နေပြည်တော် ဧပြီ ၂၅

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်၊ နွယ်ခွေယန္တရားဝင်းသို့ ရောက်ရှိပြီး စက်၊ ယာဉ်၊ ယန္တရားများ လုံခြုံရေး အထူးဂရုပြုရန်၊ ကျူးကျော်တဲများ ချဉ်းကပ်မှုမရှိစေရေး ဝန်ထမ်းအင်အား လုံလောက်စွာ စုဖွဲ့တာဝန်ပေးအပ်ရန် မှာကြားကာ လုံခြုံရေးဂိတ်၊ ပစ္စည်းဟောင်း ဂိုဒေါင်နေရာများ၊ စက်ပြင်/ စက်မောင်း ဝန်ထမ်းလိုင်းခန်းနေရာနှင့် စက်ယာဉ်ယန္တရားများ ထိန်းသိမ်းထားရှိမှုနှင့် နွယ်ခွေယန္တရားဝင်း ပတ်လမ်းတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ယန္တရားအခြေစိုက်ရုံး (အောက်မြန်မာပြည်) ရုံးအခြေစိုက်မြေနေရာ ခွဲဝေရရှိမှု၊ ခြံစည်းရိုးကာပြီးစီးမှု၊ ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ဂိုဒေါင်နှင့် စက်ယာဉ်ယန္တရားများ ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် လှည်းကူးမြို့နယ် အမှတ်(၇)လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး  Max Myanmar Company မှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော အမှတ်(၂)လမ်းမကြီး၊ မိုင်တိုင် (၂၂)မှ (၂၃)ကြား ကွန်ကရစ်လမ်းချဲ့နေမှုကို မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ ကုမ္ပဏီတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လမ်းနယ်နိမိတ်တွင်း ကျူးကျော်များ မရှိစေရန်၊ လမ်း Design မှန်ကန်မှုရှိရန်တို့အား ဌာနဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းခံနိုင်ဝန်တွက်စစ်ပုံအတိုင်း စံချိန်စံညွှန်းပြည့်အောင် ဆောင်ရွက်ရန်မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးနှင့် အမှတ်(၂) လမ်းဆုံနေရာသို့ ရောက်ရှိပြီး ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် လမ်းလယ်ကျွန်းထားရှိမှု၊ လမ်းညွှန်အမှတ်အသား ဆိုင်းဘုတ်များ တပ်ဆင်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား၍ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးအတိုင်း လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

 

သတင်းစဉ်