ရန်ကုန်မြို့တော်ကြီး အနာဂတ်သာယာလှပ ပြည့်စုံရေး

သျှင်ဝင်းသျှင်

ဓာတ်ပုံ - တင်ဝင်းလေး

ဒီကနေ့ ရန်ကုန်ဟာ မနေ့က ရန်ကုန်နဲ့မတူပါဘူးဆိုရင် အခြားတစ်ဖက်ကနေပြီး မဟုတ်ပါဘူးဗျာ လို့ ငြင်းဆိုမယ့်သူ တစ်ဦးတစ်ယောက်မျှတော့ဖြင့် ပေါ်ထွက်လာမယ်လို့ မထင်မိပါဘူး။ ရုပ်ဝတ္ထုဖြစ်စဉ်တွေ၊ အပြောင်းအလဲတွေက အချိန်နဲ့အမျှ ဖြစ်ပေါ်နေတာက မျက်မြင်ဒိဋ္ဌပါ။ ဒါ့ကြောင့် ရန်ကုန်မြို့ရဲ့ နေထိုင်မှုလူဦးရေဟာ နောင်လာမယ့် ငါးနှစ်ကျော်ကာလမှာ ရှစ်သန်းမျှ ဖြစ်လာမယ်လို့ မြို့ပြနဲ့ပတ်သက်တဲ့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ထပ်မံပြီး ၂၀၄၀ ပြည့်နှစ်လောက်မှာ လူဦးရေကဆယ်သန်းကျော်အထိ တိုးပွားလာနိုင်တယ်လို့လည်း ဆိုထားကြပါတယ်။

မိသားစုအလိုက် ပြောင်းရွှေ့နေထိုင်

အဲဒီမှာ မြို့ပြပညာရှင်တွေ ထည့်တွက်မိတယ်၊ မတွက်မိတယ်တော့ မသိနိုင်ပေမယ့် ယနေ့ ရန်ကုန်မြေမှာ ရေကြည်ရာ မြက်နုရာဆိုသလို စီးပွားရေးကြောင့် မြေလတ်ဒေသ၊ အညာဒေသ ဆီကလာရောက်ပြီး အခြေချနေထိုင်ကြတဲ့သူတွေ အရင်ကမိသားစုတစ်စုမှာ တစ်ဦးစနှစ်ဦးစ လောက်သာ မြေစမ်းခရမ်းပျိုး ဆိုသလို လာရောက်ကြပေမယ့် အခုအခါ မိသားစုအလိုက် ပြောင်းရွှေ့ နေထိုင်နေကြပါပြီ။ ဧည့်စာရင်းပယ်ဖျက်ထားလို့ ကိန်းဂဏန်း အသေအချာမသိပေမယ့် သိန်းဂဏန်းအထက်မှာ ရှိနေပါတယ်။ (အိမ်ထောင်စု စာရင်းပုံစံ ၆၆/၆ နဲ့ ပြောင်းရွှေ့နေထိုင်ခြင်း မဟုတ်ပါ)

ရန်ကုန်မြို့မှာ နေထိုင်သူအားလုံးဟာ မွေးဖွားသည်မှ သေဆုံးသည်အထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးရဲ့ ဆောင်ရွက်ပေးမှုအဝဝနဲ့ တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်၍ပဲဖြစ်ဖြစ် နှီးနွှယ် ပတ်သက်လို့နေပါတယ်။

လုပ်ငန်းတာဝန်ခံအဖွဲ့ ဖွဲ့စည်းဆောင်ရွက်

မြို့နေပြည်သူအားလုံးရဲ့ အရေးအရာများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်ဖို့အတွက် မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈)မှာ ဖွဲ့စည်းပုံကို လုပ်ငန်းတာဝန်ခံအဖွဲ့ခုနစ်ဖွဲ့၊ ဌာန သုံးဌာနနဲ့ ဖွဲ့စည်းစီမံဆောင်ရွက်နေတာ ဖြစ်ပါတယ်

