ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော် (၃)

စိန်ဝင်း (၄၀)

ဤဆောင်းပါးကို ဖော်ပြရန်ကျန်ရှိသော ရန်ကုန် တက္ကသိုလ်မှ အခြေခံသိပ္ပံပညာ ထူးချွန်ဆုရ ရောင်းရင်း များနှင့် အစပြုလိုပါသည်။

သိပ္ပံချွန်များ

ကျွန်တော်တို့ရရှိခဲ့ကြသော အခြေခံသိပ္ပံပညာ ချွန်ဆုကို ၁၉၆၉ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပါသည်။ ထိုစဉ်က ပညာရေးဝန်ကြီးမှာ ဒေါက်တာညီညီ ဖြစ်၏။ ပညာရေး ဝန်ကြီး သာယာဝတီဘက်သွားသည့်ခရီးစဉ်တွင် အထက် တန်းကျောင်းကို သွားရောက်စစ်ဆေးစဉ် သင်္ချာအလွန် ထူးချွန်သော ကျောင်းသားငယ်တစ်ဦးကို တွေ့ရှိရာမှ ဤစီမံကိန်းအစပြုသည်ဟု ကြားသိရသည်။

ကမ္ဘာပေါ်တွင် ထူးချွန်သောသိပ္ပံပညာရှင်များ၏ သုတေသနပြုမှုများမှ အသစ်အသစ်တွေ့ရှိချက်များကို အတတ်ပညာရှင်များ၊ အင်ဂျင်နီယာများက လူတို့အတွက် အသုံးချနိုင်အောင်ကြိုးပမ်းကြရာမှ ကမ္ဘာလောကကြီး ခေတ်မီတိုးတက်လာခြင်းဖြစ်၏။ နတ်ဒေဝါများ ဖန်ဆင်း၍ ပေါ်ပေါက်လာသည့်အလား ထင်မှားစရာပေ။ သိပ္ပံပညာရှင် များသည် သဘာဝတရားကြီးကိုစူးစမ်းရင်း၊ လျှို့ဝှက်ချက် များကို ဖော်ထုတ်ရင်း လူ့လောကအကျိုးဆောင်ကြခြင်း ဖြစ်၏။

မြန်မာနိုင်ငံတွင်မူ အခြေခံပညာအထက်တန်း အောင်၍ အဆင့်မြင့်ပညာကူးပြောင်းကြတော့မည် ဆိုလျှင် ထူးချွန်သူများကို မိဘဘိုးဘွားများက ဆရာဝန် ဖြစ်စေချင်ကြ၏။

ဆရာဝန်များ၏လူ့အသက်ကယ်တင် နိုင်မှု၊ ဂုဏ်သိက္ခာမြင့်မားမှု၊ လူ့ကျန်းမာရေး အထောက် အကူပြုနိုင်မှုစသည်တို့ကို လိုလားကြသည်လေ။ လူကြီး သူမများ၏ လိုလားချက်အရ ဆရာဝန်ဖြစ်လာကြ ပြီးနောက် ဆရာဝန်အလုပ် မလုပ်ဖြစ်ကြသူ၊ အခြား နည်းဖြင့် ထင်ရှားကျော်ကြားနေကြသူ အမြောက်အမြား ရှိနေသည်ကိုကြည့်လျှင် အမှန်တကယ်ဝါသနာပါပါလျက် ဆယ်တန်းရမှတ် တစ်မှတ်၊ နှစ်မှတ် လိုရုံမျှဖြင့် ဆေးကျောင်း တက်ခွင့်မရသူများအတွက် ဝမ်းနည်းစရာပါပေ။

ပညာရေးဝန်ကြီး ဒေါက်တာညီညီက သိပ္ပံပညာ ထူးချွန်သူများ ပေါ်ပေါက်လာစေရန် အခြေခံသိပ္ပံပညာ ချွန်ဆုကို သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်သုံးခု အတွက် တစ်ဘာသာလျှင် ကျောင်းသား ၂၀ စီ ဆုချီးမြှင့်ရန် စီစဉ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ကန့်သတ်ချက်မှာ အနည်းဆုံး ထိုဘာသာရပ် သုံးခု ဂုဏ်ထူးရရှိပြီး အဓိကယူမည့် ဘာသာ ရပ်တွင် အမှတ် ၉၀ ကျော်ရမည် ဖြစ်သည်။

ပထမအသုတ်တွင် သင်္ချာလေးဦးနှင့် ရူပဗေဒ နှစ်ဦး ရရှိခဲ့ပြီး ဓာတုဗေဒ မရှိခဲ့ပါ။ သင်္ချာ လေးဦးကို ဖော်ပြပြီး ဖြစ်သည်။ ရူပဗေဒထူးချွန်နှစ်ဦးမှာ ကိုအောင်မြင့်နှင့် ကိုကျော်ကျော်လှိုင်(Smart ဦးကျော်ကျော်လှိုင်) တို့ဖြစ်၏။

ဒုတိယအသုတ် (၁၉၇၀) တွင် သင်္ချာ ခြောက်ဦးကို ဖော်ပြပြီးဖြစ်၏။ ရူပဗေဒ ငါးဦးမှာ ကိုကျော်ဌေး(ငါးထပ်ကွမ်း လူရည်ချွန်၊ လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့ ဗဟိုအလုပ်အမှု ဆောင်)၊ ကိုသိန်းထွန်း(ဒေါက်တာသိန်းထွန်း ပါမောက္ခ- ငြိမ်း)၊ ကိုသိန်းလွင်(ပြည်ပ)၊ မခင်ဆွေမြင့် (ဒေါက်တာ ခင်ဆွေမြင့် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်- ငြိမ်း)နှင့် မခင်လေးကြည် (ပြည်ပ) တို့ ဖြစ်၏။ ဓာတုဗေဒ သုံးဦးမှာ ကိုမောင်ဆန်း (ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်-ငြိမ်း)၊ ကိုအုံးမောင် (ကထိက-ငြိမ်း)၊ မတင်တင်နွဲ့ (ကထိက-ငြိမ်း) တို့ဖြစ်၏။

