ရန်ကုန် ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၆ နာရီခွဲတွင် ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ အောင်ချမ်းသာမြောင်း ရေစီးရေလာ ကောင်းမွန်စေရန် ရှင်းလင်းနေမှုနှင့် မြောင်းတစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြေထိန်းနံရံနှင့် နေအိမ်များ၏ အုတ်တံတိုင်းအကြား မြက်ပင်ချုံနွယ်များ ခုတ်ထွင်းရှင်းလင်း၍ မြေညှိရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက် မိတ္တဗလမြစ် ထွက်ပေါက်၌ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မင်းနန္ဒာလမ်းပေါ်ရှိ ကြည်စုရပ်ကွက် ရန်အောင်မြစ် ထွက်ပေါက်သို့လည်းကောင်း၊ ယမုံနာ(၁) ရပ်ကွက်၊ အသောကရာမမြစ် ထွက်ပေါက်သို့လည်းကောင်း၊ လမုတန်းရပ်ကွက် အလင်းရောင် မြစ်ထွက်ပေါက် ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဝါဆို ရပ်ကွက်၊ ဝါဆိုမြစ် ထွက်ပေါက်သို့လည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်၊ သန်လျက်စွန်းရှိ ရေဆိုးသန့်စင် စက်ရုံသို့၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်နေမှုများ၊ လက်ရှိမိလ္လာရည်တွင် ဒြပ်ဝတ္ထုနှင့် ပိုးမွှားပါဝင်မှု၊ မူလရေဆိုး၏ အောက်ဆီဂျင်ပါဝင်မှုပမာဏ (Biochemical Oxygen Demand - BOD) နှင့် အနည်အဖတ် (Suspended Solids - SS) ပါဝင်မှု၊ ထို့နောက် သန့်စင်ပြီးရေ အရည်အသွေးနှင့် အဖတ် Sludge ထွက်ရှိမှု၊ Sludge အား Sundried Tank တွင် အခြောက်ခံ၍ မြေဩဇာထုတ်လုပ်နေမှုနှင့် လက်တွေ့အသုံးပြု ဆောင်ရွက်နေမှု၊ ရေဆိုးသန့်စင် စက်ရုံအတွင်း ရေဆိုးသန့်စင်မှုစနစ်၊ သန့်စင်ပြီးရေဆိုးများ ရန်ကုန်မြစ်အတွင်း စွန့်ထုတ်မှု စနစ်၊ ကြွင်းကျန်သည့် အနည်အဖတ်များမှ မြေဩဇာ ထုတ်လုပ်မှုစနစ်၊ ဓာတ်ခွဲခန်းတွင် စစ်ဆေးတိုင်းတာသည့် စနစ်တို့ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း အမှတ် (၃၅၁၊ ၃၆၁) ရှိ ယခင်မြန်မာ့မီးရထားရုံးချုပ် ရုံးဟောင်းမြေနေရာရှိ စီမံကိန်းအဆောက်အအုံများ တည်ဆောက်မည့် လုပ်ငန်းခွင်သို့လည်းကောင်း၊ လမ်းမတော်မြို့နယ်၊ မော်တင်ယာယီ စျေးရပ်ကွက်၊ ကမ်းနားလမ်းရှိ ရွာသစ်ချောင်း ရေထိန်းတံခါး မြစ်ထွက်ပေါက်အတွင်း ရှင်းလင်းနေမှု၊ ရေထိန်းတံခါးတွင် ရေစုပ်စက် တပ်ဆင်၍ ပြုပြင်ထိန်းသိမ်းကြံ့ခိုင်ရေး ဆောင်ရွက်ထားမှုနှင့် ဒီရေဝင်ရောက်မှု ကာကွယ်နိုင်ရေး ရေထိန်းတံခါးများ မြှင့်ထားမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
သတင်းစဉ်


