ရန်ကုန်မြို့က တရုတ်တန်း

တင်ဝင်းလေး (ကြည့်မြင်တိုင်)

ဖေဖော်ဝါရီ ၅ ရက်သည် တရုတ် လူမျိုးတို့၏ နှစ်သစ်ကူးသော နေ့ထူးနေ့မြတ် ဖြစ်သည်။ တရုတ်နှစ်သစ်ကူး ပွဲတော်ရက်ကို တရုတ်ရိုးရာ ပြက္ခဒိန်ပေါ်မူတည်၍ ပထမဦးဆုံး သောလ၏ ပထမအစရက်ကို သတ်မှတ်ခြင်းဖြစ်ကြောင်း သူငယ်ချင်း တရုတ်တစ်ဦးက ပြောပြခဲ့ဖူး၍ မှတ်သားမိခဲ့သည်။ မင်္ဂလာယူသောသတ္တဝါ (အရုပ်) များက နှစ်စဉ် အပြောင်းအလဲရှိသည်။ ယမန်နှစ်က ခွေးနှစ်ဖြစ်ပြီး ယခုနှစ်သည် ဝက်နှစ် ဖြစ်သည်။ ချစ်စရာကောင်းသော ရောင်စုံ ဝက်ရုပ်ပုံစံမျိုးစုံ လှလှလေးများကို အိမ်များ၊ ဆိုင်များ၌ မင်္ဂလာယူ ချိတ်ထား၊ ကပ်ထားကြသည်ကို တွေ့ရသည်။

ထို့အပြင် ပျော်ရွှင်ခြင်း၊ ကံကောင်းခြင်း၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်းဟူသော အဓိပ္ပာယ်ရသည့် တရုတ်အက္ခရာ စာလုံးများကိုလည်း အိမ်တံခါးများ၌ ကပ်ထားကြသည်။

 

ချိုင်းနားတောင်း (ခေါ်) တရုတ်တန်း . . . ။

 

မြန်မာတို့အခေါ် တရုတ်တန်းသည် ရန်ကုန်မြို့ အနောက်ပိုင်း ခရိုင် လသာမြို့နယ် - လမ်းမတော် လမ်း - သံဈေးဘက်အခြမ်းမှ သည် ရွှေတိဂုံဘုရားလမ်း သိမ်ကြီးဈေး (ဒီ) ရုံဘက်ခြမ်းအထိ ဖြစ်သည်။ အထူးသဖြင့် တရုတ်လူမျိုးများ အရောင်းအဝယ်ဆိုင်များ စုစည်းရာ၊ စည်ကားရာ၊ နေထိုင်ရာ အဝန်းအဝိုင်း ဖြစ်သည်။ မြန်မာဘုရင်များ လက်ထက်ကတည်းက ရှိခဲ့ပြီး မန္တလေးမြို့နှင့် ရန်ကုန်မြို့တွင် ထင်ထင်ရှားရှားရှိခဲ့သည်။

ထိုရန်ကုန်မြို့ရှိ တရုတ်တန်းနယ်မြေအတွင်း မဟာဗန္ဓုလ လမ်းပေါ်နှင့် ကမ်းနားလမ်းပေါ်မှ ဖြတ်သွားဖြတ်လာ သွားမိသည့်အခါတိုင်း အမြဲလိုလို စည်ကားနေသော တရုတ်ဘုရားရှိခိုး ကျောင်းနှစ်ကျောင်းကို အထူးသတိထားမိခဲ့သည်။

တစ်ကျောင်းမှာ လသာမြို့နယ် ကမ်းနားလမ်းနှင့် စဉ့်အိုး တန်းလမ်းထောင့်ရှိ ဖူကျင့်စိန့်ဟုတ် ဗုဒ္ဓဘာသာ ကွမ်ရင်မယ်တော် ဘုရားကျောင်း” ဖြစ်ပြီး နောက်တစ်ကျောင်းမှာ လသာမြို့နယ် မဟာဗန္ဓုလလမ်းပေါ် လသာလမ်းနှင့် ၂၀ လမ်း အကြားရှိ “ကောင်းတုံ ကွမ်ရင်မယ်တော်ဘုရားကျောင်း” ဖြစ်သည်။