တတိယအသုတ်(၁၉၇၁)မှ သင်္ချာ ၁၁ ဦးကို ဖော်ပြပြီး ဖြစ်၏။ ရူပဗေဒ လေးဦးမှာ မခင်အေး(ဒေါက်တာဒေါ်ခင်အေး ပါမောက္ခ-ငြိမ်း)၊ မနန်းခင်အေး (ဒေါက်တာနန်းခင်အေး၊ ပါမောက္ခ-ငြိမ်း)၊ ကိုတက်တိုး (ထိုင်းနိုင်ငံ အဆမ်းရှင်း တက္ကသိုလ်)၊ ကိုအောင်မင်း (အကောက်ခွန်-ငြိမ်း)တို့ဖြစ်၏။ ဓာတုဗေဒ သုံးဦးမှာ ကိုမြင့်စိုး(ကထိက- ငြိမ်း)၊ ကိုစိုးမြင့် (သင်တန်းရေးရာဌာနမှူး-ငြိမ်း)၊ မမေနှင်း(ကွယ်လွန်) တို့ ဖြစ်၏။

ကျွန်တော်တို့ စတုတ္ထအသုတ် (၁၉၇၂)မှ သင်္ချာ ကျောင်းသား ၂၀ အကြောင်းဖော်ပြပြီးဖြစ်၏။ ရူပဗေဒ ကျောင်းသား ၂၀ မှာ ကိုသိန်းဝင်း (ဒေါက်တာသိန်းဝင်း ဂျာမနီ)၊ မနွယ်နွယ်အေး (ကထိက-ငြိမ်း)၊ ကိုမြသန်း (ဆက်သွယ်ရေး-ငြိမ်း)၊ ကိုသိန်းဝေ (Top သိန်းဝေ)၊ မတင်အုန်းကြည် (ကထိက-ငြိမ်း)၊ ကိုအေးသောင်း (ကွယ်လွန်)၊ ကိုမျိုးသန့်(ကွယ်လွန်)၊ ကိုစောလှမောင် (ဒေါက်တာစောလှမောင် တွဲဖက်ပါမောက္ခ-ငြိမ်း)၊ ကိုကျော်တင့် (ဒေါက်တာကျော်တင့် အမေရိကန်)၊ ကိုမြင့်ဦး (တွဲဖက်ပါမောက္ခ-ငြိမ်း)၊ ကိုတင်ထွန်း (ဒေါက်တာ တင်ထွန်း ပါမောက္ခ-ငြိမ်း)၊ မကျင်စိန် (ကွယ်လွန်)၊ ကိုသက်ထွန်းအောင် (ပါမောက္ခချုပ်-ငြိမ်း)၊ မခင်မာကြူ (ဒေါက်တာခင်မာကြူ ပါမောက္ခ-ငြိမ်း)၊ ကိုကျော်မြင့် (စစစ စုံစမ်းရေးမှူး-ငြိမ်း)၊ ကိုမောင်ဝင်း(ဒေါက်တာဦးဝင်း ပါမောက္ခ-ငြိမ်း)၊ ကိုလှချို (ပုံနှိပ်လုပ်ငန်း)၊ ကိုကံညွန့် (ဒုကျောင်းအုပ်-ငြိမ်း)၊ မယဉ်ယဉ်နွဲ့(အထက်တန်းပြ-ငြိမ်း)၊ စောကျော်ဇေယျ (ဒုလ/ထအင်ဂျင်နီယာ-ငြိမ်း)တို့ ဖြစ်၏။ ဓာတုဗေဒ ရှစ်ဦးမှာ မအေးအေးမြင့် (ဒေါက်တာအေးအေးမြင့် ပါမောက္ခ-ငြိမ်း)၊ ကိုကျော်မျိုးနိုင် (ဒေါက်တာကျော်မျိုးနိုင် ပါမောက္ခ-ငြိမ်း)၊ မနန့်နီနီစိန် (ဒေါက်တာနီနီစိန် ပါမောက္ခ-ငြိမ်း)၊ ကိုသန်းထွန်း(သရုပ်ပြ- ငြိမ်း)၊ မထူးထူးအောင် (ကထိက-ငြိမ်း)၊ ကိုခင်မောင်ထွေး(ပြည်တွင်းအခွန် ဒုညွှန်မှူး-ငြိမ်း)၊ ကိုချိုသာ (သရုပ်ပြ-ငြိမ်း)၊ မဖြူဖြူအေး (စာရေးဆရာ)တို့ ဖြစ်၏။

ပဉ္စမအသုတ်(၁၉၇၃) မှ သင်္ချာ ၁၁ ဦးမှာ ကိုခင်မောင် ဆွေ (နိုင်ငံရေးတက်ကြွသူ)၊ ကိုမင်းအောင် (ဒေါက်တာ မင်းအောင် ထိုင်းနိုင်ငံအဆမ်းရှင်းတက္ကသိုလ်)၊ ကိုတင်ထွန်း အောင် (ဒေါက်တာတင်ထွန်းအောင် ဥက္ကဋ္ဌ အကြီးတန်း အကြံပေး)၊ မခင်စန်းနွဲ့ရီ (လက်ထောက်ကထိက-ငြိမ်း)၊ ကိုဝင်းအောင်(သင်္ဘောကပ္ပတိန်-ငြိမ်း)၊ ကိုဆန်းအောင်ရင် (တွဲဖက်ပါမောက္ခ-ငြိမ်း)၊ ကိုသက်ခိုင် (ဒေါက်တာသက်ခိုင် ပါမောက္ခ-ငြိမ်း)၊ ကိုရွှေကျော်(ဒေါက်တာရွှေကျော်-ငြိမ်း)၊ မတင်တင်ထွေး၊ မတင်တင်မြင့် (ကထိက-ငြိမ်း)၊ ကိုမောင်မောင်စိန် (သင်္ဘောကပ္ပတိန်-ငြိမ်း)တို့ ဖြစ်၏။ ရူပဗေဒ ငါးဦးမှာ မန်းသိန်းထွန်း (ကထိက-ငြိမ်း)၊ ကိုကိုဦး (ကွယ်လွန်)၊ မညွန့်ညွန့်ဌေး (ဒေါက်တာညွန့်ညွန့်ဌေး ပါမောက္ခ-ငြိမ်း)၊ မခင်ဆွေသန်း(ကထိက-ငြိမ်း)၊ မမြင့်မြင့် သန်း (ကွယ်လွန်) တို့ဖြစ်ကြ၏။ ဓာတုဗေဒ လေးဦးမှာ ကိုသန်းကို(ကွယ်လွန်)၊ မချိုချို (ကထိက-ငြိမ်း)၊ ကိုကျော်ငြိမ်း (ကထိက-ငြိမ်း)နှင့် ကိုကျော်မြင့်တို့ ဖြစ်၏။

ဆဋ္ဌမအသုတ်(၁၉၇၄) သင်္ချာ ရှစ်ဦးမှာ ကိုဌေးလှိုင် (ကထိက-ငြိမ်း)၊ ကိုမြင့်ခင် (ဒေါက်တာမြင့်ခင် ပါမောက္ခ- ငြိမ်း)၊ ကိုဌေးအောင်(ကွယ်လွန်)၊ ကိုအောင်ကျော်ဦး (ကထိက-ငြိမ်း)၊ ကိုကြည်ဝင်း၊ မစန်းမြင့်ကြည်(ကထိက- ငြိမ်း)၊ ကိုအေးဝေ(ကထိက- ငြိမ်း)၊ မရီရီစန်း(နည်းပြ-ငြိမ်း) တို့ဖြစ်၏။ ရူပဗေဒ မရှိပါ။ ဓာတုဗေဒ သုံးဦးမှာ ကိုဝင်းအောင် (ကထိက-ငြိမ်း)၊ မခင်စန်းဝင်းနှင့် ကိုစိုးလင်း (သာသနာ့ဘောင်ဝင်)တို့ ဖြစ်၏။

သတ္တမအသုတ်(၁၉၇၅) သင်္ချာကျောင်းသား ၂၀ မှာ မသန်းသန်းအေး(ဆက်သွယ်ရေး လ/ထမန်နေဂျာ- ငြိမ်း)၊ ကိုကျင်မြ၊ မသန်းသန်းဝင်း (တွဲဖက်ပါမောက္ခ- ငြိမ်း)၊ ကိုမျိုးမြင့်သန်း (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး)၊ မနွယ်နီမြင့် (သစ်တောကွန်ပျူတာ-ငြိမ်း)၊ မလှလှဝင်း (ဒေါက်တာလှလှဝင်း ပါမောက္ခ-ငြိမ်း)၊ မဝင်းကြည်(ဒေါက်တာဒေါ်ဝင်းကြည် ပါမောက္ခ-ငြိမ်း)၊ မကြူကြူ(လက်ထောက်ကထိက-ငြိမ်း)၊ မစမ်းစမ်းအေး (လက်ထောက်ကထိက-ငြိမ်း)၊ မမိမိလေး (ဂရပ်ဖစ် ဒီဇိုင်နာ)၊ ကိုငွေလင်း၊ မခင်ဝင်းညွန့်၊ မသန်းဌေး၊ မစန်းစန်း မွန် (ဒေါက်တာစန်းစန်းမွန် ပါမောက္ခ-ငြိမ်း)၊ ကိုချိုကြီး (တွဲဖက်ပါမောက္ခ-ငြိမ်း)၊ မအိ(ကထိက-ငြိမ်း)၊ မမြင့်အေး၊ မခင်အေးအေး (ဒေါက်တာဒေါ်ခင်အေးအေး ပါမောက္ခ ချုပ်-ငြိမ်း)၊ ကိုရွှေမောင်၊ ကိုချိုသွင်ထွန်းတို့ ဖြစ်၏။

