ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ Dr. Sura Kiart Sathirathai က ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက သတင်းထောက်များနှင့် တွေ့ဆုံပြီး ပြောကြားခဲ့သည်များကို အလွတ်သဘော ဘာသာပြန်ဆို တင်ပြချက်

Dr. Surakiart Sathirathai ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါ အဖွဲ့သည် ဇန်နဝါရီလ ၂၂ ရက်မှ ၂၅ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိ်ုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ ရခိုင်ပြည်နယ် မောင်တောဒေသနှင့် ကျောက်ဖြူမြို့နယ်တို့သို့ နယ်မြေအခြေအနေ သွားရောက်လေ့လာခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက Dr. Sura Kiart Sathirathai က သတင်းထောက်များနှင့် တွေ့ဆုံပြီး ပြောကြားခဲ့သည်များကို အလွတ်သဘော ဘာသာပြန်ဆို တင်ပြလိုက်ပါသည်-

ရှေးဦးစွာ Dr. Surakiart Sathirathai က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “မင်္ဂလာပါ။ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင် ၁၀ ဦးရဲ့  ပထမဆုံးအစည်းအဝေးကို ဇန်နဝါရီလ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်ကလည်း ကျွန်တော်တို့ အစည်းအဝေးသုံးကြိမ် ကျင်းပခဲ့ပါသေးတယ်။ အဖွဲ့ရဲ့သတ်မှတ်ထားတဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်များ၊ အဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှုများကို သဘောတူညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ အခြေအနေနဲ့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုအပေါ် သဘောထားအမြင်များကိုလည်း ဖလှယ်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကောင်းစွာ ရှင်းလင်းချပြဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့တွေနဲ့လည်း ကောင်းမွန်စွာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ခရီးစဉ်ဟာ ပွင့်လင်းရိုးသားစွာ အမြင်သဘောထားများကို လာရောက်နားထောင်ခြင်းဖြစ်ပါတယ်။ မနေ့ကဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်ကရွာတွေကို သွားရောက်လေ့လာနိုင်ခဲ့ပါတယ်။ မီးလောင်ပြာကျပြီး တစ်စပြင်ဖြစ်နေတဲ့ရွာတွေကို ရဟတ်ယာဉ်ပေါ်ကနေ တွေ့မြင်ခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ၊ ကုန်းလမ်း၊ ရေလမ်းမှတစ်ဆင့် ရောက်ရှိလာတဲ့အခါ ပြန်လည်စိစစ်လက်ခံရေးအတွက် ပြင်ဆင်ထားရှိမှုများကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ တဆက်တည်းမှာပဲ စီးပွားရေးဇုန်တည်ဆောက်ဖို့ ပြင်ဆင်နေမှုများကိုလည်း စိတ်ဝင်တစားလေ့လာခဲ့ရပါတယ်။ ဒါ့အပြင် ဒေသခံ ရွာသူရွာသားများဖြစ်ကြတဲ့ ဗုဒ္ဓဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များနဲ့ ဟိန္ဒူဘာသာဝင်များနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်၊ သဘောထားအမြင်များကိုလည်း မေးမြန်း သိရှိခွင့်ရခဲ့ပါတယ်။

ပြန်လည်လက်ခံမယ့်သူများ တည်းခိုနေထိုင်ရေးအတွက် အိမ်များဆောက်လုပ်နေမှုတွေကို ကျွန်တော်တို့ ကြည်ရှုစစ်ဆေးခဲ့ပါတယ်။ ပြန်လည်လက်ခံမှုကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင်ဖို့ဖြစ်သော်လည်း အကောင်အထည်မဖော်ဖြစ်ခဲ့ပါဘူး။ သို့သော်လည်း လိုအပ်တဲ့ပြင်ဆင်ဆောင်ရွက်မှုများ၊ အခြေချနေထိုင်မယ့်နေရာကို မရောက်မီ ခေတ္တထားရှိမယ့် လက်ခံရေးစခန်းများကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

လုံခြုံရေးထားရှိတဲ့အတွက် မည်သည့်ခြောက်လှန့်မှု အရိပ်အရောင်မှ မတွေ့ရပါ။ ရွာသားများနဲ့ တွေ့ဆုံတဲ့အခါမှာလည်း ကြောက်ရွံ့ထိတ်လန့်တဲ့ အမူအယာတွေကို မတွေ့ခဲ့ရပါ။ ကျွန်တော်တို့အကြံပေးအဖွဲ့အနေနဲ့ မည်သည့် အကြံဉာဏ်များကိုမှ အခုထိမပေးရသေးပါဘူး။ အခြေအနေကို စောင့်ကြည့်ခြင်းသာ ဖြစ်ပါတယ်။

လာမယ့်ရက်တွေ၊ လတွေမှာ ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးကြပါမယ်။ ပြီးမှ လာမယ့် နှစ်လ၊ သုံးလအတွင်း အဖွဲ့ရဲ့ ပဏာမအကြံပြုချက်များ ထုတ်ပြန်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအဖွဲ့အနေနဲ့ အခြားဆောင်ရွက်ရမယ့်ကိစ္စများ၊ ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများ၊ လက်ရှိ လုပ်ငန်းစီမံကိန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို အကြံပြုသွားမှာဖြစ်ပါတယ်။

လူမှုအသိုက်အဝန်းများအကြား ပြန်လည်သင့်မြတ်ရေး၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ပေးဖို့အတွက် နည်းလမ်းများ ချမှတ်ဆောင်ရွက်ဖို့လို အပ်ပါတယ်။  ဒါမှသာ ရေရှည်တိုးတက်မှုရှိပါမယ်။ ကျွန်တော်တို့အနေနဲ့  ကိုဖီအာနန် ကော်မရှင်ရဲ့  အကြံပြုချက် ၈၈ ချက်ကို အကောင်ထည်ဖော်နေတဲ့ မြန်မာအစိုးရကို ချီးကျူးပါတယ်။  

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း လူမှုအသိုင်း အဝိုင်းအတွင်း  တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုရှိရေးကို အလေးထား ဆောင်ရွက်ခဲ့တဲ့အတွက် ဒါဟာမှန်ကန်တဲ့လုပ်ရပ်လို့ မြင်ပါတယ်။   သူ့အနေနဲ့  နိုင်ငံတကာ အသိုက်အဝန်းတွေဆီကနေ  မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်စေမယ့် လူမှုရေးကူညီမှုများ ပေးအပ်ဖို့၊  ကူညီသူများကိုယ်တိုင် လာရောက်ပြီး အလုပ်အကိုင် သင်တန်းများပို့ချပေးခြင်းစတဲ့ အကူအညီများကို အလေးထားပါတယ်။

ရခိုင်ပြည်နယ်ဟာ မြေသြဇာကောင်းမွန်ပြီး မြစ်ချောင်းအစရှိတဲ့ရေ အရင်းအမြစ်များစွာနဲ့အတူ စိုက်ပျိုးရေးအောင်မြင်ဖြစ်ထွန်းတဲ့ ဒေသဖြစ်တာကို ရဟက်ယာဉ်ပေါ်ကနေ တွေ့မြင်ခဲ့ရပါတယ်။ ခြောက်သွေ့တဲ့ရာသီမှာတောင်  စိမ်းလန်းစိုပြည်နေတာကို တွေ့ရတဲ့အတွက်   ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရှိပါတယ်။ လယ်ယာအထွက်တိုးဖို့နဲ့ လယ်ယာထွက် ပစ္စည်းတွေ တန်ဖိုးမြှင့်တင်ဖို့အတွက် ဒေသခံတောင်သူများကို သင်တန်းပေးဖို့ လိုအပ်ပါတယ်။ 

ဒါ့အပြင် ကျောက်ဖြူကိုသွားတဲ့အခါမှာလည်း  ကျွန်တော့်အနေနဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အမျိုးသမီးများအတွက် အထည်ချုပ်စက်ရုံတွေမှာ အလုပ်အကိုင်အခွင့်အလမ်များ ဖန်တီးပေးနိုင်ဖို့ အခွင့်အလမ်းများစွာကို တွေ့မြင်နေရပါတယ်။ ဒါ့အပြင် ကျောက်ဖြူအထူးစီး ပွားရေးဇုန်၊ အခုရောက်ရှိနေတဲ့ သံတွဲမြို့ရဲ့ ခရီးသွားလုပ်ငန်းတိုးတက်ဖို့အတွက် အရေးပါမှုစတဲ့ အခွင့်အလမ်းများ ရှိပါတယ်။ အခုလို မြေပြင်အထိကွင်းဆင်းပြီး ပြည်သူတွေနဲ့ ထိတွေ့ပြောဆိုခွင့်ရတဲ့အတွက်  ဒေသခံပြည်သူတွေရဲ့  လိုအပ်ချက်နဲ့ ဒေသခံများရဲ့ အလုပ်အကိုင် အခွင့်အလမ်းများစွာကို ကျွန်တော်တို့ သိရှိခွင့်ရခဲ့ပါတယ်။         

