ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆောင်ရွက်

 

ရန်ကုန်၊ ဒီဇင်ဘာ ၄

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးခြင်း အသိပညာပေး လုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ယနေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး နယ်မြေခရိုင် ၄ ခုရှိ မြို့နယ် ၄ မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်ကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။

 

မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့မဲပေး လေ့လာခြင်းကို သက်ဆိုင်ရာ နယ်မြေအလိုက် နံနက် (၉) နာရီမှ မွန်းလွဲ (၃) နာရီအထိ ဆောင်ရွက်ခဲ့ရာ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ရပ်ကွက် ၁၁ ခုတို့မှ ၄၀၁ ဦး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပ မြို့နယ်တွင် ရပ်ကွက် ၇ ခုတို့မှ ၂၄၃ ဦး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၄၅ ခုတို့မှ ၄၅၃ ဦး၊ အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ရပ်ကွက် ၅ ခုတို့မှ  ၃၅၅ ဦး၊ စုစုပေါင်း ရပ်ကွက်/ ကျေးရွာအုပ်စု ၆၈ ခုတို့မှ ၁၄၅၂ ဦး လာရောက်လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာနယ်မြေအလိုက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုထားပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ပါတီကိုယ်စားလှယ်များလည်း တက်ရောက်၍ လက်တွေ့စမ်းသပ် မဲပေးလေ့လာ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်အား ရန်ကုန်တိုင်းဒေသကြီး နယ်မြေရှိ မြို့နယ် ၄၅ မြို့နယ်တို့၌ ရပ်ကွက်/ကျေးရွာ အုပ်စုအဆင့်ထိ မဲဆန္ဒရှင်ပြည်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်