ငယ်ငယ်ကတည်းက ကြားဖူးခဲ့သည်။ တရုတ်လူမျိုးများသည် လူမျိုးအချင်းချင်း အလွန်မှပင် ရိုင်းပင်းကြပြီး စည်းလုံးညီညွတ်မှု ရှိခဲ့ကြသည်ဟု မိဘများက ပြောကြားဖူးခဲ့သည်။

ယခုလို ဘုရားကျောင်းဝင်းအတွင်၌ စုရုံးတိုင်ပင် နှီးနှောမှုများ ရှိခဲ့သည်။ တစ်ဦးတစ်ယောက်၏ အခက်အခဲကို ဝိုင်းဝန်း ဖြေရှင်း ကူညီပေးကြခြင်းဟု ဆိုကြသည်။ ယခုထက်တိုင် ကမ်းနား လမ်းမှ ဖြတ်သွားတိုင်း စဉ့်အိုးတန်းလမ်းထိပ်ရှိ ဘုရားကျောင်းရှေ့တွင် တရုတ်အမျိုးသားများ သူ့အစုနှင့်သူ ဝိုင်းဖွဲ့စုရုံးထိုင်ကာ စကားပြောနေကြသည်ကို တွေ့မြင်ရဆဲ ဖြစ်သည်။

စဉ့်အိုးတန်းလမ်းထိပ် ဘုရားကျောင်းမှ ဂေါပကအဖွဲ့ဝင် ဦးကျော်ဆန်းက “ဒီဘုရားကျောင်းကို ကျွန်တော်တို့ ရှေးဘိုးစဉ်ဘောင်ဆက် လူကြီးတွေက ၁၈၆၁ ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့တာကို မှတ်တမ်းမှာ တွေ့ရပါတယ်” ဟု ဆိုသည်။

တရုတ်လူမျိုးတို့တွင် အဓိကအခေါ်အားဖြင့် “လက်ရှည်”၊ “လက်တို” ဟုရှိခဲ့ရာ လက်ရှည်တရုတ်လူမျိုးများ ရှိခိုးရာ ကျောင်းကြီးဖြစ်သည်ဟု သိရသည်။

ဗုဒ္ဓဘာသာ တရုတ်ယဉ်ကျေးမှု အစဉ်အလာနှင့် သက်ဆိုင်သော ရုပ်တုများစွာတည်ရှိနေသည်ကို တွေ့ရသည်။ ကျောင်းတော် ရှေ့ရှိ တရုတ်စစ်သူကြီးလေးဦး၏ ရုပ်တုများမှာ ဟန်မာန်အပြည့်ဖြင့် ကျောင်းတော်ကြီးကို စောင့်ရှောက်နေဟန်မှာ အသက်ဝင် လှသည် ဆိုရမည်ဖြစ်ပေသည်။

 

လူမျိုးမရွေး၊ ဘာသာမရွေး

 

ဂေါပကအဖွဲ့ဝင် ဦးကျော်ဆန်းကပင် “ နှစ်သစ်ကူးတဲ့ ဖေဖော်ဝါရီ ၅ ရက် မရောက်ခင် ဖေဖော်ဝါရီ ၄ ရက် ည ၁၂ နာရီတိတိမှာ ကွမ်ရင်မယ်တော်ဘုရား ဂန္ဓကုဋိတိုက်ကို အခမ်းအနားနဲ့ ဖွင့်လှစ်ပြီး နှစ်သစ်အတွက် မင်္ဂလာဆုတောင်းမှုတွေ ပြုခဲ့ကြပါတယ်။ ဒါကနှစ်စဉ်ပြုလုပ်တဲ့ အစဉ်အလာပါ။ နှစ်သစ်ကူးတဲ့နေ့ အရုဏ်တက်မှာ သံဃာတော်တွေကို အရုဏ်ဆွမ်းလောင်းလှူကြပြီး လာလာသမျှ ဧည့်သည်တွေကို စတုဒိသာကျွေးပါတယ်။ နောက်တစ်ခုက စဉ့်အိုးတန်း အမှတ် ၄၅ မှာ ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်ထားပါတယ်။ တရုတ်လူမျိုးမှ မဟုတ်ပါဘူး။ လူမျိုးမရွေး၊ ဘာသာမရွေး လာရောက်ကုသမှု ခံယူနိုင်ပါတယ်ဆိုတဲ့အကြောင်း ကိုလည်း အများသိစေချင်ပါတယ်”ဟု ဖိတ်မန္တက ပြုခဲ့သည်။

ထိုမှ စာရေးသူအား လိုက်လံအကူအညီပေးသူ ဦးဟန်ဝင်းနှင့်အတူ လသာလမ်းထောင့်ရှိ တရုတ်ဘုရားကျောင်းသို့ ရောက်ခဲ့သည်။ ကျောင်းတော်အမည်က “ကောင်းတုံကွမ်ရင်မယ်တော် ဘုရားကျောင်း”ဟု ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဟန်က ဆိုသည်။

၎င်းကပင် “အစဒီဘုရားကျောင်းနေရာက သစ်သားအိမ်လေးပဲရှိတယ်လို့ ကျွန်တော်တို့ လူကြီးတွေ့ ပြောဖူးတယ်။ ဒဂုံရွာ (တံငါရွာ) လေးပါ။ ရွာဧရိယာကတော့ ကျယ်တယ်။ ကျုံးကြီးလမ်းထိပ်ကနေ သိမ်ဖြူလမ်းအထိ အားလုံးက သစ်သားခြေတံရှည် အိမ်တွေပဲ။ မြစ်ရေအတက်အကျရှိတယ်။ မိုးတွင်းဆို လှေသမ္ဗန်နဲ့ လာရတယ်။ ရှေးဘုရင်တွေ လက်ထက်ကတည်းက ရှိခဲ့တာ” ဟု ဆိုသည်။ ယခုနှစ် တတိယအကြိမ်မြောက် ရန်ကုန်မြို့ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီ ပြန်ကြားရေးမှူး ဦးသန့်စင် အောင်ထံမှရရှိသော မှတ်တမ်းတစ်စောင်အရ ဆိုသော် “၁၈၂၄ ခုနှစ် မတိုင်မီကတည်းက တည်ရှိပြီးဖြစ်သော ဤ ကောင်းတုံကွမ်ရင် ဘုရားကျောင်းသည် ကောင်းတုံလူမျိုးတို့၏ ဘုရားကျောင်းဖြစ်သည်။ ယခု ၂၀၁၉ ခုနှစ်တွင် ဘုရားကျောင်း သက်တမ်းမှာ နှစ်ပေါင်း ၂၀ဝ နီးပါးရှိပြီဖြစ်သည်။ အစောဆုံးတည်ရှိခဲ့သော မူလပထမကျောင်းဟောင်းကြီးကခရစ်နှစ် ၁၇၉၀ ခုနှစ်နှင့် ၁၈၂၀ ပြည့်နှစ်အကြား တည်ထောင်ခဲ့သည်ဟု ခန့်မှန်းရပါသည်။