အချုပ်အားဖြင့် ဒီခရီးစဉ်ဟာ အကျိုးကျေးဇူးများပါတယ်။ အကြံပေး အဖွဲ့ဝင်များအနေနဲ့  တိုးတက်မှုတွေနဲ့အတူ အကြမ်းဖက်မှုများရဲ့ အထောက်အထားတွေလည်း တွေ့မြင်ခဲ့ရပါတယ်။ ပြန်လည်လက်ခံမယ့်သူများအတွက် လုံခြုံရေးနဲ့ အစစအရာရာ ကူညီပံ့ပိုးပေးရေးအတွက် မြန်မာအစိုးရရဲ့ အားထုတ်ကြိုးပမ်းမှုများကို တွေ့မြင်ကြားသိခဲ့ ရပါတယ်။

ကြိုတင်ပြင်ဆင်မှု အဆင့်ဆင့်ဆောင်ရွက်နေမှုများကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံဖို့အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေဟာ  အချိန်ယူဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းများအနေနဲ့ ဒေသတွင်းအခြေအနေ ကန့်သတ်ချက်များကို နားလည်သိရှိပြီး မြန်မာအစိုးရနဲ့  ဒေသခံလူမှုအသိုက်အဝန်းတို့နဲ့  နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးညှိနှိုင်းမှုများဖြင့် ကူညီပေးနိုင်ကြပါတယ်။

အလားတူပဲ  အားလုံးပါဝင်မှုမရှိရင်  နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကတော့ ကျွန်တော့်ရဲ့ ဒီခရီးစဉ်ပေါ် အမြင်သဘောထားပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အကြံပေးအဖွဲ့အနေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပြီးမှသာ ကျွန်တော်တို့ရဲ့ တူညီတဲ့သဘောထားတစ်ရပ်ကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အကြံပေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အာဏာအတိုင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဦးဆောင်တဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကို အကြံဉာဏ်များ ပေးသွားမှာ ဖြစ်ပါတယ်။ နှစ်လ၊ သုံးလ အကြာမှာ အကြံဉာဏ်များ ပေးအပ်နိုင်မယ်လို့မျှော် လင့်ပါတယ်။

မေး။     ရခိုင်ပြည်နယ်အရေးကိစ္စမှာ တရုတ်နိုင်ငံရဲ့ ကူညီပံ့ပိုးမှုနဲ့ ပြန်လည်လက်ခံမယ့် သူများအတွက် အဓိကလိုအပ်ချက်ကို သိလိုပါတယ်။

ဖြေ။      အိမ်ရာဆောက်လုပ်ရေးအပြင် လူဝင်မှုကြီးကြပ်ရေးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လုံခြုံရေးတို့နဲ့ဆိုင်တဲ့ ရုံးအဆောက်အဦများ တည်ဆောက်ဖို့အတွက် တရုတ်နိုင်ငံကနေ ဆောက်လုပ်ရေးပစ္စည်းတွေ ပံ့ပိုးကူညီပေးနေမှုကို တွေ့မြင်ခဲ့ရပါတယ်။ ဒီအတွက်ချီးကျူးမိပါတယ်။ ဒါ့အပြင် နေရပ်ပြန်လည်ပို့ဆောင်ဖို့နဲ့ ပြန်လည်ရောက်ရှိလာသူများအတွက် အိမ်ယာဆောက်လုပ်ရေး ပစ္စည်းများ ပံ့ပိုးပေးရာမှာ  တရုတ်နိုင်ငံရဲ့  အခန်းကဏ္ဍဟာ  အင်မတန်အရေးကြီးပါတယ်။

တရုတ်နိုင်ငံအနေနဲ့  UEHRD နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း အစိုးရ၊ ပုဂ္ဂလိကနဲ့ တရုတ်နိုင်ငံတို့ အတူတကွ ပူးပေါင်းဆောင်ရွက်နေကြတာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့  ဒေသခံပြည်သူတွေအတွက် အကျိုးပြုမယ့် ဝင်ငွေတိုး အလုပ်အကိုင်အခွင့်လမ်းတွေ ဖန်တီးပေးဖို့၊ ကျွမ်းကျင်သင်တန်းတွေ ပို့ချပေးဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်။

