ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပဉ္စမအကြိမ် ထမနဲထိုးပြိုင်ပွဲကျင်းပ

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

မြန်မာ့ဓလေ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ဝန်ထမ်းများ အချင်းချင်း ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြန်အလှန် ညီညွတ်မျှတစွာဖြင့် အသင်းအဖွဲ့ စိတ်ဓါတ်ကိုအရင်းခံပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် ပျော်ရွှင်မှုတို့ကို ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုး ပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၁) ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်း အတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။  

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာအတိုင်း တပျော်တပါး ထမနဲထိုး ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ဝန်ကြီးဌာန၏ ဝန်ထမ်းမိသားစုများ စုပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်