တာဝန်ခံအဖွဲ့တွေမှာ (၁) မြို့ပြစီမံကိန်း လုပ်ငန်းတာဝန်ခံအဖွဲ့၊ (၂) အဆောက်အဦဆိုင်ရာ လုပ်ငန်းတာဝန်အဖွဲ့၊ (၃) လမ်းတံတားလုပ်ငန်းဆိုင်ရာ တာဝန်ခံအဖွဲ့၊ (၄) ရေရရှိရေးနှင့် ရေပေး ဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့၊ (၅) ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်း တာဝန်ခံအဖွဲ့၊ (၆) ပြည်သူ့ကျန်းမာရေးနှင့် ဈေးများလုပ်ငန်းတာဝန်ခံအဖွဲ့၊ (၇) ပတ်ဝန်းကျင်စီမံခန့်ခွဲရေး လုပ်ငန်းတာဝန်ခံအဖွဲ့တို့ဖြစ်ပြီး ဌာနများအနေနဲ့ (၁) စီမံခန့်ခွဲရေး၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ (၂)လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၊ (၃)ဘဏ္ဍာရေးနှင့် ငွေစာရင်း ဌာနဆိုပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။

အဲဒီလို မြို့တော်စည်ပင်သာယာရေး ကော်မတီက မြို့နေပြည်သူများအပေါ် လက်ရှိ စီမံဆောင်ရွက်ပေးနေမှု၊ ရှေ့စီမံချက်များနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရန်ကိစ္စအဝဝကို ပြည်သူ့အကြား၊ ပြည်သူ့နားသို့ ရောက်ရှိနိုင်ဖို့ တစ်လကိုနှစ်ကြိမ် မီဒီယာများမှတစ်ဆင့် ရှင်းလင်းတင်ပြမှုတွေ ရှိနေပါတယ်။

ချပြရှင်းလင်း အသိပေး

ဒီအပတ် ဇူလိုင် ၁၅ ရက်မှာတော့ ဈေးများအဆင့်မြှင့်တင်မှု၊ ကားပါကင်ကိစ္စ၊ အမှိုက်ကိစ္စ၊ လမ်းများပြုပြင်မှု၊ အဝေးပြေးယာဉ်ရပ်နားကွင်း သစ်တည်ဆောက်နေမှု၊ ဝိုင်ဘီအက်စ်မှတ်တိုင် များ၊ ရေစီးရေလာနဲ့ ရေပေးဝေရေး၊ အများပြည်သူ အနားယ အပန်းဖြေနေရာများမှာ အခမဲ့ဝိုင်ဖိုင်များ တပ်ဆင်ပေးမယ့်ကိစ္စရပ်တွေကို ချပြရှင်းလင်း အသိပေးခဲ့ပါတယ်။

အထက်ကဆိုခဲ့သလို ဒီကနေ့ ရန်ကုန်မြို့ကြီး ရဲ့ လူဦးရေ ၂ ဒသမ ၅ သန်းလောက်က စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကိစ္စအဖြာဖြာ နဲ့ အိမ်ကထွက်ပြီး သွားလာတဲ့အခါ ယနေ့ မြို့တော်သူ မြို့တော်သားများ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ဝိုင်ဘီအက်စ်တွေ စီးနင်းသွားလာနေကြတာပါ။ လိုင်းပေါင်း ၁၀ဝ ကျော်ရှိပြီး ယာဉ်အစီးရေ ၆၀ဝဝ ကျော်နဲ့ နေ့စဉ်သယ်ယူ ပို့ဆောင်ပေးလျက်ရှိနေပါတယ်။

မှတ်တိုင်ပေါင်း ၅၀ဝ တည်ဆောက်ဖို့လျာထား

အဲဒါကြောင့် ခရီးသွားပြည်သူတွေ နေပူမိုးရွာ အကာအကွယ်ရှိစေဖို့အရေး ခေတ်မီလှပ ဆန်းသစ်တဲ့ ကားမှတ်တိုင်တွေ တည်ဆောက် ပေးထားတာကိုလည်း တွေ့ရပါတယ်။ မြို့တွင်း ခြောက်မြို့နယ်အပြင် ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း၊ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း၊ ရန်ကင်း၊ တာမွေ စတဲ့ ဝိုင်ဘီအက်စ်ရပ်ရာနေရာတွေမှာ ကားမှတ်တိုင်ပေါင်း ၅၀ဝ တည်ဆောက်ဖို့ လျာထားကြောင်း သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊ တံတား) က ဌာနမှူး ဦးလင်းခိုင်က လက်ရှိမှတ်တိုင်ပေါင်း ၂၇၀ ပြီးစီးနေပြီဖြစ်ကြောင်း ပြောကြားမှုအရသိရပါ တယ်။

