ရင့်ကျက်မှု၊ ဂုဏ်သိက္ခာနှင့်ငြိမ်းချမ်းရေးတရား

၂၆   မတ်

 

ယခုနောက်ပိုင်းနှစ်များမှာ နွေရာသီအပူက ပိုပိုလာသည်ဟုထင်၏။

 

စာမေးပွဲများအပြီး နွေရာသီကျောင်းပိတ်ရက်တွင် ရာသီအပူနှင့် လောကအပူများကြားက ခေတ္တဖြစ်စေ အပူငြိမ်းရန် ဟူသော အကြောင်း များလားတော့မသိ။ ကျောင်းသား ကျောင်းသူငယ်များ အများအပြားပင် တရားစခန်းများဆီသို့ ရောက်လာကြကုန်၏။ အချို့က မိဘများကပို့၍၊ အချို့က ကိုယ်တိုင်လာချင်ကြ၍ဟု သိရ၏။
လေး၊ ငါး၊ ခြောက်တန်းအရွယ်မှသည် တက္ကသိုလ်တန်းအထိကိုရင်ဝတ်၊ သီလရှင်ဝတ်၊ ယောဂီဝတ်များ ဖြစ်ကုန်ကြသည်။ အရွယ်စုံ၊ အရောင်စုံတို့သည် တရားစခန်းများ၌ ဆင်တူများလိုဖြစ်နေ၏။ ဆရာမ ဒေါ်သန်းမြင့်အောင်က ထိုသို့သော ကလေးများကို ဟောပြောမည်ဟု ကြေညာသံကြားရသည်။ ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်း၊ တောစခန်း ရိပ်သာမှာ ဖြစ်ပါသည်။ နွေရာသီတရားစခန်းလာကြသော ကျောင်းသား ကျောင်းသူ သင်တန်းသား ၆၀ဝ ခန့် ရှိနေသည်ကို တွေ့ရ၏။ ဤသည်ကတရားစခန်းတစ်ခုတည်းရှိသေးသည်။

 

တရားစခန်းဆိုသည့်အတွက် သစ်ရိပ်ဝါးရိပ်များကြားမှာ ဘုရားရိပ်၊တရားရိပ်နှင့် ဖြစ်ပေရာ နွေအပူကို အန်တုနိုင်နေသည်။ ဆရာတော်ကြီးများ အပါအဝင် ဦးပဉင်း ကြီးလတ်ရွယ်ငယ်၊ ကိုရင်ကြီးများက အဆင့်ဆင့် သင်ကြားပြသနေသည်ကို တွေ့ရပါသည်။

 

ဗုဒ္ဓဘာသာယဉ်ကျေးမှု၏ အခြေခံဖြစ်သော ကိုယ်နှုတ်နှလုံးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်မှုကို သင်ကြားနေခြင်း ဖြစ်ပါ၏။ မိမိ၏ ကိုယ်အမူအရာ၊ နှုတ်အပြောအဆို၊ စိတ်အတွေးအကြံတို့ကို သတိဖြင့်ကပ်၍ စောင့်ကြည့်ရန်ကြိုးစားနေခြင်း ဖြစ်သည်။ ကိုရင်ငယ်လေးများ၊ သီလရှင်ငယ်လေးများ ဆွမ်းစားနေကြပုံကပင် ကြည်ညိုစရာ။ အသံမထွက်အောင်၊ မညစ်ပေအောင်၊ အနားကသူများကို မည်သို့သော အနှောင့်အယှက်မှ မဖြစ်အောင် သတိဖြင့်ထိန်းကာ စားသောက်နေကြသည်။

 

ကိုယ်အမူအရာ၊ နှုတ်အပြောအဆို၊ စိတ်အတွေးအကြံတို့ကို ကိုယ့်ဘာသာ စောင့်ကြည့်ထိန်းသိမ်းနေခြင်းဖြင့် ရိုင်းပျမှု၊ ရုန့်ရင်းမှု၊ မဖွယ်ရာမှုတို့ နည်းပါးသွားကုန်ကြခြင်းသည်ကား ယဉ်ကျေးမှုမဟုတ်ပါလား။ မည်သည့်ကိုးကွယ် ယုံကြည်မှုပင်ဖြစ်စေ၊ အနိမ့်ဆုံးအားဖြင့် လူတစ်ဦးချင်း၏ ကာယ၊ ဝစီ၊ မနော ဣန္ဒြေတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မာကျော၊ တင်းမာ၊ ဒေါသအမျက်တို့ဖြင့် ဆူဝေနေသော ကိုယ်အမူအရာ တို့ကိုလည်းကောင်း၊ ရုန့်ရင်းကြမ်းတမ်းသော အဆဲအဆို အသုံးအနှုန်းတို့ကိုလည်းကောင်း စောင့်ထိန်းနိုင်ပြီဆိုလျှင်ပင် လူ့ဂုဏ်သိက္ခာ တိုးမြင့်လာတော့မည် မဟုတ်ပါလော။

 

တရားစခန်းလာ ကလေးငယ်တို့၏ ပြုမူလှုပ်ရှားပုံများက ရင့်ကျက်အေးချမ်းမှုနှင့် လူ့ဂုဏ်သိက္ခာကို ဖော်ပြနေပါ၏။ အသက်အရွယ်ငယ်သည် ကြီးသည်နှင့်မဆိုင်၊ မိမိကိုယ်ကိုယ် သတိဖြင့်စောင့်ကြည့် ထိန်းသိမ်းရင်း ရင့်ကျက်အေးချမ်းမှုကို ဖော်ပြနိုင်ခြင်းသည်ကား ငြိမ်းချမ်းရေး အမှတ်အသားပေတည်း။ ။

 

မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)