ရူပဗေဒ ၁၉ ဦးမှာ ကိုစိုးသိမ်း(ရုပ်ရှင်လုပ်ငန်း)၊ ကိုရွှေဗျိုင်း (သာသနာ့ဘောင်ဝင်)၊ မစီစီဌေး(ပါမောက္ခ- ငြိမ်း)၊ ကိုနေဒွန်းအောင်၊ မဖြူဖြူခင်(ထိုင်းနိုင်ငံ အဆမ်းရှင်း တက္ကသိုလ်)၊ ကိုခင်မောင်အေး(ကွယ်လွန်)၊ မဝင်းဝင်းခိုင် (ဒေါက်တာဒေါ်ဝင်းဝင်းခိုင် ပါမောက္ခ-ငြိမ်း)၊ ကိုအောင် ကြီးညွန့်၊ မဝေဝေသိန်း (ဒေါက်တာဒေါ်ဝေဝေသိန်း၊ တွဲဖက်ပါမောက္ခ-ငြိမ်း)၊ မခင်သက်ဇင် (ဒေါက်တာ ခင်သက်ဇင်၊ ကွယ်လွန်)၊ မခင်ဝင်းနွယ်၊ မသန်းသန်းဌေး၊ ကိုစိုင်းအောင်ခင် (ခရိုင်ပညာရေးမှူး-ငြိမ်း) (ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)၊ မရင်ရင်သန်း (သရုပ်ပြ-ငြိမ်း)၊ ကိုနေဦး(ဒေါက်တာနေဦး၊ ပြည်ပ)၊ မသန်းသန်း မြင့် (ဒေါက်တာသန်းသန်းမြင့် ပါမောက္ခ-ငြိမ်း)၊ ကိုသောင်းအေး (စစစ ဦးစီးအရာရှိ-ငြိမ်း)၊ မနီနီလွင် (ဒေါက်တာနီနီလွင် ပါမောက္ခ-ငြိမ်း)၊ ကိုသာထွန်းအောင် (ကုန်သည်)တို့ ဖြစ်၏။

ဓာတုဗေဒကျောင်းသား ၂၀ မှာ မသန်းသန်းဌေး (အထပြ-ငြိမ်း)၊ ကိုလင်းမြင့်၊ မမြင့်မြင့်ခိုင်၊ မနှင်း၊ မခင်ဝင်း၊ မနီလာသိန်းမြင့်၊ မကြည်ကြည်ဝင်း၊ ကိုအောင်ကျော်ရှိန်၊ ကိုမျိုးသန့်ဆွေ၊ မမာမာမြင့်၊ မမြင့်မြင့်စမ်း၊ မခင်ဝင်းကြည်၊ မသန်းသန်းမြင့်၊ ကိုဌေးဝင်း၊ မချိုမာဝင်း၊ မသီတာထွဋ်၊ မဆွေဆွေသန်း၊ ကိုအေးမြင့်၊ မသက်သက်လွင်နှင့် ကိုကျော်ရှင်းတို့ဖြစ်၏။

သတ္တမအသုတ် သင်္ချာမှ ကိုမျိုးမြင့်သန်းမှာ ရန်ကုန် တက္ကသိုလ်ရောက်ရှိကာ ပဲခူးဆောင် မြေညီထပ်တွင် နေပြီး နှစ်လအကြာ မှိုင်းရာပြည့်အရေးအခင်းဖြစ်၍ ကျောင်းအကန့်အသတ်မရှိပိတ်နေချိန်တွင် စစ်တက္ကသိုလ် မှ ဗိုလ်လောင်းခေါ်စာလာသဖြင့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၁)သို့ တက်ရောက် ခဲ့၏။ တပ်မတော်(ရေ)တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ တွင် နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ပြောင်းရွှေ့ခဲ့၏။ လက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

ယင်းအသုတ် ဓာတုဗေဒမှ ကိုကျော်ရှင်းမှာ ကျွန်တော်တို့ကဲ့သို့ပင် ဘွဲ့ရအပြီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၆၀ တက်ရောက်ခဲ့၏။ သထုံခရိုင် လေးကေ ဒေသ စစ်ဆင်ရေးတာဝန်ထမ်းဆောင်စဉ် ကေအင်န်ယူ တပ်မဟာ(၁)မှ နာမည်ကြီး မြင့်သိန်းအား အရှင်ဖမ်းဆီး ရမိသဖြင့် အကြီးအကဲများ၏ ချီးကျူးမှုခံခဲ့ရ၏။ ၂၀၀၂ ခုနှစ်တွင် တပ်မတော်မှ အနားယူခဲ့သည်။ သတ္တမအသုတ် ပင် အားလုံးကိုမသိတော့သဖြင့် ကျန်အသုတ်များ မဖော်ပြနိုင်တော့ပြီ။

ကျွန်တော်ဆောင်းပါးရေးကြောင်း ဖတ်မိသူများက အချင်းချင်းပြောကြသဖြင့် သိပ္ပံချွန်ရောင်းရင်းများက ဖတ်ကြည့်ကြကြောင်း၊ သင်္ချာသမားအချို့သာပါပြီး ရူပဗေဒနှင့် ဓာတုဗေဒမှ သူငယ်ချင်းများအကြောင်း/ သင်္ချာမှအဆောင်တွင်အတူနေခဲ့သော အတန်းငယ်များ အကြောင်း မဖော်ပြ၍ ဝမ်းနည်းကြကြောင်း ပြန်ကြား ရ၏။ ငယ်စဉ်က ရေဒီယိုမှ နားထောင်ရသော ရွှေမန်း တင်မောင်၏ ‘လေးတော်တင်ခန်း’ ကို ပြန်သတိရမိသည်။ ယင်းဇာတ်တွင် ရွှေမန်းတင်မောင်က သုဒ္ဓေါဒနမင်းကြီး အဖြစ် သရုပ်ဆောင်၏။ သားတော်သိဒ္ဓတ္ထမင်းသားထံ တုသိတာနတ်ပြည်မှ မယ်တော်မိနတ်သားက သဝဏ်လွှာ ပါးခန်းတွင် သဝဏ်လွှာပါစာ ဖတ်ပြသည်ကို နားထောင် ပြီးနောက် ဘုရင်လုပ်သူ ရွှေမန်းတင်မောင်က “ဆက်ဖတ်စမ်းပါဦး”၊ “နောက်ဘက်ကော”၊ “အောက်နား မှာကော”၊ “ကြည့်စမ်းပါဦး” ဖြင့် ပြော၏။ ကုန်ပြီ ဖြစ်ကြောင်း၊ ဘာမျှမကျန်တော့ကြောင်း ဖြေကြရာ “သုဒ္ဓေါ ဆိုတာလေးမပါဘူးလား” ဟုမေးပုံကို ပွဲကျ အမှတ်ရ၏။ ယခုလည်း ‘သုဒ္ဓေါ’တော့ ပါပြီဟု ဖြေသိမ့်နိုင် စေရန် ဖြစ်ပါ၏။ အချက်အလက်များကို သူငယ်ချင်း များက ဝိုင်းဝန်းစုဆောင်းပေး၍ ဤမျှဖော်ပြနိုင်ခြင်း ဖြစ်ပါသည်။ မှားယွင်းက ပြင်ဆင်ပေးကြပါရန်။

စိတ်နေပြောင်းရင်း ချစ်သွားကြသူတွေ

အထက်ဖော်ပြပါ ကျွန်တော်တို့ သိပ္ပံချွန်မောင်နှမ များအနက် အချင်းချင်းအိမ်ထောင်ပြုသူများမှာ ကျွန်တော်တို့ သင်္ချာမှ ကိုဇော်ဝင်းနိုင်နှင့် မစန်းတင်၊ ကိုငွေလင်းနှင့် မကြူကြူ၊ ရူပဗေဒမှ ကိုမြသန်းနှင့် မခင်မာကြူ၊ ကိုမြင့်ဦးနှင့် မကျင်စိန်၊ ရူပဗေဒမှ ကိုသက် ထွန်းအောင်နှင့် ဓာတုဗေဒမှ မအေးအေးမြင့်တို့ ဖြစ်ကြ၏။

လူရည်ချွန်ဆု

ကျွန်တော်တို့ကျောင်းသားဘဝတွင် ၁၉၆၄ ခုနှစ်မှ စ၍ လူရည်ချွန်စီမံကိန်းဖြင့် ကာယ၊ ဉာဏ ဘက်စုံထူးချွန်သူ များကို လူရည်ချွန်ဆုရွေးချယ်ချီးမြှင့်ခဲ့သည်။ ၇ တန်းမှစ၍ ခရိုင်တစ်ခုလျှင် တစ်ဦးနှုန်းရွေးချယ်ခဲ့ရာ စာတော်ခြင်း အပြင် ကိုယ်ကာယကြံ့ခိုင်မှုနှင့်ပတ်သက်၍ ခွန်အားရှိမှု၊ လျင်မြန်မှု၊ သက်လုံကောင်းမှု၊ ကျင်လည်ဖျတ်လတ်မှု လေးမျိုးကို စံချိန်များသတ်မှတ်၍ ယှဉ်ပြိုင်အမှတ်ပေး ရွေးချယ်သည်။ ကျောင်းအဆင့်/မြို့နယ်အဆင့်/ခရိုင်အဆင့် အဆင့်ဆင့်ရွေးပြီး ပညာရေးဝန်ကြီးဌာနက ခရိုင်တစ်ခု လျှင် ၇ တန်း တစ်ဦး၊ ၈ တန်း တစ်ဦး၊ ၉ တန်း တစ်ဦး၊ ၁၀ တန်း တစ်ဦး ရွေးချယ်ချီးမြှင့်ခဲ့သည်။

၁၉၆၄ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံပညာရေးဝန်ကြီး ဌာနက ပထမအကြိမ် လူရည်ချွန်ဆုကို စတင်ချီးမြှင့်ခဲ့ရာ ကျောင်းသား ၁၉၂ ဦး၊ ကျောင်းသူ ၆၁ ဦး ပေါင်း ၂၅၃ ဦး သည် ပထမဆုံးသော လူရည်ချွန်များဖြစ်ခဲ့ကြ၏။ အခြေခံ ပညာကျောင်းများနှင့် အလွတ်ပညာသင်ကျောင်းများမှ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ် ၁၉၆၅ ခုနှစ်တွင် စက်မှုလက်မှုအထက်တန်းကျောင်းများ၊ စိုက်ပျိုးရေး အထက်တန်းကျောင်းများ၊ သိပ္ပံနှင့် ကောလိပ်များ၊ တက္ကသိုလ်များကိုပါ တိုးချဲ့ရွေးချယ်ခဲ့၏။ ၁၉၆၆ ခုနှစ်တွင် ဆရာအတတ်သင်ကျောင်း/သိပ္ပံကျောင်း၊ ၁၉၆၇ ခုနှစ်တွင် ရွာသစ်ကြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး သိပ္ပံတို့ကိုပါ တိုးချဲ့ရွေးချယ်ခဲ့သည်။ ၁၉၈၈ ခုနှစ် အရေး အခင်း ဖြစ်ပွားပြီးနောက် လူရည်ချွန်စီမံကိန်းလည်း ရပ်ဆိုင်း သွားခဲ့၏။ ၁၉၆၄ မှ ၁၉၈၈ ခုနှစ်အထိ ၂၄ နှစ်တာကာလ အတွင်း လူရည်ချွန်ပေါင်း ၇၉၀၇ ဦး ရွေးချယ်ချီးမြှင့်ခဲ့၏။