ဒုတိယဇုန်ဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပမြို့နယ်တို့ မှာလည်း မှတ်တိုင်ပေါင်း ၂၅၀၊ တတိယဇုန်ဖြစ်တဲ့ ဒဂုံ(အရှေ့ /မြောက်/တောင်)၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ သာကေတမြို့နယ်တို့မှာလည်း မှတ်တိုင်ပေါင်း ၆၅၀ တည်ဆောက်သွားဦးမှာလို့ သိရပါတယ်။

စည်ပင်က အသိပညာပေး

တည်ဆောက်ပြီးတွေ့ရတဲ့ ကားမှတ်တိုင်တွေက ခရီးသွားပြည်သူများအတွက် အတော်အဆင်ပြေပါတယ်။ အောက်ခံအခင်းကလည်း ကြွပြေားများနဲ့ သန့်သန့်ရှင်းရှင်း၊ နေပူပူ၊ မိုးရွာရွာ၊ အမိုးလေးများနဲ့ ညရေးညတာမှာလည်း လျှပ်စစ်မီးက လင်းလင်းရှင်းရှင်းနဲ့ သပ်ရပ်လှပပါတယ်။ အချို့ ကုမ္ပဏီကြော်ငြာပုံများနဲ့ရှိပြီး ကြော်ငြာမရသေးတဲ့ နေရာတွေမှာတော့ စည်ပင်ကအသိပညာပေးပုံများ၊ စာများနဲ့ပါ၊ ပုံတွေကလည်း မျက်စိပသာဒ ရှိလှပါတယ်။ အချို့ကားမှတ်တိုင်က နောက်ခံအဖြူရောင်ပေါ်မှာ ကွမ်းတံတွေးတွေ ထွေးထားပုံကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှားပြထားပါတယ်။ အဲဒီအပေါ်မှာတော့ “ကွမ်းတံတွေးကင်းမဲ့သော မြို့တော်ဆီသို့ ဆိုပြီး စာလုံးကြီးနဲ့ ရေးထားပါတယ်။ နောက် အောက်ခံအနီလိုင်းပေါ်မှာ “ဒါသင့်မြို့ အမြဲသန့်ရှင်းနေစေဖို့ ဆိုပြီး စာတန်းထိုးထားပါတယ်။ ဒါပေမယ့် မှတ်တိုင်အနီးမှာ ကွမ်းယာဆိုင်တွေ ဖွင့်လှစ်ရောင်းချနေတာကတော့ စည်ပင်ကို လှောင်နေသလိုပါပဲ။

 

mdn

 

ရန်ကုန်မြို့တော်ကြီး သန့်ရှင်းနေစေဖို့ စည်ပင်ဝန်ထမ်းတွေက “လင်းပြောင်စနစ်၊ မိုးလင်းတာနဲ့ အမှိုက်တွေ မမြင်ရအောင် ဆောင်ရွက်နေပါတယ်။ ရန်ကုန်မြို့ အမှိုက်ထွက်ရှိမှုကလည်း အံ့မခန်းပါပဲ။ နေ့စဉ် တန်ချိန် ၂၅၀ဝ ကျော် ထွက်ရှိနေတယ်တဲ့။ လှိုင်သာယာမြို့နယ်က ထိန်ပင်အမှိုက်ပုံဆို နေ့စဉ်အမှိုက်တန်ချိန် ၁၅၀ဝ လောက်ကိုလာရောက် စွန့်ပစ်မှုရှိတယ်လို့ သိရပါတယ်။

သဘာဝဓာတ်ငွေ့ထုတ်လုပ်ဖို့ရှိ

ဒါပေမယ့် “အဆိုးထဲကအကောင်း အမှိုက် ထဲက “ရွှေ ဆိုတဲ့စကားလိုပါပဲ။ အဲဒီစွန့်ပစ်အမှိုက် တွေကနေ ပိုလန်နိုင်ငံနဲ့ ချိတ်ဆက်ပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။ အမှိုက်တန်ချိန် ၁၀ဝဝ အသုံးပြုပြီး ထုတ်လုပ်မယ်ဆို ကာဗွန်ဒိုင်အောက်ဆိုက် ၄၅ တန် ထွက်ရှိမှာဖြစ်ပြီး အဲဒီကမှတစ်ဆင့် စီအင်န်ဂျီ ၁၅၀ မီတာကျုထွက်ရှိမယ်လို့ သိရပြန်ပါတယ်။ အဲဒါဆို လောင်စာအတွက် အထောက်အပံ့တစ်ခုဖြစ် လာနိုင်ကောင်းပါရဲ့။

အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားပစ်

အမှိုက်နဲ့ပတ်သက်လို့ စည်ပင်က ပြည်သူ တွေကို YBS မှတ်တိုင်တွေမှာ အသိပေးဖော်ပြ ထားတာလေးတွေကို တွေ့ရပါတယ်။ အဲဒါက အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားပစ်ဖို့ပါ။ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားပစ်ဖို့ကို စတင်စဉ်က မြို့နယ်စည်ပင်သန့်ရှင်းရေးဌာနတွေမှာ ပလတ်စတစ် အိတ်အပြာနဲ့အစိမ်းက ဝယ်လို့ရပါတယ်။ အမှိုက်လာသိမ်းတဲ့ ဝန်ထမ်းတွေမှာလည်း အလွယ်တကူ ဝယ်လို့ရပါတယ်။ ဒါကလည်း ကောက်ရိုးမီးလိုပါပဲ၊ ခဏပါ။ နောက်ပိုင်း ဘယ်တော့မေးမေး ဝယ်လို့မရတော့ပါဘူး။

အကြံပေးချင်တာကတော့ အဲဒီလိုအရောင် နဲ့ အမှိုက်ထည့်လို့ရတဲ့ ပလတ်စတစ်အိတ်တွေကို ဌာနက ကိုယ်တိုင်ထုတ်လုပ်ပြီး ရောင်းချပေးမယ်ဆို အဖိုးနှုန်းလည်း ချိုသာလာမယ်၊ ရောင်းချပေးတဲ့ စည်ပင်ဝန်ထမ်းတွေလည်း ကော်မရှင်ရမယ်။ ပြည်သူကလည်း အဆင်ပြေပြေနဲ့ (အနည်းနဲ့ အများပါ) အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားပစ်လာမယ်။ အကျင့်လည်းရလာမယ်လို့ ထင်ပါတယ်။

မီဒီယာရှင်းလင်းပွဲတွေမှာ တွဲဖက်အတွင်းရေးမှူး ဦးသန်းက “အရင်တုန်းက မိုးရွာပြီဆိုတာနဲ့ အချို့မြို့နယ်တွေမှာ ရေလျှံလေ့ရှိပါတယ်။ အဲဒီကိစ္စကိုတော့ အရင်နှစ်ကစတင်ပြီး ရေစီးရေလာ ကောင်းမွန်ရေးအတွက်ကို တစိုက်မတ်မတ် ဆောင်ရွက်လာခဲ့ပါတယ်။ ဒီနှစ်မိုးမကျခင် ကတည်းက ရေမြောင်းတွေဆယ်တဲ့အလုပ်ကို အခုမိုးကျတဲ့တိုင် အဆက်မပြတ်ဆောင်ရွက် နေပါတယ်လို့ ရှင်းပြခဲ့ပါတယ်။

ကားလမ်းပေါ် ရေလျှံခြင်းလုံးဝမရှိ

ဒကိုလည်း အပြောနဲ့အလုပ်ကို သက်သေတစ်ခုအဖြစ် ပြောချင်တာကတော့ နှစ်စဉ်မိုးရွာပြီ ဟေ့ဆိုတာနဲ့ လမ်း ၃၀ နဲ့ ရွှေဘုံသာလမ်းအကြား အနော်ရထာလမ်းပေါ်မှာ ရေကြီးရေလျှံတာက ချောင်းငယ်လေးတစ်ခု စီးဆင်းနေပုံပါပဲ။ ဒီနှစ်လုံးဝမဖြစ်တော့ပါဘူး။ နောက်တစ်ခုက တာမွေဗလီလမ်းဆုံနဲ့ စမ်းချောင်း၊ ဗားကရာလမ်းနဲ့ ဗဟိုလမ်းဆုံမှာပါ။ မျက်မြင်ပါ။ ကားလမ်းပေါ် ရေတင် ရေလျှံခြင်း လုံးဝမရှိတော့ပါ။

ဒါပေမယ့် အချို့အချို့သူတွေက စည်ပင်ဝန်ထမ်းတွေကို ကိုယ်ချင်းစာစိတ်လေးနဲ့ သနား ညှာတာမှု ကင်းဝေးကြပါတယ်။ အခုထိ ကြုံရင်ကြုံသလို ရေမြောင်းထဲ အမှိုက်ပစ်ချတတ်တဲ့ အကျင့်က ရှိနေတုန်းပါပဲ။

 

mdn

 

နှစ်ထပ်ဈေး တည်ဆောက်

နောက် လမ်းဘေးဈေးသည်များ ကိစ္စပါပဲ။ ဈေးပေါင်း ၂၀ ကျော်ကို အဆင့်မြှင့်တင်မှုတွေနဲ့ ပြန်လည်ဆောက်ပေးနေပါပြီ။ အချို့နှစ်ထပ်ဈေးအဖြစ် တည်ဆောက်ပြီး ရောင်းကုန်အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး လိုချင်တဲ့ပစ္စည်းကို တစ်နေရာတည်းမှာ ရရှိနိုင်ရေးအတွက် စီစဉ်ပေးမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကောင်းနဲ့ပါ။

လမ်းဘေးဈေးသည်များအတွက် အဆင့်မြှင့်တင်မှုအနေနဲ့ ကားလမ်းဘေးမှာ ယာဉ်အန္တရာယ် စိုးတထိတ်ထိတ်နဲ့ ရောင်းနေကြရမယ့်အစား ဈေးဝယ်သူများကလည်း ဘေးအန္တရာယ် ကင်းကင်းနဲ့ ဝယ်လို့ရအောင် စီမံမှုပါ။ အဲဒီကိစ္စက နိုင်ငံတော်ရဲ့ ဘတ်ဂျက်နဲ့မဟုတ်ဘဲ PPP စနစ်နဲ့ သွားမယ်လို့ သိရပါတယ်။

 

ဒါပေမယ့် ဈေးသည်အများစုက “မြင့်စေချင်လို့ နတ်ပြည်ပို့ မြင့်တယ်လို့ခုန်ချသူတွေ များပါတယ်။ သူတို့တွေရဲ့ ပြောစကားရှိပါတယ်။ “ဈေးဝယ်သူက ခလုတ်တိုက်မှ အမှတ်ရပြီးဝယ် တတ်တာလို့ ဆိုပါတယ်။

အခု မြို့နယ်အတော်များများမှာ စည်ပင်ဝန်ထမ်းဟောင်းတွေက မြောင်းလိုင်းတွေတူးဖော် နေကြပါတယ်။ ရေမြောင်းတူးကြတာထင်လို့ မေးကြည့်တဲ့အခါ ရေပိုက်လိုင်းအတွက်လို့ သိရပါတယ်။

 

mdn

 

ရေပေးဝေရေးစီမံကိန်း

ရန်ကုန်မြို့ရဲ့ ရေပေးဝေမှုမှာ အဓိက ချိုးဖြူအပြင် လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းနဲ့ ကုက္ကိုဝ ရေပေးဝေရေး စီမံကိန်းတွေနဲ့ တိုးချဲ့ဆောင်ရွက်နေပြီလို့ သိရပါတယ်။ လက်ရှိရေပေးဝေမှုပမာဏ က ၄၅ ရာခိုင်နှုန်းအထိသာ ပေးဝေနိုင်သေးပြီး ၂၀၂၅ ခုနှစ်မှာ ၉၀ ရာခိုင်နှုန်းအထိ ပေးဝေနိုင် တော့မယ်လို့ သိရပြန်ပါတယ်။ အဲဒီအခါကျရင်တော့ စည်ပင်ရဲ့ရေပေးဝေမှုကို အပြည့်အဝနီးပါး ရရှိကြတော့မှာဖြစ်တယ်လို့ ဆိုပြန်ပါတယ်။

ဒါပေမယ့် လက်ရှိရေပေးဝေရေးစနစ်မှာ ရေအလေအလွင့် ပျောက်ဆုံးမှုတွေရှိနေပြီး ရေဖိုးမရရှိဘဲ ဆုံးရှုံးမှုပမာဏက ၅၀ ရာခိုင်နှုန်းနီးပါး ရှိတယ်လို့သိရပြန်ပါတယ်။ အဲဒါက စည်ပင်က ရေကို သုံးစွဲပြီး ရေဖိုးအပြည့်အဝပေးဆောင်မှု မရှိလို့ပါပဲ။ မိမိအကျိုးအတွက်ရယူပြီး ပြန်လည်ပေးဆပ်ရမှာ ပျက်ကွက်နေတဲ့ သူတွေရှိနေသေးတယ်လို့ ကောက်ချက်ချမိပါတယ်။ ဒါဆို သုံးစွဲသူတွေဘက်က တာဝန်မကျေမှုလို့ ဆိုရမှာဖြစ်ပါတယ်။

