ရခိုင်ပြည်နယ်တွင် ရေချိုငါးမြစ်ချင်း ဧက ၁၀၀၀ မွေးမြူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကတင်ပို့ရန် ရည်မှန်းဆောင်ရွက်နေ

ရန်ကုန်၊ ဩဂုတ် ၈

 

ရခိုင်ပြည်နယ် မင်းပြား-ပေါက်တော ကားလမ်းဘေး ချောင်းရှည်ရွာရှိ ငါးသားဖောက်စခန်းတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက ဩဂုတ်လပထမပတ်မှစတင်၍ ငါးမြစ်ချင်းသားဖောက်လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ရေချိုငါးမြစ်ချင်း ဧက ၁၀၀၀ မွေးမြူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကရေချိုထွက်ကုန်အဖြစ် တင်ပို့နိုင်ရန် ရည်မှန်းဆောင်ရွက်နေကြောင်း သိရသည်။

 

နိုင်ငံတော်မှ စိုက်ပျိုးရေးနှင့် မွေးမြူကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ အားဖြည့်ကြိုးပမ်းမှုဖြင့် ရေချိုငါး/ပုစွန် မွေးမြူမှုနည်းသောနေရာ၌ ဝယ်လိုအားရှိနေသော ငါးမြစ်ချင်းကို အနီးဆုံးဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာ တင်ပို့နိုင်ရန် ရှေ့ပြေး Pilot Project အနေဖြင့် ငါးမွေးမြူရေးဇုန်ကို စတင်ဆောင်ရွက်ခြင်းဖြစ်သည်။

 

ရေချိုမွေးမြူရေးဧက ၁၀၀၀ နှင့် ရေငန်မွေးမြူမှုဧက ၁၅၀၀ ဖြင့် ဧက ၂၅၀၀ ရေချို/ရေငန် မွေးမြူရေးကဏ္ဍတွင် ရေချိုမွေးမြူရေးကို ကနဦး အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ဒေသခံမွေးမြူရေးတောင်သူများ စိတ်ဝင်စားပါက တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီမှ နည်းပညာနှင့် အရင်းနှီးစိုက်ထုတ်၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မွေးမြူရေးကန် ဧက ၁၀၀၀ မှထွက်ရှိသော ငါးမြစ်ချင်းကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ပြီး ရေချိုငါးဈေးကွက်ကြီးတစ်ခု ပေါ်ထွန်းလာရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြေပြင်တွင် ရေချို/ရေငန် အမှန်တကယ်မွေးမြူမှု အဆင်ပြေစေရန် ပြည်နယ်အစိုးရက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ရေချိုမွေးမြူရေးဇုန်၌ ပထမနှစ်တွင် ငါးမြစ်ချင်း ဧက ၁၀၀ မှစ၍ နှစ်စဉ်ဧက ၁၀၀ တိုးမြှင့်မွေးမြူသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်ထားသော ငါးသားဖောက်စခန်း တည်ရှိသည့်အတွက် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ငါးမြစ်ချင်းသားပေါက် မှာယူရန်မလိုဘဲ လိုအပ်သော ငါးသားပေါက်ကို လွယ်ကူစွာရရှိပြီး မွေးမြူရေးကဏ္ဍကို အရှိန်မြှင့်တင်ဆောင်ရွက်ခြင်း ဖြစ်သည်။

 

“မင်းပြားနဲ့ ပေါက်တော ကားလမ်းဘေးက ချောင်းရှည်ဆိုတဲ့ရွာမှာ ပြည်နယ်ဘတ်ဂျက်နဲ့ ငါးသားဖောက်စခန်းတစ်ခု တည်ဆောက်ထားတယ်။ အခုသားဖောက်နေပြီဆိုတော့ လာမယ့်လမှာ ငါးသားပေါက်စပြီး ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကနဦး ကောင်ရေ (၂)သိန်း၊ (၃)သိန်း စဖောက်ပြီးတော့ နောက်ပိုင်း ပိုပြီးသားဖောက်သွားဖို့ ရှိပါတယ်။ ဒီမှာ ရေချိုမွေးမြူမှုက နည်းတယ်။ ဈေးကွက်တစ်ခုကို တင်ပို့နိုင်ဖို့မရှိဘူး။ ဒါကြောင့် ရေချို/ရေငန် မွေးမြူရေးဇုန်ကနေ ဒေသခံတွေ အလုပ်အကိုင်ရရှိစေပြီး နိုင်ငံခြားဝင်ငွေ နှစ်စဉ်ရရှိစေမယ့် ငါးမြစ်ချင်းမွေးမြူမှုမှာ ငါးသားပေါက်ရရှိမှုဟာ အရေးပါတာကြောင့် အခုလို ပြည်နယ်အစိုးရရဲ့ ပံ့ပိုးမှုနဲ့ သားဖောက်စခန်း တည်ဆောက်နိုင်မှုကို ဝမ်းသာပီတိဖြစ်ရပါတယ်။ ရေချိုပုစွန်ထုပ်ကိုလည်း ငါးနဲ့ရောနှော မွေးတဲ့စနစ်ကို ဆက်ပြီး အကောင်အထည်ဖော်သွားမှာပါ။ ဒါဟာလည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ စိုက်ပျိုးမွေးမြူမှုကို အားပေးတဲ့ အကျိုးကျေးဇူးကြောင့်ပါ” ဟု ရခိုင်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက ပြောသည်။

 

ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးမြစ်ချင်းတင်ပို့ရာတွင် ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တင်ပို့နေသော သယ်ယူစရိတ်နှင့် ကုန်ပစ္စည်းအရည်အသွေးကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ရေချိုစားသုံးမှုနည်း၍ မွေးမြူမှုနည်းသော ရခိုင်ပြည်နယ်၌ ပြည်ပပို့ကုန်အတွက် ယခုကဲ့သို့ ရေချိုငါးမွေးမြူထုတ်လုပ်နိုင်မှုသည် ပြည်နယ်ဖွံ့ဖြိုးဝင်ငွေတိုးစေမည့် အစီအမံကောင်းတစ်ခုဖြစ်သည်။  

 

ငါးမြစ်ချင်းကို ပြည်ပပို့ကုန်အတွက် ၂ နှစ်မွေးမြူလေ့ရှိပြီး ပထမတစ်နှစ်တွင် သားပေါက်မှ ငါးဖြန်းအရွယ်၊ ဒုတိယနှစ်တွင် ငါးဖြန်းမှ ရောင်းတန်းဝင် ၂ ကီလိုကျော်အရွယ် မွေးမြူကြသည်။ ပို့ကုန်အလျင်မီစေရန် စတင်မွေးမြူစဉ် တစ်လ၊ နှစ်လအတွင်း အသုတ်လိုက်ခွဲ၍ ထုတ်လုပ်မှု လည်ပတ်နိုင်ရန်‌ မွေးမြူလေ့ရှိပြီး ရခိုင်ပြည်နယ်တွင် ရေချိုငါးမြစ်ချင်း ဧက ၁၀၀၀ မွေးမြူမှုနှင့်အတူ ရေငန်မွေးမြူထုတ်လုပ်ရေးကိုလည်း တစ်ပြိုင်တည်း ဟန်ချက်ညီစွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ - ကနူး

ညိမ်းသူ (သတင်းစဉ်)