယာန်ဘာသာဝင်ဖြစ်တယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာကောင်းကျိုးကို အများကြီးဆောင်ရွက်သွားတယ်။ ဗုဒ္ဓစာပေအကြောင်းကို ရေးသွားတယ်။ ဆရာကြီးကို ခရစ်ယာန် ဘာသာဝင်တွေကရော၊ ဗုဒ္ဓဘာသာဝင်တွေကရော အားလုံးက ကြည်ညိုလေးစားကြတယ်။ သဘောထားအမြင် အင်မတန်ကျယ်ပြန့်ပြီး မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။

 

mdn

ဒေါက်တာသန်းဦး ။ မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင်

ဆရာကြီးဦးဖေမောင်တင်ကို မကွယ်လွန်ခင် တစ်ပတ်အလိုမှာ ဆရာရယ်၊ ဆရာ မင်းသုဝဏ်ရယ်၊ ပျဉ်းမနားမောင်နီသင်းရယ် သွားတွေ့ကြတယ်။ အကြောင်းက ဆရာကြီးရဲ့ လက်မှတ်ကို သွားယူတာ။ ပြည်စာကြည့်တိုက်မှာထားဖို့၊ ဆရာကြီးက အကောင်းဆုံးစာ ရေးပေးလိုက်တယ်။ လက်မှတ်တင် မကဘူး။ အဲဒီစာက သိပ်ကိုအဓိပ္ပာယ်ရှိတယ်၊ ပုဂံရာဇဝင်ကိုပြောရင် တုတ်ထမ်းပြောရတယ်တဲ့၊ ရန်ဖြစ်လို့၊ သရေခေတ္တရာ ရာဇဝင်ကိုပြောရင် တူးရွင်းထမ်းပြောပါတဲ့ဆိုပြီး ရေးထားတယ်။ သူလည်းဆုံးရော အဲဒီအကြောင်းကို လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာမှာ ရေးလိုက်တယ်။ ဆရာကြီးရဲ့ လက်ရေးပါ ဖော်ပြလိုက်တယ်။ ဒေါက်တာသန်းထွန်းက အဲဒီလက်ရေးမူ အရွက် ၇၀ ပေးလို့ပြောလို့ ကူးပေးခဲ့ရတယ်။ ဆရာကြီးဦးဖေမောင်တင် နောက်ဆုံးပြောသွားတဲ့စကား၊ နောက်ဆုံး ရေးပေးသွားတဲ့စာပဲ။ ဆရာကြီးက ပါဠိပါမောက္ခ၊ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်မှာ အရှေ့တိုင်းပညာဌာနပဲ ရှိတယ်။ မြန်မာစာဌာနမရှိသေးဘူး။ အဲဒီမှာ မြန်မာစာကို ဌာနတစ်ခုအနေနဲ့ ပေါ်အောင် ကြိုးစားခဲ့တယ်။ အဲဒီတုန်းက တက္ကသိုလ်က လူတွေကပြောတယ်၊ မြန်မာစာဌာနလို့ခေါ်ရအောင် မြန်မာစာဖတ်စာအုပ်ရှိသလားလို့ အဲဒီလို အမေးခံရတယ်။ အဲဒီအခါမှာ မြန်မာနိုင်ငံ သုတေသနအသင်းက ၁၉၁၀ ပြည့်နှစ်မှာ ထုတ်တဲ့ သံဝရပျို့တို့၊ ကျည်းကန်ရှင်တို့ အပါအဝင် စာအုပ်တွေကိုပြုစုတယ်။ မြန်မာစာဌာနကို ရအောင်တည်ထောင်တယ်၊ ဒါကြောင့်မို့ မြန်မာစာဌာနပေါ်လာအောင်ဖော်တာ ဒီပုဂ္ဂိုလ်ပဲ။ ဒါကို အလေးအနက်ထားပြီးတော့ ဂုဏ်ပြုရမယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးကလည်း ဆရာကြီး ဦးဖေမောင်တင်ပဲ။ ဆရာကြီးရဲ့ ကျေးဇူးကို မေ့လို့မရဘူး။

ဆရာကြီးက မြန်မာစာကို အလွန်ကျွမ်းကျင်တယ်၊ မြန်မာဖတ်စာအုပ်တွေကိုလည်း ရေးသွားတယ်။ ယနေ့ထက်ထိ အဲဒီ စာအုပ်တွေက တန်ဖိုးရှိမြဲပါ။ အဲဒီစာအုပ်တွေထဲမှာ စဉ်းစားဉာဏ်၊ တွေးခေါ်ဉာဏ်၊ ဖန်တီးတဲ့ဉာဏ်တွေ အမြဲပါတယ်။ ဆရာကြီး တစ်ခုမှာခဲ့တာရှိတယ်၊ “တပည့်ဟာ ဆရာထက်တော်နေတာမျိုးဖြစ်နေရမယ်”တဲ့။ အင်မတန် အရေးကြီးတဲ့စကားပါ။ တပည့်ကဆရာကို မီတယ်ဆိုရင် သာမန်ပဲ၊ ကိုယ့်တပည့်က ဆရာကိုမမီဘူးဆိုရင် ဆရာညံ့လို့ပဲ၊ ကိုယ့်တပည့်က ဆရာထက်တော်ရမယ်ဆိုတဲ့ သဘောတရားကို သေချာမှာကြားခဲ့တယ်။ အဲဒါ ဆရာကြီးရဲ့ ကျေးဇူးပဲ။ ဆရာကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ဆရာကြီးရဲ့ ရုပ်တုကို မြန်မာစာဌာနမှာထားတာထက် တကယ့်နေရာ မှာ ထားစေချင်တယ်။ ဒီနေရာထက် ဒီထက်ကောင်းတဲ့နေရာ၊ ဥပမာ ဘွဲ့နှင်းသဘင်ရှေ့လိုမျိုး၊ ဆရာကြီးရဲ့ရုပ်တု တစ်ကိုယ်လုံးအပြည့်ထားချင်တယ်။ အဲဒါကိုလည်း တိုက်တွန်းတယ်။ ဒါက ကျွန်တော့်တစ်ဦးတည်း အမြင်ပါ။ ကျန်တဲ့သူတွေလည်း ဒီလိုပဲ မြင်ပါလိမ့်မယ်။

 

mdn

ဒေါ်မာလေး (တက္ကသိုလ်ဝင့်မာ)

ဒီဌာနမှာပါရဂူဦးစီးကော်မတီ အဖွဲ့ဝင်ပါ။ မြန်မာစာကို ချစ်လို့ယူလာတဲ့သူတစ်ယောက် အနေနဲ့ ဆရာကြီးရဲ့ ဝါကျဖွဲ့ထုံးကို သင်ခဲ့ရတယ်။ ဆရာကြီးရဲ့ ကျေးဇူးတရားကတော့အံ့ဖွယ်ပါပဲ။ တကယ့်တကယ်ပြောရရင် မြန်မာစာကိုချစ်ပြီးတော့ အထူးသဖြင့် ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်လို ဘာသာပြန်ခဲ့တယ်၊ ခရစ်ယာန် ဘာသာကိုးကွယ်သူဖြစ်တယ်။ တကယ့် တကယ်ပြောရရင် ဆရာကြီးလိုလူမျိုးရှိခဲ့လို့ သာ မြန်မာစာဌာနဆိုတာ ပေါ်လာတယ်။ မြန်မာစာပေပြန့်ပွားလာတယ်၊ လက်ဆင့်ကမ်း အနေနဲ့ နောက်ပိုင်း လူငယ်မျိုးဆက်သစ်တွေ ကလည်း ဒီလိုမျိုးဂုဏ်ဒြပ်နဲ့ သားကောင်း ရတနာတွေဖြစ်ဖို့၊ ဆရာကောင်းတပည့် ပီသဖို့ လိုပါတယ်လို့ ဆရာကြီးရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ပြီးတော့ ပြောချင်ပါတယ်။

 

mdn

ဒေါ်တင်တင်မြိုင် (ဆရာကြီး ဦးဖေမောင်တင်၏ သမီးထွေး)

အဖေက ခရစ်ယာန်ဘာသာဖြစ်ပေမယ့် သူ့စိတ်ထဲမှာ ဗုဒ္ဓတရားတွေရှိတဲ့အတွက် ဂုဏ်ပကာသနတွေကို စိတ်မဝင်စားဘူး။ ရိုးရိုးအေးအေးပဲနေတယ်၊ လူတိုင်းကို မြန်မာ ဆန်စေချင်တယ်။ ကလေးတိုင်းကိုလည်း ကျောင်းတက်စေချင်တယ်။ အဖေ့ကို ဒီလို ရုပ်တုထားတယ်ဆိုတာ ကျွန်မတို့အတွက် မဟုတ်ဘူး။ နောင်လာနောက်သား လူငယ်တွေ သိအောင်အတွက်ပါ။ ဒီလိုသိဖို့ကြိုးစားရင်ဖြစ်တယ်။ အဖေက စာဖတ်တယ်၊ ပြီးရင် နားလည်အောင်လုပ်တယ်။ ဗဟုသုတရအောင် လေ့လာတယ်။ အဖေ့ရုပ်တုကို အခုလို လုပ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင် ပါတယ်။

 

mdn

ဒေါက်တာအောင်မြင့်ဦး မြန်မာစာဌာန၊ ပါမောက္ခဌာနမှူး

ဒီနေ့ကျင်းပတဲ့ပွဲက ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးလည်းဖြစ်တယ်။ မြန်မာစာဌာနကို တည်ထောင်သူလည်းဖြစ်တဲ့ ဆရာကြီး ဦးဖေမောင်တင်ရဲ့ ရုပ်တုကို ရန်ကုန် တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အနေနဲ့ရော မြန်မာစာဌာန တည်ထောင်တဲ့ (၇၈) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ရော၊ ဆရာကြီးရဲ့ ဂုဏ်ကျေးဇူးတွေကို ပြန်လည်ပေးဆပ်တဲ့ အနေနဲ့ ရုပ်တုဖွင့်ပွဲကျင်းပတာဖြစ်ပါတယ်။ ဆရာကြီးက ရန်ကုန်တက္ကသိုလ် မပေါ်ပေါက်ခင်ကတည်းက ရန်ကုန်တက္ကသိုလ်ထူထောင်ဖို့အတွက် အင်္ဂလိပ်အစိုးရဆီကနေပြီး မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရခဲ့တယ်။ အဲဒီကျေးဇူးကြောင့်လည်း ရန်ကုန်တက္ကသိုလ်က ၁၉၂၀ မှာ စတင်ပေါ်ပေါက်လာတယ်။ ဆရာကြီးကို ဒီတက္ကသိုလ်မှာ ပါမောက္ခအနေနဲ့ အရှေ့တိုင်းပညာဌာနမှာ ပါဠိသင်တဲ့ဌာနမှာ ခန့်အပ်ခဲ့တယ်။

အင်္ဂလန်မှာ ဘီလစ်ဘွဲ့ကိုရခဲ့ပေမယ့် စပြီးကြိုးစားတာက မြန်မာစာပေဖွံ့ဖြိုး တိုးတက်ဖို့ပဲ။ ဆရာကြီးက ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာသင်ဖို့အတွက် ကြိုးစားခဲ့တယ်။ မြန်မာသဒ္ဒါ၊ မြန်မာစာပေ သမိုင်းပြုစုခဲ့တယ်။ မြန်မာစာပေဟာ အစဉ်အလာရှိတယ်ဆိုတဲ့ အထောက်အထားတွေ ပြပြီးမြန်မာစာပေသင်ဖို့ ပြောတဲ့အခါမှာ အင်္ဂလိပ်က လက်ခံပြီး မြန်မာစာသင်ကြားရေးကို လက်ခံခဲ့တယ်။ နောက်တစ်ဆင့်အနေနဲ့ မြန်မာစာဌာနကိုရအောင် တည်ထောင်ကြိုးပမ်းခဲ့တယ်။ မြန်မာစာဌာနရဲ့ ကျေးဇူးရှင်ဖခင်ကြီး ဖြစ်ပါတယ်။ မြန်မာစာဌာနအတွက်ပဲ ကျေးဇူးရှိတာမဟုတ်ပါဘူး။ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာစာပေသမိုင်းကလည်း ခွဲခြားလို့မရပါဘူး။ မြန်မာလူမျိုးတွေအတွက်ကလည်း မြန်မာ့သမိုင်းက ထင်ရှားဖို့လိုပါတယ်။ ။

