ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး မြန်မာဘာတွေဆောင်ရွက်နေသလဲ

ဘယ်သူတွေက နှောင့်နှေးအောင် နှောင့်ယှက်ဖန်တီးနေသလဲ

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသည် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား သုံးပွင့်ဆိုင် သံတမန်ဆွေးနွေးပွဲများ ကျင်းပ၍လည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲ လုပ်ငန်းအဖွဲ့ အစည်းအဝေးများ ကျင်းပ၍လည်းကောင်း အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည်။

လုပ်ငန်းကော်မတီလေးခု

ထို့ပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအပါအဝင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ရေးကော်မတီနှင့် လုပ်ငန်းကော်မတီ လေးခုဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

၁၄-၆-၂၀၂၂ ရက်က ကျင်းပခဲ့သော ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု အခြေအနေနှင့် ကြုံတွေ့ရသည့်အခက်အခဲများ ဖြေရှင်းနိုင်ရေး၊ စိစစ်ပြီး နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်း စတင်နိုင်ရန်အတွက် အစီအမံများပြင်ဆင် ဆောင်ရွက်နေမှုလုပ်ငန်းများ၊ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်နေရာချထားရေး အစီအမံများ၊ ပြန်လည်ဝင်ရောက်လာမည့်သူများ မိမိဆန္ဒ အလျောက် နေရပ်ပြန်စေရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းများ စသည့်ကိစ္စရပ်တို့ကို နှစ်ဖက်ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံရာတွင် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသော သဘောတူညီချက်များနှင့်သာမက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လက်ခံနိုင်ရေး၊ နေရပ်စွန့်ခွာသူများအား ပြန်လည်စိစစ်ရာတွင် ဖြစ်ပေါ် လာနိုင်သည့်ကိစ္စရပ်များကို အဖြေရှာနိုင်ရန်အတွက် ဖွဲ့စည်းထားပြီးဖြစ်သည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် စိစစ်ရေး လုပ်ငန်းစဉ်ဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် အထူးအဖွဲ့အကြား ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ သည်။ 

မြန်မာကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်၌ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပြန်လည်လက်ခံရေး စခန်းများ၊ ကြားစခန်းနှင့် နေရာချထား ပေးမည့်ကျေးရွာများရှိ နေအိမ်များကို ပြန်လည်မွမ်းမံပြင်ဆင်နေမှု အခြေအနေများ၊ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် အသက်မွေးဝမ်းကျောင်း၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှု ပေးအပ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးပေးရေးနှင့် ပြန်လည် နေရာချထားရေးလုပ်ငန်းစဉ်တွင် မိတ်ဖက်နိုင်ငံများ၊ အာဆီယံနှင့်ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ 

မြန်မာနိုင်ငံသည် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရာတွင် ၁၉၉၂ ခုနှစ်၌ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီခဲ့သည့် မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများဖြစ်ရန်၊ မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူများ၊ မြန်မာ နိုင်ငံတွင်နေထိုင်သည့် သက်သေအထောက်အထားပြနိုင်သူများဖြစ်ရန် စသည့်အချက် လေးချက်အပြင် မွေးဖွားခဲ့သူများအနေဖြင့် တရားရုံးမှထောက်ခံချက်များ ပါရှိရန်ဟူသည့် ၂၀၁၇ ခုနှစ်က ထပ်တိုးအချက်တစ်ချက် အပါအဝင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့အကြား သဘောတူညီမှုများအရ Pilot Project အနေဖြင့် နေရပ်စွန့်ခွာသူဦးရေ ၁၀၀၀ ကျော်ကို နေရပ်သို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် နေရပ်စွန့်ခွာသူများစာရင်းနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တောင်းခံရာ၌မူ နှစ်နိုင်ငံအကြား သဘောတူညီထား သည့်ပုံစံအတိုင်း ပေးအပ်ခြင်းမရှိဘဲ ၎င်းတို့ ပေးအပ်လိုသည့်ပုံစံဖြင့်သာ စာရင်းများ ပေးအပ်လာသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်စစ်ဆေး ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သိရသည်။ နေရပ်စွန့်ခွာသူများအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်း မရှိတော့ချေ။

အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့

မြန်မာနိုင်ငံဘက်က ယင်းကိစ္စရပ်အား အချိန်မရွေးပြန်လည်ဆွေးနွေးပေးရန် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် အကြောင်းအမျိုးမျိုးပြ၍ ဆက်လက် ဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

