ရန်ကုန်-မန္တလေးအမြန်လမ်း၌ တရားမဝင်ကျွန်းခွဲသားများ တင်ဆောင်လာသော Alphard ယာဉ်တစ်စီးဖမ်းမိ

လှည်းကူး  ၃၀  မေ

 


ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း၌ တရားမဝင်ကျွန်းခွဲသားများတင် ဆောင်လာသော Alphard ယာဉ်တစ်စီးကို ယနေ့ နံနက် ၆ နာရီ မိနစ် ၂၀ က ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။  

 

 
ဖြစ်စဉ်မှာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွဏ်းဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန် -မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် တရားမဝင်သစ်သယ်ယူမှုမရှိစေရေး ကင်ပုန်းဝပ်စောင့်ဆိုင်းနေစဉ် ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင်လာသော 5J/-----Alphard အဖြူ ရောင်ယာဉ်အား မသင်္ကာဖွယ်တွေ့ ရှိရသဖြင့် တားဆီးရာ အဆိုပါယာဉ်သည် ရပ်တန့်ခြင်းမရှိဘဲဆက်လက်မောင်းနှင်သွားသဖြင့် မိုင်တိုင်အမှတ် (၉/၆)အရောက်တွင် ထပ်မံတားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ အရှိန်မြှင့်မောင်းနှင်ထွက်ပြေးသွားသဖြင့် နောက် မှလိုက်လံခဲ့ရာ မိုင်တိုင်(ဝ/၇)Toll Gate ရှိသစ်တောဝန်ထမ်းများအဖွဲ့သည် သတင်းအရ တားဆီးနိုင်ရေး အ သင့်စောင့်ဆိုင်းနေစဉ် အဆိုပါယာဉ်ရောက်ရှိလာသဖြင့် တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ Toll Gate ရှိ ကတ္တား ပေါ်သို့ တက်ရောက်မောင်းနှင်သွားခဲ့သည်။

 


ယင်းကြောင့် သံဆူးပစ်ချဖမ်းဆီးခဲ့ရာ အဆိုပါယာဉ်၏ ဘယ်ဘက်နောက်ဘီး သံဆူးထိကာ ဘီးပေါက်လျက်ဆက်လက်မောင်းနှင်ထွက်ပြေးသည့်အတွက် လိုက်လံခဲ့ရာ မိုင်တိုင်(ဝ/၄)အနီး အရောက်တွင် ယာဉ်အားရပ်တန့်၍ ယာဉ်မောင်းမှာ ရှေ့ပြေးယာဉ်ဟုယူဆရသော Probox ယာဉ်ပေါ်သို့ တက်ရောက်မောင်းနှင်သွားကြောင်း၊ အဆိုပါယာဉ်အား ဖွင့်ဖောက်စစ်ဆေးရာ ယာဉ်ပေါ်တွင် မည်သူတစ်ဦး တစ်ယောက်မျှတွေ့ရှိရခြင်းမရှိဘဲ တရားမဝင်ကျွန်းခွဲသား(၄၆)ချောင်း၊ (၁ ဒသမ ၂၉၄၂)တန်အား ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။  

 


ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်၊ ပစ္စည်းပိုင်ရှင်နှင့်ပြစ်မှုကျူးလွန်သူများအား သစ်တော လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းတွင် အမှုဖွင့်တိုင်တန်းသွား မည်ဖြစ်ကြောင်း သိရသည်။    

 

နိုင်လင်း(လှည်းကူး)