ရှမ်းတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူးပွဲတော် သီပေါ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

သီပေါ ၂၁ နိုဝင်ဘာ

 

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ရှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကြီးမှူး၍ ၂၁၁၂ ခုနှစ် ရှမ်းနှစ် ရှမ်းတိုင်းရင်းသားများ ရိုးရာနှစ်သစ်ကူးပွဲတော် (ပီမိုင်တိုင်း)ကို နိုဝင်ဘာ ၁၉ ရက်က သီပေါမြို့နယ် ဝိုင်းကောင် (မြို့ဟောင်း) ကျေးရွာ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းဝန်း၌ ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန့်စင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျနှင့် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးစိုင်းဆာအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

အခမ်းအနားတွင် သဘာပတိ ဦးစိုင်းဆန်စိုင်း (မန်ဟဲ)က အမှာစကား ပြောကြားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ရှမ်းနှစ်သစ်ကူး ဖြစ်ပေါ်လာပုံနှင့် နှစ်သစ်ကူးပွဲတော်ကို နတ်တော်လအတွင်း နှစ်စဉ်ကျင်းပခဲ့ပုံများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ရှမ်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီနှင့် နိုင်ငံရေးပါတီများမှ ပေးပို့သော သဝဏ်လွှာကို ဦးစိုင်းထွန်းလှိုင်က ဖတ်ကြားသည်။

 

ထို့နောက် ရှမ်းတိုင်းရင်းသားရိုးရာတေးသီချင်းဖြင့် အကပဒေသာများ၊ ရှမ်းအိုးစည် တီးဝိုင်းများဖြင့် ဖျော်ဖြေ တင်ဆက်ကြပြီး တက်ရောက်လာသူ များကို ရှမ်းရိုးရာ အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။


 
စိုင်း (သီပေါ)