အခမဲ့ဝိုင်ဖိုင်တပ်ဆင်ပေးမယ့်အစီအစဉ်

နောက်တစ်ခုက အများပြည်သူတို့ အပန်းဖြေ အနားယူတဲ့နေရာတွေမှာ အခမဲ့ဝိုင်ဖိုင်တပ်ဆင် ပေးမယ့်အစီအစဉ်ပါပဲ။ တပ်ဖို့ ယာယီရည်ရွယ်ထားတဲ့ နေရာတွေက မဟာဗန္ဓုလပန်းခြံ၊ ပြည်သူ့ ရင်ပြင်၊ ပြည်သူ့ဥယျာဉ်၊ သုဝဏ္ဏပန်းခြံ၊ အင်းလျားကန်ပေါင်နဲ့ ဆူးလေစကွဲယားမှာလို့ သိရပါတယ်။

အဝေးပြေးဂိတ် ယာဉ်ရပ်နားကွင်းကြီးနှစ်ခုရှိ

အဲဒီလိုတပ်ဆင်ဖို့အတွက်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ကုမ္ပဏီတစ်ခုက တင်ပြထားတယ်လို့ သိရပါတယ်။ ဒုတိယအဆင့် ဆွေးနွေးဖို့ရှိနေပြီမို့ ရန်ကုန်မြို့ရဲ့ တိုးတက်မှု ပုံရိပ်တစ်ခုအဖြစ် ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက ရန်ကုန်ကနေ နယ်အဝေးကို သွားနိုင်ဖို့က အဝေးပြေးဂိတ် ယာဉ်ရပ်နားကွင်းကြီး နှစ်ခုရှိပါတယ်။ တစ်ခုက လှိုင်သာယာမြို့နယ်မှာရှိတဲ့ ဒဂုံဧရာ အဝေးပြေးဂိတ်နဲ့ မြောက်ဥက္ကလာပ မြို့နယ်မှာရှိတဲ့ အောင်မင်္ဂလာအဝေးပြေးဂိတ် ဖြစ်ပါတယ်။

ဂိတ်ကြီးနှစ်ခုစလုံးက ကျယ်ဝန်းပေမယ့် ယာဉ်အစီးရေ ခရီးသွားဦးရေက ပိုမိုများပြားနေပါတယ်။ ဒါ့ကြောင့် နောက်ထပ်အဝေးပြေး ဂိတ်ဝင်းကြီးတစ်ခု ထပ်မံတည်ဆောက်ဖို့ ရည်ရွယ်စီစဉ်မှာ ဖြစ်ပါတယ်။ နေရာကတော့ အမှတ် ၂ လမ်းမကြီးဘေး မြေဧက ၃၀ မှာ တည်ဆောက်မယ်လို့ သိရပါတယ်။ တင်ဒါခေါ်ယူဖို့ စီစဉ်မှုများရှိပြီး ပွင့်လင်းမြင်သာမှုရှိတယ်လို့လည်း သိရပါတယ်။

တစ်ခုထူးခြားတာက နောက်ထပ်ပေါ်ပေါက်လာမယ့် အဝေးပြေးဂိတ်ဟာ အခုမြို့ပြစီမံကိန်း Master Plan မှာလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီအဝေးပြေးဂိတ်ဝင်းကြီး ပြီးပါက မွန်၊ တနင်္သာရီ၊ ပဲခူး စတဲ့ဒေသတွေဆီကို ပိုမိုအဆင်ပြေစွာ သွားနိုင်မယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် ရန်ကုန်မြို့ကြီးရဲ့ အနာဂတ်ဟာ ဒီကနေ့ နေထိုင်နေကြတဲ့ မြို့တော်သူ မြို့တော်သားများရဲ့ စီမံခန့်ခွဲမှုနဲ့ စည်းကမ်းရှိစွာ နေထိုင်ခြင်း၊ စည်းကမ်းမဲ့စွာ နေထိုင်ခြင်းတို့အပေါ်မှာ တည်ရှိသွားမှာဖြစ်ပြီး ဒီကနေ့ထက် ပိုမိုလှပသော၊ သန့်ရှင်းသော၊ ပိုမိုပြည့်စုံသော မြို့တော်ကြီးဖြစ်ရေး ပြည်သူအများက ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါတယ်။ ။

မြန်မာ့အလင်း