ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၄,၆၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၄ ဒသမ ၂ ကီလို ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင်     ငွေကျပ်သိန်း ၄,၆၀၀ ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၄ ဒသမ ၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁ ရက် ညနေ ၃ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်တွင် ဝမ်ကျောက်လုံကျေးရွာဘက်မှ ဆေခမ်းရပ်ကွက်ဘက်သို့ စိုင်းရှဲန်ကျောက် မောင်းနှင်လာသည့် TOYOTA CROWN မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး (Happy Water) ၄ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၃ နာရီခွဲတွင် စိတ်ပြောင်းဆေးဝါး (Happy Water)များ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ အိုက်ရီ ကို TOYOTA CROWN မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ည ၉ နာရီတွင် အိုက်ရီ နေထိုင်သည့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာရှိ နေအိမ်မှ ဆေးခြောက် ၇၀၀ ဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့၍ စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄,၆၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၄ ဒသမ ၂ ကီလို၊ ဆေးခြောက် ၇၀၀ ဂရမ် သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်