ကျွန်တော်စာတော်ခဲ့သော်လည်း ကြံ့ခိုင်ရေးညံ့ပါ သည်။ သို့ဖြစ်၍ ကျောင်းအဆင့်မှာပင် ပြုတ်လေ့ရှိသည်။ ရန်ကုန်တက္ကသိုလ်ရောက်သောအခါ ပထမနှစ်မှ စတုတ္ထနှစ် အထိ သိပ္ပံတစ်ဦး၊ ဝိဇ္ဇာတစ်ဦး လူရည်ချွန်ရွေးချယ်ရာ ကျွန်တော်တို့အသုတ်၏ သိပ္ပံလူရည်ချွန်မှာ ကိုခင်မောင် ကြွေ (အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်) ဖြစ်၏။ ပထမနှစ်မှ တတိယနှစ်အထိ သူပင်ရ၏။ စတုတ္ထနှစ်အတွက် လူရည်ချွန်ဖြေရာတွင် ထုံးစံအတိုင်း ကိုခင်မောင်ကြွေပင် ရမည်ဟု ထင်ထားကြသည်။ သတင်းစာတွင်ထုတ်ပြန် ကြေညာသောအခါ မမျှော်လင့်ဘဲ ကျွန်တော်ဖြစ်နေ၏။ သူငယ်ချင်းက လျှော့ပေးလေသလား မသိပါ။ သို့နှင့် ဘဝတွင် နောက်ဆုံးအခွင့်အရေး၌ လူရည်ချွန်ဖြစ်ခဲ့ပါ၏။ ကျွန်တော်လူရည်ချွန်အဖြစ် အရွေးခံရသောနှစ်မှာ ၁၄ ကြိမ်မြောက်ဖြစ်၏။ လူရည်ချွန်များကို အပန်းဖြေခရီး စေလွှတ်ရာတွင် ငပလီ ရွှေဝါချိုင်စခန်းနှင့် အင်းလေး ခေါင်တိုင်စခန်းတို့သို့ ခွဲ၍စေလွှတ်လေ့ရှိပြီး သုံးကြိမ်နှင့် အထက် လူရည်ချွန်များကိုမူ နယ်လှည့် လူရည်ချွန်စခန်း အဖြစ် စက်စဲ မောင်းမကန်၊ မေမြို့ ပွဲကောက်၊ ပုဂံ၊ ပုပ္ပား စသည်ဖြင့် စေလွှတ်ခဲ့သည်။ ၇/၈/၉ တန်းနှင့် ၁၀ တန်း နှင့်အထက်ဟု အုပ်စုနှစ်စုခွဲ၍ ငပလီနှင့် အင်းလေး အလှည့်ကျ စေလွှတ်၏။ ကျွန်တော်တို့နှစ်တွင် အကြီးတန်းများမှာ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ သွားရ၏။

ရန်ကုန်ဘူတာကြီးအနီး အထက်ပန်းဆိုးတန်း လမ်းပေါ်ရှိ အထကကျောင်းစုရပ်သို့ သတင်းပို့ပြီး ဝတ်စုံများ ထုတ်ခြင်း၊ ပြင်ဆင်ခြင်းများဆောင်ရွက်ပြီးနောက် ရထား ဖြင့် ရွှေညောင်သို့သွားကြရသည်။ ရထားပေါ်တွင် ကြီးကြပ်သူ ဆရာ ဆရာမများက လူရည်ချွန်သီချင်းများ သင်ပေးရာ ရွှေညောင်မရောက်မီ အလွတ်ရကုန်ကြ၏။ ကျွန်တော်တို့အဖွဲ့ကို ကြီးကြပ်သူအဖြစ် လိုက်ပါလာသူမှာ ကျွန်တော်တို့တက္ကသိုလ် စိတ်ပညာဌာနမှ ဒေါက်တာ ကျော်စိန် ဖြစ်၏။ ပထမအကြိမ် လူရည်ချွန်အဖြစ် ပါလာသူ ကျောင်းသားငယ်အချို့က ဆရာကြီး ဒေါက်တာကျော်စိန် ဆေးမကုတတ်ကြောင်း စတင်သိချိန် အံ့အားသင့်ကြပုံကို အမှတ်ရမိသည်။ ဆရာကြီးမှာ စိတ်ပညာဘာသာရပ်ဖြင့် ပါရဂူဘွဲ့ယူခဲ့သူဖြစ်ကြောင်း မသိကြတာဖြစ်မည်ထင်ပါ သည်။ ထိုခရီးစဉ်တွင် ကျွန်တော်တို့ သိပ္ပံချွန်ဒုတိယအသုတ်မှ ကိုကျော်ဌေး (လူရည်ချွန် ငါးထပ်ကွမ်း)က ကြီးကြပ်သူ ဆရာအဖြစ် ပြန်ပါလာသည်။

အင်းလေးခေါင်တိုင်စခန်းတွင် စခန်းဖွင့်ပွဲပြီးနောက် ဉာဏ်စမ်းပဟေဠိများ ယှဉ် ပြိုင်ရခြင်း၊ အင်းလေးဖောင်တော်ဦး ဘုရားအပါအဝင် အင်းလေးကန်အတွင်း၊ တောင်ကြီးမြို့၊ ပင်းတယနှင့် ဗထူးတပ်မြို့လေ့လာရေးများသွားရောက် ရ၏။ ဗထူးတပ်မြို့တွင် အမြောက်လေ့ကျင့်ခန်း၊ သံချပ်ကာ ယန္တရားလေ့ကျင့်ခန်း၊ ဝန်တင်လားမြင်း လေ့ကျင့်ရေး၊ စစ်ခွေး လေ့ကျင့်ရေးစသည်တို့ အသေးစိတ်လေ့လာခဲ့ရ၏။

