ရှင်ဇိုအာဘေး ခရစ္စမတ်မတိုင်မီ တရုတ်သို့ သွားရောက်မည်

၁၁ ဒီဇင်ဘာ

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် တရုတ်နှင့် ကိုရီးယားနိုင်ငံခေါင်းဆောင်များနှင့် သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန် ယခုလနှောင်းပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

 

အဆိုပါ သတင်းကို အစိုးရအဖွဲ့ အကြီးအကဲ ယိုရှီဟိုက် ဆူဂါ က ယနေ့တွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထိုထိပ်သီးဆွေးနွေးပွဲကို စီချွမ်ပြည်နယ်တွင် ဒီဇင်ဘာ ၂၄ ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း တရုတ်အစိုးရ၏ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဆူဂါ က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ရှင်ဇိုအာဘေးသည် တရုတ်နိုင်ငံ သို့ ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ သွားရောက်မည် ဖြစ်ကြောင်း ဆူဂါက ပြောကြားခဲ့သည်။

 

ထိုထိပ်သီးဆွေးနွေးပွဲသည် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်၏ အကြိမ် ၂၀ မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ဖြစ်သည်ဟု ၎င်းကဆိုသည်။ ပစ္စုပ္ပန် နှင့် အနာဂတ်နှင့် ပတ်သက်သည့် ကိစ္စရပ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။'

 

အခြားသောဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များနှင့်အတူ မြောက်ကိုရီးယား နှင့်ပတ်သက်သည့် မူဝါဒဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဟု ဆူဂါ က ဆိုသည်။

 

ရှင်ဇိုအာဘေးသည် ထိုထိပ်သီးဆွေးနွေးပွဲ ပြင်ပတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်း တို့နှင့်အတူ တစ်ဦးချင်းဆွေးနွေးရန် အစီအစဉ်များ လုပ်ဆောင်နေကြောင်း ဆူဂါက ထပ်လောင်းပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို