ရန်ကုန်မြို့တစ်ပတ်ခရီးစဉ် ယာဉ်လိုင်းနှင့်အတူ

ရန်ကုန် ၂၈ သြဂုတ်

 

ရန်ကုန်မြို့ဟာ  လူနေထိုင်မှုတိုးပွားလာတာနဲ့အမျှ  နေ့စဉ်  မြို့တွင်းခရီးသွားပြည်သူဦးရေဟာလည်း  များပြားပါတယ်။  ရန်ကုန်မြို့မှာ  ပြည်သူတွေ  ခရီးသွားလာဖို့အတွက်  ခရီးသည်တင်ယာဉ်လိုင်းတွေ၊  မြို့ပတ်ရထားခရီးစဉ်တွေနဲ့    ရေယာဉ်ခရီးစဉ်တွေ  အများအပြားလည်း  ရှိနေပါတယ်။  အရင်ကထက် ခရီးသွားပြည်သူတွေ သက်သောင့်သက်သာစွာ စီးနင်းသွားနိုင်ကြစေဖို့ တာဝန်ရှိသူတွေလည်း ဝန်ဆောင်မှုပေးနိုင်အောင် ဆောင်ရွက်နေကြပါတယ်။ အခုလည်း ရန်ကုန်မြို့ပတ်ခရီးသည်တင် ယာဉ်လိုင်းတစ်လိုင်း ပြေးဆွဲဖို့စီစဉ်နေပြီ ဖြစ်ပါတယ်။

 

“ရန်ကုန်မြို့မှာ  ပြည်သူတွေ    နေ့စဉ်ခရီးသွားလာရေး ပိုမိုအဆင်ပြေအောင် စီစဉ်ဆောင် ရွက်နေပါတယ်။ အထူးသဖြင့် YBS  ယာဉ်လိုင်းတွေမှာ ပြည်သူတွေ စီးနင်းသွားလာတဲ့အခါ  ပိုပြီး ကောင်းမွန်တဲ့အစီအစဉ်တွေ  ဆောင်ရွက်နေပါတယ်” ဟု   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဩဂုတ် ၂ ရက်က ပြုလုပ်ခဲ့တဲ့    မီဒီယာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

 

ရန်ကုန်မြို့တစ်ပတ် ခရီးသည်တင်  YBS ယာဉ်လိုင်းသစ်ပြေးဆွဲနိုင်ဖို့  ခေတ်မီမြို့ပတ်ကား စနစ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ခွင့်ပြုပြီး ဖြစ်ပါတယ်။ ဒီလိုခွင့်ပြုခဲ့လို့လည်း City Transit ကုမ္ပဏီက ၂၀၁၉ ခုနှစ် လာမယ့် အောက်တိုဘာ မတိုင်မီမှာ စတင်ပြေးဆွဲဖို့စီစဉ်နေတာ ဖြစ်ပါတယ်။

 

ကားသစ် ၅၀ ခန့် အသင့်ရှိနေ


အဲဒီမြို့ပတ်ကားခရီးစဉ်ကို မကြာခင်မှာ ပြေးဆွဲနိုင်ရေးအတွက်      ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကလည်း တိုက်တွန်းထားပါတယ်။ ရန်ကုန်မြို့ပတ်ကားပြေးဆွဲမယ့်  ကုမ္ပဏီအနေနဲ့လည်း Scaniaျ   ကားအသစ်အစီးရေ  ၅၀  ခန့်  အသင့် ရှိနေပြီလို့ဆိုပါတယ်။

 

ရန်ကုန်မြို့မှာ  လက်ရှိပြေးဆွဲနေတဲ့   YBS ယာဉ်လိုင်းပေါင်း ၁၀ဝ ကျော်ရှိနေပေမယ့်  သက်ဆိုင်ရာယာဉ်လိုင်းတွေနဲ့ သတ်မှတ်လမ်း ကြောင်းအတိုင်း ခရီးသည်တွေကို တင်ဆောင် မောင်းနှင်နေတာဖြစ်ပြီး  အခုလို ရန်ကုန်မြို့တစ်ပတ် ပတ်တဲ့  ခရီးစဉ်ယာဉ်လိုင်းတော့  မရှိသေးပါဘူး။ ဒါကြောင့်    လိုရာခရီးကို ကားတစ်ဆင့်တည်းနဲ့ ယာဉ်လိုင်းမပြောင်းဘဲ စီးနိုင်တော့မှာ ဖြစ်ပါတယ်။

