ရန်ကုန်-မန္တလေးအမြန်လမ်း၌ တရားမဝင် တင်ဆောင်လာသည့် ကျွန်းခွဲသားများ ဖမ်းမိ

လှည်းကူး  ၃၀  မေ

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း၌ တရားမဝင်ကျွန်းခွဲသားများတင်ဆောင်လာသော Alphard ယာဉ်တစ်စီးကို ယနေ့ နံနက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
  
ဖြစ်စဉ်မှာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွဏ်းဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် တရားမဝင် သစ်သယ်ယူမှုမရှိစေရေး ကင်ပုန်းဝပ်စောင့်ဆိုင်းနေစဉ် ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင်လာသော 5J/-----Alphard အဖြူ ရောင်ယာဉ်အား မသင်္ကာဖွယ်တွေ့ ရှိရသဖြင့် တားဆီးရာ အဆိုပါယာဉ်သည် ရပ်တန့်ခြင်းမရှိဘဲဆက်လက်မောင်းနှင်သွားသဖြင့် မိုင်တိုင်အမှတ် (၉/၆)အရောက်တွင် ထပ်မံတားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ အရှိန်မြှင့်မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

 

mdn

 

ထို့နောက် နောက်မှလိုက်လံခဲ့ပြီး မိုင်တိုင်(ဝ/၇)Toll Gate ရှိသစ်တောဝန်ထမ်းများအဖွဲ့သည် သတင်းအရ တားဆီးနိုင်ရေး အသင့်စောင့်ဆိုင်းနေစဉ် အဆိုပါယာဉ်ရောက်ရှိလာသဖြင့် တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ Toll Gateရှိ ကတ္တားပေါ်သို့ တက်ရောက်မောင်းနှင်သွားသဖြင့် သံဆူးပစ်ချဖမ်းဆီးခဲ့ရာ အဆိုပါယာဉ်၏ ဘယ်ဘက်နောက်ဘီး သံဆူးထိကာ ဘီးပေါက်လျက်ဆက်လက်မောင်းနှင်ထွက်ပြေးသည့်အတွက် လိုက်လံခဲ့ရာ မိုင်တိုင်(ဝ/၄)အနီး အရောက်တွင် ယာဉ်အားရပ်တန့်၍ ယာဉ်မောင်းမှာ ရှေ့ပြေးယာဉ်ဟုယူဆရသော Probox ယာဉ်ပေါ်သို့ တက်ရောက်မောင်းနှင်သွားကြောင်း၊ အဆိုပါယာဉ်အား ဖွင့်ဖောက်စစ်ဆေးရာ ယာဉ်ပေါ်တွင် မည်သူတစ်ဦး တစ်ယောက်မျှတွေ့ရှိရခြင်းမရှိဘဲ တရားမဝင်ကျွန်းခွဲသား(၄၆)ချောင်း၊ (၁.၂၉၄၂)တန်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်၊ ပစ္စည်းပိုင်ရှင်နှင့်ဆက်စပ်တရားခံများအား သစ်တော ဥပဒေပုဒ်မ-၄၃(က)ဖြင့် လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းတွင် အမှုဖွင့်တိုင်တန်းသွားမည်ဖြစ်ကြောင်း သိရသည်။    

နိုင်လင်း(လှည်းကူး)