ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန

နေပြည်တော် ၁၄ နိုဝင်ဘာ

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်နာယကထံ သဝဏ်လွှာပေးပို့၍ ပြည်ထောင်စု ဝန်ကြီးဌာနအသစ်တစ်ခု ဖြည့်စွက်ဖွဲ့စည်းရန် တင်ပြခဲ့ပါသည်။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၂၀၂) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဤသို့သဝဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။ ဖြည့်စွက်ဖွဲ့စည်းမည့် ပြည်ထောင်စုဝန်ကြီးဌာနအသစ်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဖြစ်ပါသည်။

နိုင်ငံတော်၏ဖွံ့ ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခိုင်မာအားကောင်းရေးသည် အခြေခံကျသော လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆိုရာ၌ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတို့၏ ရင်းနှီးမြှုပ်နှံမှုသာမက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံတကာက ပေးအပ်သည့်ထောက်ပံ့ ကူညီမှုများလည်း ပါဝင်ပါသည်။ အထက်၌တင်ပြထားသည့် နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က “ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာက ပေးအပ်သည့် ကူညီထောက်ပံ့မှုများသည် နိုင်ငံတော်၏ မူဝါဒစည်းမျဉ်းများနှင့်အညီ ထိရောက်စွာ ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပိုမိုထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတို့၏ အရေးပါသော အခန်းကဏ္ဍအား ထိရောက်စွာ မြှင့်တင်ရာ၌ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အား ထိခိုက်မှုမရှိသော တာဝန်ရှိမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကို ဖြည့်စွက်ဖွဲ့စည်းရန် လိုအပ်လျက်ရှိပါသည်” ဟု တင်ပြခဲ့ပါသည်။

အချိန်နှင့်အမျှ ပြောင်းလဲမှုများဖြစ်ပေါ်နေသည့် ကမ္ဘာ့မျက်မှောက် စီးပွားရေး အခြေအနေ၌ ကမ္ဘာ့နိုင်ငံတိုင်းက မိမိနိုင်ငံ၊ မိမိပြည်သူတို့ အကျိုးအတွက် လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေးအား နည်းလမ်းပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အပေါ် အခြေခံလျက် ပြည်ထောင်စုဝန်ကြီးဌာန အသစ် ဖြည့်စွက်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ပြည်ထောင်စု ရှေ့နေချုပ်၏ တင်ပြချက်သည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နှလုံးသွင်းရမည့်ကိစ္စရပ် ဖြစ်ပါသည်။ ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတကာနှင့်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၌ တာဝန်ကျေ၊ တာဝန်သိသော နိုင်ငံဖြစ်ရန် လိုအပ်ပုံကို ထောက်ပြသကဲ့သို့ နိုင်ငံတကာနှင့် ပေါင်းစည်းမှုများမှ ရလာမည့် အခွင့်အရေးများအား ထိထိရောက်ရောက် ဆုပ်ကိုင်ရန်ကိုပါ မီးမောင်းထိုး တင်ပြခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် တိုင်းပြည်၏ လိုအပ်ချက်တစ်ရပ်ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနသစ် ဖြည့်စွက်ဖွဲ့စည်းရေးကို ပြည်ထောင်စု လွှတ်တော်က အလေးအနက် သုံးသပ်ဆုံးဖြတ်ပေးမည်ဟု ယုံကြည်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

မြန်မာ့အလင်း