ရန်ကုန်တက္ကသိုလ်မှာ မြန်မာ့သမိုင်း သင်ကြားဖို့အတွက်လည်း သမိုင်းပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ သင်ကြားရေး ဖြစ်ထွန်းလာဖို့အတွက် ကြိုးပမ်းခဲ့တယ်။ သိပ္ပံဘာသာကိုလည်း မြန်မာလိုသင်ယူနိုင်ဖို့ ဘာသာပြန်ခဲ့တယ်။ အဲဒါကြောင့်မို့လည်း ကမ္ဘာ့အလယ်မှာ မြန်မာစာပေ၊ မြန်မာလူမျိုးအကြောင်းကို ကမ္ဘာကသိလာတယ်။ ဒါ့ကြောင့် ဆရာကြီးက ရန်ကုန်တက္ကသိုလ်အတွက်သာမက မြန်မာလူမျိုးတွေအတွက်၊ မြန်မာစာပေအတွက် အများကြီး ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဆရာကြီးက ခရစ်ယာန်ဘာသာဝင်ဖြစ်ပေမယ့် ဗုဒ္ဓဘာသာကိုလည်း ကိုင်းရှိုင်းတယ်။ ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်ဘာသာနဲ့ပြန်ဆို ပြီး ဗုဒ္ဓဘာသာကို ကမ္ဘာကသိအောင် ဖြန့်ချိ ပေးတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။

ရန်ကုန်တက္ကသိုလ်က နှစ် ၁၀၀ ပြည့် ကျင်းပတော့မှာဖြစ်တဲ့အတွက် ရန်ကုန် တက္ကသိုလ်အကြောင်း ပြောရင် ဆရာကြီး ဦးဖေမောင်တင်ကိုလည်း ချန်ထားလို့မရပါဘူး။ ဆရာကြီးရဲ့ ကျေးဇူးက အင်မတန် ကြီးမားလှပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ ဆရာကြီးအတွက် ဒီလိုပြန်ပြီးဖော်ထုတ်ခွင့်ရတာ မြန်မာစာဌာနအတွက် အင်မတန် ကြီးကျယ်မြင့်မြတ်တဲ့ အခွင့်အရေးတစ်ခုလို့ လည်း ယူဆလို့ရပါတယ်။

ဆရာကြီး ဦးဖေမောင်တင်ကို ၁၈၈၈ ခုနှစ် ဧပြီ ၂၄ ရက်တွင် အဖ ဦးဖေ၊ မိခင် ဒေါ်ကြိုင်တို့က အင်းစိန်မြို့ ပေါက်တောရပ်၌ မွေးဖွားခဲ့ပြီး ၁၉၇၃ ခုနှစ် မတ် ၂ ရက်တွင် ကွယ်လွန်ခဲ့သည်။ မြန်မာလူမျိုးထဲတွင် ပထမဦးဆုံး ပါမောက္ခ၊ ပထမဦးဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ မြန်မာစာဌာနကို တည်ထောင်ခဲ့သူ ဝိသုဒ္ဓိမဂ်ကျမ်းကို အင်္ဂလိပ် ဘာသာပြန်ဆိုခဲ့သူ၊ မြန်မာစာပေသမိုင်းနှင့် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဓာတ်ပုံ - လှမိုး