အင်းလေးလူရည်ချွန်စခန်း၌နေကြစဉ် နေ့စဉ် လက်ကမ်းစာစောင်ငယ်လေး ထုတ်ဝေလေ့ရှိ၏။ ကဗျာများ၊ စာညွန့်များ၊ မှတ်သားဖွယ်ရာများပါ၏။ ပထမရက်တွင် ကြီးကြပ်သူတစ်ဦးက “လူရည်ချွန်ဟောင်းတစ်ဦး” ဟု ကလောင်အမည်တပ်၏။ နောက်ရက်တွင် “လူရည်ချွန် ဟူသည် ဟောင်းသည်မရှိ၊ တစ်သက်တာ ထာဝရလူရည်ချွန်” ဟု ဝေဖန်ရေးသားချက်ပါလာ၏။ ယခုအခါ လူရည်ချွန် (၁၉၆၄-၈၈)အဖွဲ့ ဖွဲ့စည်းပြီး အများပြည်သူအကျိုး သယ်ပိုး နေကြသည်ကို တွေ့ရပြန်တော့ ‘တစ်သက်တာ ထာဝရ လူရည်ချွန်’ ဟူသည် မမှားဟု ဆိုနိုင်ပါသည်။

အပြန်တွင် ရန်ကုန် စုပေါင်းလူရည်ချွန်စခန်းကို ပညာရေးတက္ကသိုလ်အတွင်း ဖွင့်လှစ်ရာ တကောင်းဆောင် တွင် တည်းခိုရ၏။ မြန်မာ့အသံနှင့် စက်ရုံ/အလုပ်ရုံများ အား လေ့လာကြရပြီး စခန်းမသိမ်းမီ ပညာရေးဝန်ကြီးက ညစာစားပွဲဖြင့် တည်ခင်းရာနေရာမှာ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်အတွင်းတွင် ဖြစ်၏။

ရန်ကုန်စုပေါင်းလူရည်ချွန်စခန်းမသိမ်းမီ လူငယ်ထု တွေ့ဆုံပွဲကို သမိုင်းအားကစားရုံ၌ ကျင်းပခဲ့သည်။ ထိုစဉ်က ခေတ်စားနေသော လှုပ်ရှားမှုမှာ လွှတ်တော်အဆောက်အအုံ တည်ဆောက်ရေးလုပ်အားပေး ဖြစ်၏။ လမ်းစဉ်လူငယ်အဖွဲ့ မှ စီစဉ်ခြင်းဟု ထင်ပါသည်။ ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် လုပ်အားပေးရန် စာရင်းသွားပေးရာ တာဝန်ခံက “အပြည့်လုပ်နိုင်မလား”ဟု မေးသည်။ နှစ်ပတ်ပြီးလျှင် လူရည်ချွန်စခန်းဝင်ရန်ရှိကြောင်း ပြောသောအခါ “လူရည်ချွန်ဆုကို စွန့်လွှတ်မှာလား” ဟု မေးသည်။ မစွန့်လွှတ်ပါ ဖြေ၍ လက်မခံပါ။ ကျန်သူငယ်ချင်းများကိုသာ လက်ခံပါသည်။ လူရည်ချွန်စခန်းသို့ ရောက်သောအခါ လုပ်အားပေးစခန်းမှ ကူးလာသူအတော်များများကို တွေ့ရရာ မူဝါဒ တစ်သမတ်တည်းမရှိဟု ဆိုနိုင်၏။

လူငယ်ထုတွေ့ဆုံပွဲတွင် သမိုင်းအားကစားရုံအတွင်း ပတ်လည်ပွဲကြည့်စင်များ၌ လူငယ်အဖွဲ့များကို အုပ်စုလိုက် နေရာချထားပေးသည်။ အဖွဲ့အလိုက် တစ်လှည့်စီ ဖြေဖျော် ကြရာ ကျွန်တော်တို့အဖွဲ့က လူရည်ချွန်သီချင်းများဖြင့် ဖျော်ဖြေကြ၏။ လွှတ်တော်လုပ်အားပေးလူငယ်များက သံချပ် အဖွဲ့ဖြင့် ဖျော်ဖြေ၏။ သံချပ်ထိုးရာတွင် အချိတ်အဆက်လွဲပုံ ဖြင့် “လူရည်ချွန်စခန်းက လူငယ်တွေ” “တိုင်းပြည်အတွက် ဆို လူပိုတွေပဲ”ဟု ပြက်ကြ၏။ အံ့အားသင့်စရာပါပေ။

တပ်မတော်သားများတွင် လူရည်ချွန်အမြောက် အမြားရှိပါ၏။ ငယ်စဉ်က မကြာခဏကြားခဲ့၊ စွဲခဲ့ဖူးသော အဆိုတော် သန်းထွန်းလေး၏ သီချင်းတစ်ပုဒ်ရှိသည်။ “လူရည်ချွန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်၊ ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်။ မြန်မာ့သားကောင်းဇာနည် စစ်သားကြီးကို ကျွန်တော်မျှော်မှန်းသည်” ဟူ၏။ ထို သုံးချက်စလုံးနှင့် ကိုက်ညီသော တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် အရာရှိများလည်း အမြောက်အမြားပင်။

နောက်ကျခြင်း

ကျွန်တော်၏ဘဝတွင် နောက်ကျခြင်းများ အကြိမ် ကြိမ်ပါပေ။

ငယ်စဉ်က အတန်းထဲတွင် အရပ်အပုဆုံးဖြစ်၏။ ၉ တန်းအထိ ငါးပေ မပြည့်ပါ။ ၉ တန်း စာမေးပွဲအပြီး နွေကျောင်းပိတ်တွင် မိဘများ၏ဆရာသမားမိသားစု ရဟန်းခံရှင်ပြုတွင် ပါဝင်ရှင်ပြုရာမှ ကိုရင်ဝတ်အပြီး အရပ်နည်းနည်းထွက်လာ၏။ ၁၀ တန်းအောင်ချိန်တွင် ငါးပေ နှစ်လက်မပင် မပြည့်ချင်။

ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်လိုက်၊ စားလိုက်၊ အိပ်လိုက်၊ ရေကူးလိုက်ဖြင့် ပထမနှစ်အပြီးတွင် ငါးပေ ရှစ်လက်မဖြစ်သွား၏။ တစ်နှစ်အတွင်း ခြောက်လက်မကျော် အရပ်ထွက်၏။ ဒုတိယနှစ်အပြီးတွင် ၅ ပေ ၁၀ လက်မကျော် လက်ရှိအရပ်ဖြစ်လာ၏။ အမိတက္ကသိုလ်၏ ကျေးဇူးပါပေ။

ကျောင်းသားအတော်များများ ယူတီစီကို ပထမနှစ် တွင် စဝင်ကြ၏။ ကျွန်တော်က နောက်ဆက်တွဲအဖြစ် တတိယနှစ်ကျမှ ဝင်ဖြစ်၏။

ကာယ၊ ဉာဏဘက်စုံထူးချွန်သူများ ၇ တန်းမှစ၍ လူရည်ချွန်ရကြပြီး ခြောက်ထပ် ကွမ်း၊ ခုနစ်ထပ်ကွမ်း အထိပင် ရှိသည်ထင်ပါသည်။ ကျွန်တော်က ၁၄ တန်းဟု ဆိုနိုင်သည့် တက္ကသိုလ်နောက်ဆုံးနှစ်ရောက်မှ လူရည်ချွန် ဖြစ်ရ၏။

တပ်မတော်သို့ ဝင်ရာ၌လည်း ဝါသနာပါသူများ၊ စိတ်ပြတ်သူများက ၁၀ တန်းအောင်စဉ်ကပင် စစ်တက္ကသိုလ် ဗိုလ်လောင်း/အလုပ်သင်ဗိုလ်လောင်း စသည် ဝင်ကြ၏။ ကျွန်တော်က မေမြို့သားဖြစ်ပြီး ဗိုလ်လောင်းများကို မကြာခဏမြင်တွေ့နေရပါလျက် စစ်သားလုပ်ရန် စိတ်မကူးမိပေ။ တက္ကသိုလ်ဆရာ ဖြစ်ရန်သာ စိတ်ကူးယဉ်ခဲ့၏။ စိတ်ကူးယဉ်သလိုဖြစ်ရန် ခက်ခဲ၍ လက်တွေ့ကျကျစဉ်းစားပြီး တပ်မတော်သို့ ဝင်သောအခါ နောက်ကျ၏။ အရေးအခင်းများကြောင့် နှစ်နှစ် နောက်ကျတော့သည်။ (စတသ ၁၈ ကို မီသော် လည်း ဗိုလ်သင်တန်းဆင်းချိန်တွင် စတသ ၂၀ နှင့် အတူတူနီးပါးဖြစ်၏။)

တပ်တွင်း အဆင့်တိုးရာ၌လည်း ရှေ့ကပြေးသူ မဟုတ်ပြန်ချေ။ ကျွန်တော်တို့ ဗိုလ်လောင်းအပတ်စဉ်တွင် သူရဲကောင်းမှတ်တမ်းဝင် နှစ်ဦးရရှိကြရာ သူတို့ နှစ်ဦးမှာ ရာထူးအဆင့်တိုင်း ကျွန်တော်တို့ထက် စောခဲ့၏။ ကျွန်တော်ကတော့ အလယ်အလတ် မှန်မှန်ပင်။

ယခုလည်း အငြိမ်းစားယူရန် နောက်ကျနေဆဲ ဖြစ်၏။ သူငယ်ချင်းများ အငြိမ်းစားယူ၊ လည်ပတ်၊ ကမ္ဘာပတ်နေကြချိန်တွင် ကျွန်တော့်မှာ အိမ်နှင့်ရုံးသာ။ ဗုဒ္ဓဘာသာဝင်ပီပီ တရားအလုပ်ကောင်းစွာမလုပ်အား သေးသဖြင့် အသေမစောရန် ဆုတောင်းမိသည်။

ကျွန်တော်၏ဆောင်းပါးတွင် ကံ့ကော်တော အကြောင်း၊ သစ်ပုပ်ပင်အကြောင်း၊ ဦးချစ်ဆိုင်အကြောင်း မပါသဖြင့် ‘ရန်ကုန်တက္ကသိုလ်အကြောင်းမှ ဟုတ်ရဲ့လား’ ဟုမေးခွန်းထုတ်လိုသူတို့လည်း ရှိကောင်းရှိပါမည်။

ဆိုရှယ်လစ်ခေတ်တွင် ကျောင်းနေခဲ့ရသော၊ မိဘများ မသောင်သာသော၊ အဆောင်ထမင်းဟင်းကိုသာ နပ်စေ့စားသောက်ခဲ့ရသော အမိတက္ကသိုလ် နောက်ကျ သားတစ်ယောက်၏ မှတ်မိသမျှအတွေ့အကြုံများသာ ဖြစ်ပါ၏။ ကောင်းခန်းမပါ၍ ခွင့်လွှတ်ကြပါကုန်။

အမိတက္ကသိုလ်၏ကျေးဇူးကြောင့် လူတစ်လုံး သူတစ်လုံးဖြစ်လာသည့်အပြင် တက္ကသိုလ်ရာပြည့်ကို အကြောင်းပြု၍ စာရေးသားမှုကိုလည်း စတင်မိပါသည်။ ကျေးဇူးရှင် အမိတက္ကသိုလ်ကြီး နှစ်ပေါင်းရာထောင် တည်တံ့ပါစေ။ မကြာမတင်ကာလတွင် ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးအဖြစ် တက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်း ဂုဏ်ပြုလိုက်ရပါသည်။ ။