၁၈၅၅ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မြို့ အတွင်း မီးအကြီးအကျယ်လောင်ခဲ့ရာတွင် ဤ ကျောင်းမှာလည်း မီးသင့်ခဲ့ရသည်။ ဘုရား ဂေါပကအဖွဲ့မှ ရန်ပုံငွေကောက်ခံ၍ ၁၈၅၆ ခုနှစ် တွင် ကျောင်းဆောင်သစ် (ယခုဘုရားကျောင်း ဗဟိုဆောင်) ကို အုတ်ဖြင့် ပြန်လည်တည်ဆောက် ခဲ့ပြီး ရှစ်နှစ်အကြာ ၁၈၆၄ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ၁၈၅၈ ခုနှစ် အင်္ဂလိပ်အစိုးရလက်ထက်တွင် ဤကျောင်းမြေကွက်ကို “မာကောင်းတရုတ် (ကောင်းတုံတရုတ်) များအား ဘုရားကျောင်း အဖြစ်သုံးရန် ခွင့်ပေးအပ်ခဲ့ကြောင်း”ဟု ဖော်ပြ ထားသည်ကို ဖတ်ရသည်။

ဗဟိုခန်းမဆောင် တည်ဆောက်ပြီးနောက် လက်ဝဲ လက်ယာ ဘေးအဆောင်များ တည်ဆောက်ခဲ့ရာ ၁၈၇၂ ခုနှစ်တွင် ပြီးစီးသည်ဟု ထပ်မံသိရှိရသည်။ ၁၈၈၄ ခုနှစ်တွင် အကြီးစား မွမ်းမံပြင်ဆင်ခြင်း များ ပြုလုပ်ခဲ့ပြီး ၁၈၈၈ ခုနှစ်တွင် ပြီးစီးခဲ့ကာ ထိုကာလမှစတင်၍ “ကောင်းတုံတုန်စီ” ဟူသော အခေါ်အဝေါ်ကို စတင်ခဲ့သည်ဟု ဆိုသည်။

ရန်ကုန်တရုတ်နှစ်သစ်ကူးပွဲတော်ကို ၂၀၁၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တတိယအကြိမ်အဖြစ် စည်ကားစွာ ကျင်းပခဲ့ပြီးဖြစ်သည်။

နှစ်ဆန်းတစ်ရက် (နှစ်သစ်ကူးနေ့) တွင် မြန်မာဘုန်းတော်ကြီး၊ တရုတ်ဘုန်းတော်ကြီး၊ သီလရှင်အပါး ၁၅၀ဝ ကျော်ကို အလှည့်ကျ ကောင်းတုံတရုတ် ကုန်သည်ကြီးများအသင်းက ဦးဆောင်၍ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြသည်။ ထို့အပြင် ပြန်ကြားရေးတာဝန်ခံ ဦးသန့်စင် အောင်က “ဒီနှစ် လမ်းတစ်လျှောက် ချိတ်ဆွဲ ထားတဲ့ တရုတ်မီးပုံးနီတွေကိုတော့ ရန်ကုန်က တရုတ် - မြန်မာ လူငယ်တွေက ကိုယ်တိုင် ချိတ်ဆွဲခဲ့တာပါ။ အရင်နှစ်ကတော့ တရုတ်နိုင်ငံက လာပြီးချိတ်ဆွဲပေးတာ။ အကြီးအသေး အလုံး ၄၀ဝ၀ ကျော်ပါ”ဟု ရှင်းပြခဲ့သည်။

ထို့အပြင် မဟာဗန္ဓုလလမ်းတစ်လျှောက် လမ်းမတော်လမ်းမှသည် ရွှေတိဂုံဘုရားလမ်းအထိ ရိုးရာပြခန်းများ၊ အရောင်းဆိုင်များဖြင့် စည်ကား စွာ ခင်းကျင်းခဲ့သည့်အပြင် လသာလမ်းစတိတ်စင်၌ ရိုးရာအလှအက၊ အဆိုများ ကျင်းပခဲ့ခြင်းဖြင့် တရုတ်နှစ်သစ်ကူးပွဲတော်၏ ပထမဦးဆုံးသော ရက်မြတ်မင်္ဂလာကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီ ဖြစ်ပေသည်။

မြန်မာ့အလင်း

china town