 

“ရန်ကုန်မြို့ပတ်ယာဉ်လိုင်း ပြေးဆွဲရင်တော့ ကားအဆင့်ဆင့်ပြောင်းမစီးရတော့ အဆင်ပြေ တာပေါ့။ မြို့ပတ်မောင်းနှင်မှာဖြစ်တဲ့အတွက်တော့ ကားစီးချိန်တော့ ပိုပေးရလိမ့်မယ်။ ကားအစီးရေများများနဲ့ ပြေးဆွဲနိုင်ရင် ခရီးသည်တွေ အချိန်သိပ်ပြီးမစောင့်ဆိုင်းရဘူးလို့ ယူဆပါတယ်” ဟု သင်္ဃန်းကျွန်း စံပြဈေးအနီးမှာနေထိုင်တဲ့ ဝန်ထမ်း အငြိမ်းစားတစ်ဦးဖြစ်တဲ့ ကိုဌေးနိုင်က ပြောပါတယ်။

 

ခုပြေးဆွဲတော့မယ့်  ရန်ကုန်မြို့ပတ်ယာဉ် လိုင်းဟာ ခရီးစဉ်အရှည် စုစုပေါင်း ၃၅ မိုင်ဖြစ်ပြီး ခရီးအစအဆုံး   ဘတ်စ်ကားမှတ်တိုင်ပေါင်း   ၆၇ မှတ်တိုင်ရှိမှာ  ဖြစ်ပါတယ်။  ခရီးစဉ်အစကတော့ အောင်မင်္ဂလာအဝေးပြေးမှ          စတင်မှာဖြစ်ပြီး သခင်မြပန်းခြံမှာ  ခရီးတစ်ပိုင်းအဖြစ်  ယာဉ်စီးခ  ငွေကျပ်  ၅၀ဝ  သတ်မှတ်ထားပါတယ်။  သခင်မြ ပန်းခြံကနေပြီး  အောင်မင်္ဂလာအဝေးပြေးအထိ ခရီးစဉ်ကို  ယာဉ်စီးခ  ငွေကျပ်  ၅၀ဝ  သတ်မှတ် ထားပါတယ်။  ခရီးစဉ် အစအဆုံးဆိုရင် ယာဉ်စီးခ  ငွေကျပ်   ၁၀ဝ၀ ကုန်ကျမှာ ဖြစ်ပါတယ်။

 

“ရန်ကုန်မြို့ပတ်ယာဉ်လိုင်းက မြို့ထဲ ၅၁ လမ်း မှတ်တိုင်ကနေပြီး  ဘုရင့်နောင်လမ်းဆုံကိုစီးရင်  ယာဉ်စီးခ  ငွေကျပ်  ၁၀ဝ၀  ကျသင့်မယ့်သဘော ဖြစ်ပါတယ်။  မှတ်တိုင်တွေမှာ    တင်၊  ချ၊  မောင်း စနစ်နဲ့  အချိန်မကြာဘဲ      မောင်းနှင်ဖို့လိုသလို ဝန်ဆောင်မှုကောင်းရင်တော့ ယာဉ်စီးခက နည်းလည်းမနည်းသလို၊  များလည်းမများဘူးလို့ ထင်ပါတယ်”လို့  ရန်ကုန်မြို့  ၅၁  လမ်းမှာနေတဲ့ ဦးတင်လှက ပြောပါတယ်။

 

