ရန်ကုန် မတ် ၃၁

 

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် မဟာသင်္ကြန် ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး တတိယအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့၊ မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ် မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ဆပ်ကော်မတီ  (၁၃) ခုမှ ၂၀၂၂ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန် ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသေးစိတ် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်က လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။

 

မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ၂ နှစ်တိုင်တိုင် ကျင်းပခြင်း မရှိခဲ့သော်လည်း ယခု ၂၀၂၂ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မြန်မာနှစ်ဟောင်း ကုန်လွန်၍ နှစ်သစ်သို့ ကူးပြောင်းသည့် အခါသမယတွင် ရန်ကုန်မြို့တော်နေ ပြည်သူများ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်ချမ်းမြေ့စေရေးအတွက် ပြန်လည်ကျင်းပနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာလူမျိုးတို့အနေဖြင့် မြန်မာရိုးရာသင်္ကြန်ကို ယိမ်းအက ပြိုင်ပွဲများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကပြိုင်ပွဲများ၊ ရုပ်ရှင်နှင့် ဂီတပညာ ရှင်များ၏ တေးသီချင်း ဖျော်ဖြေမှုများ၊ သဘင်ပညာရှင်များ၏ တင်ဆက်မှုများအပြင် လမ်းလျှောက် သင်္ကြန်ကိုလည်း ထည့်သွင်း၍ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်