စစ်တွေ      မတ်     ၂၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီးတို့သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်   စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးရှေ့၌ စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်များမှ   သီလရှင်များအား ဆွမ်းဆန်တော်နှင့် အခြေခံစားသောက်ကုန်များ လောင်းလှူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ စစ်တွေမြို့ သမ္ဗာန်ချောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှု၊ စစ်တွေမြို့လမ်းမကြီး ပလက်ဖောင်း ပြုပြင် ဆောင်ရွက်နေမှုကို  ကြည့်ရှုစစ်ဆေးရာ  ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင်  ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၆)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ထို့နောက်  ရခိုင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးက  ရခိုင်ပြည်နယ်ဒေသဆိုင်ရာ   ခရီးသွားလုပ်ငန်းများဆောင်ရွက်နေမှုကို လည်းကောင်း၊ ရခိုင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်  ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သက်ဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင်လျှောက်ထားမှုဆိုင်ရာ အမှာစာများကိုလည်းကောင်း၊ ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီအဖွဲ့ဝင်များက  ပြည်နယ်အတွင်း၌ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကိုလည်းကောင်း အကြံပြုဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)