ရင်းနှီးမြှုပ်နှံမှုအလားအလာကောင်းများ ဖြစ်ထွန်း

နေပြည်တော် ၁၄ နိုဝင်ဘာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ လ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံ၌ ကျင်းပလျက်ရှိသည့် အာဆီယံစီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (ASEAN Business and Investment Summit – 2018) တွင် “မြန်မာနိုင်ငံနှင့် အာဆီယံတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “အာရှတိုက်၏ စီးပွားရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ စီးပွားရေးလည်း အလားအလာကောင်းများ ရှိလာပါကြောင်း၊ မြန်မာနိုင်ငံ ဈေးကွက်ပွင့်လင်းလာရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှ၏ အလားအလာရှိသော နောက်ဆုံးဈေးကွက်ဟု ဆိုသည့်အားလျော်စွာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာ ရှိပါကြောင်း၊ အချို့ကမြင်သာပြီး အချို့ကို အမြော်အမြင်ကြီးမှုနှင့် တွေးခေါ်ကြံဆမှုတို့ဖြင့် တွေ့မြင်ရမည်ဖြစ်ပါကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ကဏ္ဍစုံတွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိသည်။ အချို့ပြုပြင်ပြောင်းလဲမှုများကို ထင်ရှားစွာ မြင်တွေ့နိုင်သလို အချို့ ပြုပြင်ပြောင်းလဲမှုများမှာ လုပ်ကိုင်ဆောင်ရွက်ဆဲဖြစ်၍ ထင်ထင်ရှားရှား မမြင်တွေ့ရသေးချေ။ ဥပမာအားဖြင့် မေခရို စီးပွားရေးစီမံခန့်ခွဲမှု လုပ်ငန်းများကို ပိုမိုအားကောင်းလာစေရန် ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိသည်။ မေခရိုစီးပွားရေး လုပ်ငန်းများကို တစိုက်မတ်မတ် အားပေးလျက်ရှိသည်။ ကူညီပံ့ပိုးပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် စီးပွားရေး တည်ငြိမ်မှုအတွက် များစွာအရေးပါပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာ၌ အထောက်အကူပြုသည်။ မြန်မာနိုင်ငံသည် လွန်ခဲ့သည့် ၁၀ နှစ်နှင့်မတူ ကမ္ဘာ့မေခရိုစီးပွားရေး စနစ်ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများ ကြုံတွေ့နိုင်သည့် အနေအထားရှိလာသည်။ မြန်မာနိုင်ငံ၏ ပကတိအနေအထားမှာ စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် ရေခံမြေခံကောင်းများရှိပြီး လုပ်သာကိုင်သာရှိသည့် အခွင့်အလမ်းကောင်း များစွာလည်းရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တစ်စတစ်စ တိုးတက်လာသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေကောင်းများကို အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထုတ်ဖော်ပြောကြားခဲ့သလို မြန်မာနိုင်ငံတွင် စိတ်ချလက်ချ လာရောက် ရင်းနှီးမြှုပ်နှံရေးကိုလည်း အသိပေးပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး ဥပဒေသစ်တွင် စီးပွားရေး လုပ်ငန်းရှင်များအား တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိသော၊ လွယ်ကူမြန်ဆန်သော နည်းလမ်းများမှတစ်ဆင့် စီးပွားရေးလုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံမှုကို အားပေးသည့် အရေးကြီးသော အချက်များစွာတို့ကို ထည့်သွင်းပြဋ္ဌာန်း ထားသည်။

အဓိကအချက်မှာ ရင်းနှီးမြှုပ်နှံမှုအားလုံးအတွက် ကော်မရှင်၏ ခွင့်ပြုချက်ကို ရယူရန်မလိုသော အချက်ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သိမ်းပိုက် ခံရခြင်း မရှိစေရသည့် အရေးကြီးသော အာမခံချက် ထည့်သွင်းထားသည်။ ဝင်ငွေခွန် ကင်းလွတ်ခွင့်ကိုလည်း နေရာဒေသနှင့် ဦးစားပေးကဏ္ဍအလိုက် ပေးအပ်ထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဖြစ်ထွန်းလာသည်ကို တွေ့ရသည်။ လက်ရှိတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများသည် အာဆီယံ ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးထားပြီးဖြစ်ရာ အကျိုးခံစားခွင့် အသီးအပွင့်များကို ရရှိခံစားနေပြီဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်း များစွာရှိနေပြီး လက်တွေ့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဖြစ်ထွန်းနေသည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အစည်းအဝေးတွင် ရှင်းလင်းမြင်သာစွာ အသိပေးပြောကြားခဲ့ပြီးဖြစ်ရာ အနာဂတ်ကာလတွင် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ထွန်းတောက်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။

ကြေးမုံ