ရန်ကုန် မတ် ၂
မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး)က ကြီးမှူး၍ တပေါင်း လပြည့်နေ့- မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အခမ်းအနားကို “ပညာရှင်ရှေးသမား ကျေးဇူးတရား မမေ့ငြား”ဟူသော ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M3 Food Centre ၌ ကျင်းပသည်။
ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ကိုဖွင့်လှစ်ပြီး သမားတော်ကြီး ဒေါက်တာအောင်နိုင်က အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)ဥက္ကဋ္ဌထံမှ ပေးပို့သောသဝဏ်လွှာကို မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး) တွဲဖက်အတွင်းရေးမှူး ဦးဇော်ထက်အောင်က ဖတ်ကြားပြီး အသင်းသူ အသင်းသားများက နဝရတ်ကတိသစ္စာကို ရွတ်ဆိုကြသည်။
ယင်းနောက် တိုင်းရင်းဆေးကောင်စီဝင် ဦးသိန်းဇော်က မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သက်တော်ရှည်သမားတော်ကြီး ၁၀ ဦးတို့အား အခမ်းအနားသို့ တက်ရောက်လာသူများက ကန်တော့ချိုးဖြင့် ဂါရဝပြုကန်တော့ကြပြီး အလှူရှင်များက ပူဇော်ကန်တော့ငွေများ ဂါရဝပြုပေးအပ်ကြရာ ကန်တော့ခံသက်တော်ရှည်သမားတော်ကြီး ဦးဉာဏ်လွင်နှင့် ဦးထင်ကျော်တို့က ဆုပေးဩဝါဒစကားများ ပြန်လည်ချီးမြှင့်ပြောကြားသည်။
ယင်းနောက် မြန်မာ့တိုင်းရင်းဆေးသမားတော် နေ့အထိမ်းအမှတ်ရတုပိုဒ်စုံကို တေးသံရှင် စိမ်းထက်ချိုက ဖတ်ကြားခြင်း၊ တေးထပ်ကို ဦးသန်းမြင့်ထွန်း (လှည်းကူးမြို့နယ်ဥက္ကဋ္ဌ)က ဖတ်ကြားခြင်း၊ အလှူရှင်စာရင်းနှင့် ဘဏ္ဍာရေးရှင်းတမ်းကို အသင်း၏ တွဲဖက်ဘဏ္ဍာရေးမှူး ဦးအုန်းမြင့်က ဖတ်ကြားခြင်း၊ မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အခမ်းအနား ဖြစ်မြောက်ရန် ပံ့ပိုးကူညီပေးကြသော အလှူရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ခြင်းတို့ ဆောင်ရွက်ကြသည်။
ထို့နောက် အထူးအစီအစဉ်အဖြစ် သမားတော်ကြီး ဦးချမ်းအေး-ဒေါ်မြင့်မြင့်စန်း မိသားစု(ရွှေရင်အေး တိုင်းရင်းဆေးခန်း၊ လှည်းကူးမြို့နယ်)က အလှူငွေ ကျပ်သိန်း ၂၅၀ ကို ပေးအပ်လှူဒါန်းရာအသင်း၏ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး) ဒုတိယဥက္ကဋ္ဌ ဦးထွန်းရွှေက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဌေး


