ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ ဖျော်ဖြေခဲ့ကြရာ ရေကစားသူများနှင့် ကြည့်ရှုအားပေးသူတို့ဖြင့် အထူးစည်ကား

ရန်ကုန်  ဧပြီ ၁၄

 

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းသည့် အတာသင်္ကြန်ပွဲတော်တွင် သင်္ကြန်အကျနေ့အဖြစ် ရန်ကုန်မြို့နေ ရေကစားကြသည့်ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ဆင်နွှဲခဲ့ကြပြီး ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ ဖျော်ဖြေရေး အစီအစဉ်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ဖျော်ဖြေခဲ့ကြရာ ရေကစားသူများ၊ ကြည့်ရှုအားပေးသူတို့ဖြင့် အထူးစည်ကားခဲ့သည်။

 

နံနက် ၈ နာရီမှ ၉ နာရီအထိ ဖျော်ဖြေရေးအစီအစဉ်နှင့်အတူ ၁၆ ဦးယိမ်း ပြိုင်ပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) ကိုယ်စားပြုယိမ်းအဖွဲ့၊ တိုင်းဒေသကြီးလမ်းဦးစီးဌာန ကိုယ်စားပြု ယိမ်းအဖွဲ့၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ကိုယ်စားပြုယိမ်းအဖွဲ့၊ မင်္ဂလာတောင်ညွှန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြုယိမ်းအဖွဲ့၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကိုယ်စားပြုယိမ်းအဖွဲ့၊  ဒဂုံမြို့သစ် တောင် ပိုင်းမြို့နယ် ပညာရေးမှူးရုံးကိုယ်စားပြုယိမ်းအဖွဲ့၊ အမှတ်(၁၄၆) ခြေလျင် တပ်ရင်း(သန်လျင်) ကိုယ်စားပြုယိမ်းအဖွဲ့၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကိုယ်စားပြုယိမ်းအဖွဲ့၊ (၂၀)ဦးယိမ်း(အလွတ်တန်း)ပြိုင်ပွဲတွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ စီမံရေးရာဌာနကိုယ်စားပြု ယိမ်းအဖွဲ့နှင့် အင်ဂျင်နီယာဌာန(အဆောက်အအုံ) ကိုယ်စားပြုယိမ်းအဖွဲ့တို့က အတာသင်္ကြန်တေး သီချင်းများဖြင့် အသီးသီးယှဉ်ပြိုင် ဖျော်ဖြေခဲ့ကြရာ ရန်ကုန်မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ရှေ့တွင် ရေပက်ခံပြည်သူများ၊ မော်တော်ယာဉ်နှင့် ရေကစားကြ သည့်ပြည်သူများ၊ နိုင်ငံခြားခရီးသွားအချို့ဖြင့် စည်ကားခဲ့သည်။

 

နံနက် ၁၀ နာရီမှ ၁၂ နာရီတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အမေများအဖွဲ့က ဟန်ချက်ညီညီ မြူးကြွသည့် သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေခဲ့ရာ ပြည်သူများနှစ်ခြိုက် အားပေးခဲ့ကြပြီး ဆက်လက်၍ ရုပ်ရှင်/ဂီတ/သဘင်အစည်းအရုံးမှ လောကသားများစုပေါင်း၍ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၏ ပထမထပ်ခန်းမကြီးအတွင်း သင်္ကြန်သီချင်းများကို ပူး‌ပေါင်းဖျော်ဖြေတင်ဆက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော် ဟိန်းနှင့်ဇနီး၊ တပ်နယ် မှူးများနှင့်ဇနီးများ၊ မိသားစုဝင်များက အားပါးတရ ကြည့်ရှုအားပေးခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ (၂၀)ဦးယိမ်း (အလွတ်တန်း) ပြိုင်ပွဲနှင့် ဖျော်ဖြေပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီကိုယ်စားပြု ယိမ်းအဖွဲ့၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်ကိုယ်စားပြု ယိမ်းအဖွဲ့၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကိုယ်စားပြု ယိမ်းအဖွဲ့၊ အမှတ်(၁) တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေး တပ်ကိုယ်စားပြု ယိမ်းအဖွဲ့၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကတို့တွင် ကချင်၊ ကရင်၊ ချင်း၊ ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာအလိုက် တေးသီချင်းများဖြင့် ဖျော်ဖြေယှဉ်ပြိုင်ခဲ့ကြသည်။

 

ညနေပိုင်းနှင့်ညပိုင်းတို့တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် သဘင်အစည်းအရုံး(ဗဟို)တို့မှ အနုပညာရှင်များက  မြူးကြွသွက်လက်သည့် သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေခဲ့ကြရာ ရန်ကုန် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်ရှေ့၊ ဗန္ဓုလပန်းခြံရှေ့နှင့် လမ်းလျှောက်သင်္ကြန်ကျင်းပရာ ဧမာနွေလ ဘုရားကျောင်းရှေ့တို့၌ ရန်ကုန်မြို့နေပြည်သူများ အထူးစည်ကားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - ရဲထွဋ်၊ သစ္စာ(mna)