ပြေးဆွဲမှုယာဉ်လမ်းကြောင်း


ရန်ကုန်မြို့ပတ်ယာဉ်လိုင်းရဲ့ ပြေးဆွဲမှုယာဉ်လမ်းကြောင်း သတ်မှတ်ထားတာကိုကြည့်ရင်  အောင်မင်္ဂလာအဝေးပြေးမှ အမှတ်(၃) လမ်းမကြီး အတိုင်းပြေးဆွဲပြီး ခြောက်ကွေ့-သုဓမ္မာလမ်း-ဝေဇယ္တာလမ်း-ပါရမီလမ်း-ဘေလီထိပ်-သံသုမာလမ်း-စံပြဈေး-ပြည်ထောင်စု ခုံးကျော်တံတား-သံသုမာလမ်း(သုဝဏ္ဏ)-ကြက်ဘဲဈေး-သမိန်ဗရမ်းလမ်း-အထက်ပုဇွန်တောင်လမ်း-၅၁ လမ်းထိပ်- ဗိုလ်တထောင်ဘုရားလမ်း-      ကမ်းနားလမ်း-ကြည့်မြင်တိုင်ကမ်းနားလမ်း-ဘုရင့်နောင်လမ်း- ဘုရင့်နောင်လမ်းဆုံ-သမိုင်းဘူတာရုံလမ်း-သမိုင်း လမ်းဆုံ-ကျိုက်ဝိုင်းဘုရားလမ်း-၈မိုင်-ကမ္ဘာအေး  ဘုရားလမ်း-နဝဒေးအုတ်ပုံဆိပ်လမ်း-သုဓမ္မာလမ်း- ၆  ကွေ့-အမှတ်(၃)လမ်းမကြီး-အောင်မင်္ဂလာ အဝေးပြေးမှာ ဂိတ်ဆုံးမှာ ဖြစ်ပါတယ်။

 

ဒီယာဉ်လိုင်းရဲ့ ခရီးစဉ်တွေကိုကြည့်ရင် ရန်ကုန်မြို့ရဲ့ အဓိကနေရာအတော်များများကို ဖြတ်  သန်းမောင်းနှင်မှာဖြစ်တာမို့ ခရီးဝေးစီးနင်းတဲ့သူတွေ၊ အောင်မင်္ဂလာအဝေးပြေးကနေပြီး ရန်ကုန်မြို့ရဲ့ မိမိသွားလိုရာနေရာကို အနီးစပ်ဆုံး တိုက်ရိုက် စီးနင်းသွားလာလို့ရအောင် စီစဉ်ပေးထားမှုလည်း ပါဝင်တာမို့ ခရီးသွားပြည်သူတွေအတွက် အဆင်ပြေနိုင်ပါတယ်။ အဝေးပြေးကားဝင်းကနေပြီး ခရီးသည်တွေ  အချိန်မရွေးစီးနင်းနိုင်အောင်  နေ့ည  ၂၄  နာရီယာဉ်ပြေးဆွဲမှု  ဆောင်ရွက်နိုင်ရင်တော့  ပိုမိုကောင်းမွန်ထိရောက်တဲ့        အစီအစဉ်ဖြစ်ပါလိမ့်မယ်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ YBS ယာဉ်လိုင်းပေါင်း ၁၀ဝ ကျော်ရှိပြီး အဲဒီယာဉ်လိုင်းတွေမှာ ခရီးသည်တင် YBS ယာဉ်အစီးရေ ၄၃၀ဝ ကျော်နဲ့  နေ့စဉ်    ပြေးဆွဲနေပါတယ်။  ယာဉ်လမ်းကြောင်း  ၁၂၃  ကြောင်းနဲ့  နေ့စဉ်ပြေးဆွဲနေတဲ YBS ယာဉ်လိုင်းတွေဟာ တစ်ရက်ကို ခရီးသွား ပြည်သူ  ၁  ဒသမ  ၈  သန်း        တင်ဆောင်ကာ ဝန်ဆောင်မှုပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့က ဆိုပါတယ်။

 

ရန်ကုန်မြို့မှာ  တစ်ရက်ကို  ခရီးသွားပြည်သူ ၂ ဒသမ ၇ သန်းခန့်ရှိနေပြီး အဲဒီခရီးသွားပြည်သူတွေကို  ကားတွေက အများဆုံးပို့ဆောင်နေတာ ဖြစ်ပါတယ်။  ဒုတိယအများဆုံး  ခရီးသွားပြည်သူတွေကို  သယ်ယူပို့ဆောင်ပေးနေတာကတော့  မြို့ပတ်ရထားတွေဖြစ်ပြီး        တတိယကတော့ ရေယာဉ်တွေ ဖြစ်ပါတယ်။

 

ဒါကြောင့်မို့  မကြာခင်  စတင်ပြေးဆွဲတော့ မယ့်  ရန်ကုန်မြို့ပတ်ယာဉ်လိုင်းပြေးဆွဲမှုက  ခရီး သွားပြည်သူတွေကို  ဘယ်လိုပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။          ။

 

ဇင်လင်းမြင့်၊ ဓာတ်ပုံ - ခင်ဇွန်ဇာလင်း