အဓိကပြဿနာမှာ မြန်မာနိုင်ငံ၏ ဥပဒေနှင့် သမိုင်းကြောင်း၌ မည်သည့် အခါကမျှမရှိခဲ့ဘဲ ပြည်သူများက အသိအမှတ်မပြုသည့် “ရိုဟင်ဂျာ”ဆိုသည့် အသုံးအနှုန်းဖြစ်သည်။ မြန်မာအစိုးရနှင့် ပြည်သူများသည် “ရိုဟင်ဂျာ”ဆိုသည့်အသုံးအနှုန်းကို အသိအမှတ်မပြု၊ လက်မခံပါ။ ယင်းအမည်သည် သမိုင်း အထောက်အထားများတွင်မရှိဘဲ ဥပဒေ ကြောင်းအရလည်း သုံးစွဲမှုမရှိပါ။ ယင်းအမည်သုံးစွဲသူများသည် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် သုံးစွဲနေကြခြင်းဖြစ်သည်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်း အချို့ကလည်း မြန်မာနိုင်ငံအပေါ် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုခေါင်းစဉ် အောက်မှ သံယောင်လိုက်၍ပြောဆို၊ ထုတ်ပြန်သုံးနှုန်းလာသည်။

ယခုရက်ပိုင်း ၁၆-၁၁-၂၀၂၂ ရက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပခဲ့သည့် (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယ ကော်မတီအစည်းအဝေးတွင် “မြန်မာနိုင်ငံရှိ ‘ရိုဟင်ဂျာ’ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ”ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခြင်းမရှိဘဲ အတည်ပြုချမှတ်ခဲ့ပြန်သည်။

ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်ဖက်သတ်စွပ်စွဲချက်များအပေါ် အခြေခံပြီး နိုင်ငံရေးသဘော သက်ဝင်သည့် နိုင်ငံတစ်နိုင်ငံအပေါ် ပစ်မှတ်ထားချမှတ်သော ယခုဆုံးဖြတ် ချက်အဆိုကို မြန်မာနိုင်ငံက ကန့်ကွက်ပယ်ချ၍ ပါဝင်ပတ်သက်မှုမရှိကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကန့်ကွက်ပယ်ချကြောင်း ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် တည်ဆဲဥပဒေနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် အကြား နှစ်နိုင်ငံအစီအစဉ်များနှင့်အညီ ရခိုင်ပြည်နယ်မှ အမှန်တကယ်နေရပ် စွန့်ခွာသူများအဖြစ် အတည်ပြုနိုင်သူများ ကိုစိစစ်လက်ခံရန် အဆင်သင့်ရှိကြောင်း၊ အခြားနိုင်ငံများနည်းတူ နိုင်ငံသားစိစစ် ရေးလုပ်ငန်းစဉ်မှတစ်ဆင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ကိုက်ညီသူများကို နိုင်ငံသားအဖြစ် ခွင့်ပြုလျက်ရှိကြောင်း၊ သို့သော် ဥပဒေအရ လည်းကောင်း၊ သမိုင်းမှတ်တမ်းများအရ လည်းကောင်း မည်သည့်အခါကမျှမရှိခဲ့သော “ရိုဟင်ဂျာ”ဆိုသည့် အသုံးအနှုန်းကို အသိအမှတ်မပြုကြောင်း မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်းဖော်ပြခဲ့သည်။
အမှန်တကယ်အားဖြင့်လည်း ကုလသမဂ္ဂအထွေထွေညီလာခံ တတိယ ကော်မတီအစည်းအဝေး၏ အဆိုပါ ဆုံးဖြတ်ချက်အဆိုသည် နေရပ်စွန့်ခွာသူများ လုံခြုံဘေးကင်းစွာ ပြန်လာနိုင်ရေးအတွက် အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်မဟုတ်ပါ။ အဖြေမှန် တစ်ခုမဟုတ်သလို မြန်မာနိုင်ငံအတွက်လည်း ထူးဆန်းသည့်ကိစ္စမဟုတ်တော့ပါ။

တစ်ဖက်သတ်ဆန်

ရခိုင်ပြည်နယ်တွင် ၂၅-၈-၂၀၁၇ ရက်က ပေါ်ပေါက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၊ အဖွဲ့အစည်းအချို့နှင့် နိုင်ငံအချို့က နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကြေညာချက်များ ထုတ်ပြန်လေ့ရှိသည်။ ထုတ်ပြန်သည့် အခါတိုင်း မှန်ကန်မှုမရှိ၊ တိကျမှုမရှိသည့် အချက်အလက်များ၊ အခြေအမြစ်မရှိသည့် ထပ်တလဲလဲစွပ်စွဲချက်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်း၊ ဘက်လိုက်မှုရှိခြင်း၊ တစ်ဖက်သတ်ဆန်ခြင်းများကိုသာ တွေ့ရမည်ဖြစ်သည်။

တကယ်တော့ ရခိုင်ပြည်နယ်တွင် ၂၅-၈-၂၀၁၇ ရက်က စတင်ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်သည် ARSA အကြမ်းဖက် အဖွဲ့က လုံခြုံရေးစခန်း(Security Outposts) ၃၀ နှင့် တပ်ရင်းဌာနချုပ် တစ်ခုကို တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့အရပ်သားများ သေဆုံးဒဏ်ရာရခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူများ၏ လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် အရေးယူတုံ့ပြန်မှုများကို တည်ဆဲဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ခွာသူများဖြစ်ရန် ARSA အကြမ်းဖက်သမားများက ရည်ရွယ်ချက် ရှိရှိဖြင့် ကြိုတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ARSA ၏ အကြမ်းဖက်ခြိမ်းခြောက်မှုကြောင့် ထွက်ခွာခဲ့သည့်ဦးရေ ဖော်ပြရာတွင်လည်း မမှန်မကန်ချဲ့ကားမှုများ ရှိခဲ့သည်။

အမေရိကန်အပါအဝင် နိုင်ငံအချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့ကလည်း မူလဘူတ ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်ကို မျက်ကွယ်ပြုနေရုံမက ARSA အကြမ်းဖက်အဖွဲ့နှင့် အကြမ်းဖက် လှုပ်ရှားမှုများကို မျက်စိစုံမှိတ်၍ အိပ်ချင်ယောင် ဆောင်နေခဲ့ကြသည်။ သို့သော် ARSA သည် ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့တွင် ၎င်းတို့၏ဖြစ်တည်မှုနှင့် တည်ရှိမှုကို ပေါ်ပေါ်ထင်ထင် ကိုယ်ထင်ပြလာခဲ့သည်။

ပထမဦးဆုံးအကြိမ်ဖော်ပြ

ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာသူများနေထိုင်ရာ ဒုက္ခသည် စခန်းများအတွင်း၌ ARSA အဖွဲ့၏ (၆)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကျင်းပခဲ့ရုံမက အခမ်း အနားနှင့်သက်ဆိုင်သော ဓာတ်ပုံနှင့် ဗီဒီယိုများကိုလည်း လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် ဖြန့်ဝေခဲ့သည်။ အောက်တိုဘာလ ၉ ရက်က ကျင်းပခဲ့သော (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကျင်းပမှုကို “Happy Day”ဟု ခေါ်ဝေါ်ပြီး ကော့ခ်ဆက်ဘဇား ဒေသတစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် ၎င်းတို့၏တည်ရှိမှုကို ARSA အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က ပထမဦးဆုံး အကြိမ်ပွင့်လင်းစွာ ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားကျင်းပသည့် ဗီဒီယိုဖိုင်များတွင် ကော့ခ်ဆက်ဘဇား ဒုက္ခသည်စခန်းများအတွင်းရှိ လူအများသည် တီရှပ်များဝတ်ဆင်၍ ဆိုင်းဘုတ်များနှင့်စာတန်းများကို ကိုင်ဆောင် ချိတ်ဆွဲကာ “Oct. 9 is What day? Happy Day, Happy Day”ဟု အော်ဟစ် ကြွေးကြော်ခဲ့ကြသည်။

အခြားဗီဒီယိုဖိုင်တစ်ခုတွင် စားပွဲပေါ်၌ ကိတ်မုန့်တစ်လုံးတင်ထားပြီး တီရှပ် ဆင်တူဝတ်ဆင်ထားသည့် လူများက ဝန်းရံထားကြသည့် ဗီဒီယိုတွင် ရုပ်ပါဝင် ခြင်းမရှိသူတစ်ဦးက “အောက်တိုဘာလ ၉ ရက်နေ့သည် ARSA က မြန်မာအာဏာ ရှင်အစိုးရကို တိုက်ခိုက်နိုင်ပြီး ရိုဟင်ဂျာ ပြည်သူများကို ဖိနှိပ်မှုများမှလွတ်မြောက် စေသည့်နေ့ဖြစ်သည်”ဟု ပြောကြားခဲ့သည်။ 

ARSA အဖွဲ့ကို ၂၀၁၃ ခုနှစ်တွင် Harakah al-Yaqin အမည်ဖြင့် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ARSA အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဓာတ်ပုံနှင့် ဗီဒီယိုများ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြခဲ့ပြီးနောက် ရိုဟင်ဂျာဆိုသူ လူနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း၊ အခြားပါဝင်သူများအားလည်း လိုက်လံရှာဖွေလျက် ရှိကြောင်း ကြားသိရသည်။ 

လုံခြုံရေးအခြေအနေအရ အမည်ဖော် ပြလိုခြင်းမရှိသည့် အူခီးရားဒုက္ခသည် စခန်းမှ ခေါင်းဆောင်တစ်ဦးက ယခုကဲ့သို့ ဖြစ်စဉ်သည် ကော့ခ်ဆက်ဘဇားဒေသ အတွင်း၌ ARSA အဖွဲ့ဝင်များတည်ရှိမှုကို တွေ့မြင်ရခြင်းဖြစ်ကြောင်း၊ အစောပိုင်းက ၎င်းတို့သည် အစည်းအဝေးများကို လျှို့ဝှက်ကျင်းပကြကြောင်း၊ ယခုအခါတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်လာခြင်းဖြစ်ပြီး ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြလာခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဘက်မှလည်း အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် စခန်းများ၌ လုံခြုံရေး ပိုမိုတိုးမြှင့်ထားကြောင်း ပြောကြားခဲ့သည်။

ဒုက္ခသည် စခန်းများအတွင်း၌ မြန်မာနိုင်ငံသို့ နေရပ်ပြန်လည်ပို့ဆောင် ရေးလုပ်ငန်းစဉ်အား လိုလားသည့် ခေါင်းဆောင်များကလည်း ယခုကဲ့သို့ ARSA ၏ ကျင်းပမှုများသည် ပြန်လည် ပို့ဆောင်ရေး လုပ်ငန်းစဉ်များအား နှောင့်နှေးစေမည်ဟု စိုးရိမ်မှုဖြင့် စောဒက တက်လျက်ရှိကြောင်း ကြားသိရသည်။
 
ညှိနှိုင်းဆောင်ရွက်လျက်ရှိ

မြန်မာအစိုးရအနေဖြင့် နေရပ်စွန့်ခွာသူများကို နှစ်နိုင်ငံအကြား လက်မှတ်ရေး ထိုးထားသည့် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ စနစ်တကျလက်ခံရေးကို နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့ ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့စဉ်ကလည်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသော ဒုက္ခသည်များကို မြန်မာနိုင်ငံ၏ ဥပဒေအရ ပြန်လည်စိစစ်လက်ခံပေးသွားမည်ဖြစ်ပြီး ဥပဒေအရ ဆောင်ရွက် ခြင်းမရှိဘဲ နိုင်ငံတကာမှ တစ်ဆင့်တောင်းဆို၍ လုပ်ဆောင်ခြင်းကို လက်ခံနိုင်ခြင်းမရှိပါ။ မိမိတို့အနေဖြင့် ဘင်္ဂါလီများကို လုံးဝလက်ခံနိုင်ခြင်း မရှိဟု ပြောကြားနေခြင်း မဟုတ်ဘဲ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် တရားဝင်နေထိုင်ခဲ့သည့် အထောက် အထားပြသနိုင်မည်ဆိုလျှင် လက်ခံပေးသွားမည်ဖြစ်ကြောင်း” ဆွေးနွေး ပြောကြားခဲ့ပါသည်။

သို့ဆိုလျှင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာဘာတွေဆောင်ရွက် နေသလဲ၊ ဆောင်ရွက်ခဲ့သလဲ၊ ဘယ်သူတွေက နိုင်ငံရေးရည်ရွယ်ချက်ဖြင့် နှောင့်နှေးအောင် နှောင့်ယှက်ဖန်တီး နေသလဲဆိုသည်ကို အမှန်တကယ် လူသားချင်းစာနာမှုအရ ကြည့်သောသူ မြင်နိုင်ပါ၏။ ။

မင်းခေါင်