ကျွန်တော့်အမြင်ကတော့ အဓိကအလိုအပ်ဆုံးကတော့ လုံခြုံရေးပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ သွားရောက်ခဲ့တဲ့ရွာတွေအနက် အနည်းဆုံး ၄၊ ၅ ရွာမှာ လုံခြုံရေး ချပေးထားတာတွေ့ရပါတယ်။ ဒါ့အပြင် ပြန်လည်ရောက်ရှိလာမယ့် သူတွေ ၎င်းတို့ရဲ့ရွာကို ပြန်လည်နေရာချထားနိုင်မှု မရှိနိုင်သေးတဲ့အချိန်မှာ ယာယီစခန်းမှာ သင့်တင့်တဲ့ နေရာထိုင်ခင်း၊ လုံလောက်တဲ့ အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုများကို ပံ့ပိုးပေး ဖို့လိုအပ်ပါတယ်။ 

ကျွန်တော်ပြောဖို့ မေ့သွားတယ်။ မနေ့က ကျွန်တော်တို့ ယာယီလက်ခံရေးစခန်းတွေကို သွားရောက်ခဲ့ပါတယ်။ မီးဖိုချောင်၊ အစားအသောက်၊ လျှပ်စစ်မီး၊ ကျန်းမာရေးစောင့်ရှောက်ရေးအစရှိတဲ့ ပြင်ဆင်ထားရှိမှု အစိုးရကပံ့ပိုးပေးထားတဲ့ ဆန်နဲ့  အစားအသောက်တွေ သိုလှောင်ထားရှိမှု၊ သယ်ယူပို့ဆောင်ရေး စတာတွေကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒီလိုမျိုး မီဒီယာတွေ လာရောက်နိုင်အောင် မြန်မာအစိုးရအနေနဲ့ ဆက်လက်ကူညီပံ့ပိုးဖို့ မေတ္တာရပ်ခံလိုပါတယ်။

လုံခြုံရေးနဲ့ သင့်တင့်တဲ့ နေရာထိုင်ခင်းကတော့ နယ်စပ်ဖြတ်ပြီး ပြန်ရောက်တဲ့အခါ အဓိကလိုအပ်မှာ ဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်ပါတယ်။ ပြန်လာမယ့်သူများဟာ မည်သူတစ်ဦးတစ်ယောက်ရဲ့ ဖိအားပေးမှုကြောင့် မဟုတ်ဘဲ မိမိသဘောဆန္ဒအတိုင်း ပြန်လာဖို့လိုပါတယ်။ ပြန်လာချင်သူများ ပြန်လာဖို့ နှစ်နိုင်ငံပူးပေါင်းပြီး လုပ်ဆောင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မနေ့က ခရီးစဉ်မှာ မြန်မာသတင်းသမားတွေနဲ့အတူ တရုတ်၊ ဂျပန်နှင့် ရုရှားအစရှိတဲ့ နိုင်ငံတကာသတင်းအဖွဲ့များ လိုက်ပါလာခဲ့ပါတယ်။ မိမိအနေနဲ့ နိုင်ငံတော်အစိုးရကို သတင်းရယူခွင့်ပေးဖို့ ဆက်လက်ပြီး တိုက်တွန်းလိုပါတယ်။ အဖွဲ့ဝင် ၂၀ ကျော်ပါဝင်ပြီး မြေပြင်အခြေအနေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။

မေးခွန်းတွေ မေးစရာမရှိရင်တော့ အားလုံးသိပြီးသားဖြစ်မှာပါ။ အကြံပေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ Governor Billl Richardson ဟာ  ကျွန်တော်တို့ရဲ့ အကြံပေးအဖွဲ့မှာ မပါဝင်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ ခရီးစဉ်ဟာ ရိုးသားပွင့် လင်းမှုရှိပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီရဲ့  ပြင်ဆင်လုပ်ကိုင်နေမှုများကို အကြံပေးအဖွဲ့အနေနဲ့ အထောက်အကူပြုမယ့် အကြံဉာဏ်များကိုသာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အစိုးရနဲ့ တာဝန်ရှိသူများရဲ့ အသံတွေ၊ ဒေသခံ ရွာသူရွာသားများ၊ ပါဝင်ပတ်သက်နေသူများအားလုံး တက်တက်ကြွကြွပူးပေါင်း ဆောင်ရွက်မှု၊ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန္ဒသဘောထားများကို နားထောင်ပေးဖို့ဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနမှ သတင်းထောက်များ လွှတ်ပေးရေးကိစ္စကို အကြံပေးအဖွဲ့နဲ့  ဆွေးနွေးတိုင်ပင်ခြင်းမပြုဘဲ Governor Bill Richardson က သူ့ရဲ့ ကြိုတင်တွေးဆချက် သဘောထားအတိုင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့  ဆွေးနွေးခဲ့ပါတယ်။

ဒါဟာ အကြံပေးအဖွဲ့ကို အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်သွားခြင်းဖြစ်ပါတယ်။ အကြံပေးအဖွဲ့အစည်းအဝေး  ၃  ကြိမ်ကျင်းပခဲ့ပြီး အဲ့ဒီကာလများမှာလည်း တင်ပြဆွေးနွေးခြင်း မပြုခဲ့ပါ။ ကျွန်တော့်အမြင်ပြောရရင် အစောပိုင်းကာလ ဖမ်းဆီးခံရစဉ်အတောအတွင်း ကျွန်တော်တို့အနေနဲ့ အကယ်၍ မီဒီယာသမားများရဲ့  သတင်းရယူခွင့်အတွက် အရေးကြီးတယ်လို့  ယူဆရင်  တစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်ပါတယ်။

သို့သော်လည်း အမှုဖွင့်တရားစွဲဆိုတဲ့ အဆင့်ကိုရောက်ရှိနေပါပြီ။ လူတိုင်း တရားဥပဒေစိုးမိုးရေးကို လေးစားရပါမယ်။ နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မည်သူ့ကိုမဆို ဥပဒေအတိုင်းဆောင်ရွက်သွားဖို့ အလေးထားပါတယ်။ မိမိတို့ အကြံပေးအဖွဲ့အနေနဲ့  မည်သည့်အစိုးရကိုမျှ ဖိအားပေးခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်း ပြုလုပ်သွားမှာမဟုတ်ပါဘူး။ ပြစ်မှုဆိုင်ရာ တရားဥပဒေ ကျင့်ထုံးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်ကနေ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော့်သဘောဆန္ဒအတိုင်း လုပ်ဆောင်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနဲ့  ဆွေးနွေးခဲ့ပါတယ်။

ရိုက်တာသတင်းထောက်တွေကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အာမခံပြောကြားခဲ့ပါတယ်။ လျော်ကန်တဲ့ပြစ်မှုဆိုင်ရာ တရားကျင့်ထုံးအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကိုမှ လွှတ်ပေးဖို့အတွက် အစိုးရအပေါ် ဖိအားပေးတဲ့သဘော တရားရုံးကျင့်ထုံးကို စွက်ဖက်လိုတဲ့ သဘောထားမရှိပါ။ ကျွန်တော်တို့အနေနဲ့ မည်သည့်နိုင်ငံမဆို အထူးသဖြင့် အိမ်ရှင်နိုင်ငံရဲ့ တရားရုံးကျင့်ထုံး၊ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်မှုတို့ကို အလေးထားပါတယ်။

ဒါ့ကြောင့် Governor Bill Richardson က နိုင်ငံတကာ မီဒီယာတွေကို ပြောကြားခဲ့သလို အကြံပေးအဖွဲ့ဟာ  မြန်မာအစိုးရကို ဖုံးဖိပေးနေတယ်၊  ကာကွယ်ပေးနေတယ်ဆိုတာ မမှန်ကန်ပါကြောင်းကို တက်ရောက်လာကြတဲ့ သတင်းသမားတွေကို အသိပေးပြောကြားလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ မြန်မာအစိုးရကို ဦးဆောင်လိုတဲ့ဆန္ဒမရှိသလို နိုင်ငံတကာ အသိုက်အဝန်းကိုလည်း ဦးစီးဦးဆောင်ဖို့ သဘောထားမရှိပါ။ အလားတူ ကျွန်တော်တို့က မြန်မာအစိုးရရဲ့ အာဘော်မဟုတ်သလို နိုင်ငံတကာ အသိုက်အဝန်းရဲ့ အာဘော်လည်းမဟုတ်ပါဘူး။ လွတ်လပ်ပြီး ဘက်လိုက်မှုကင်းပါတယ်။ သိက္ခာသမာဓိရှိတဲ့ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံမှ အကြံပေးပညာ ရှင်ကြီးများပါဝင်တဲ့ အဖွဲ့ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ  နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြတဲ့အတွက် လူမှုရေးစွမ်းဆောင်နိုင်မှု၊ ယုံကြည်ကိုးစားထိုက်မှု ရှိကြသူများဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာအစိုးရကို ဖုံးဖိပေးနေတယ်ဆိုတဲ့ ပြောကြားမှုဟာ မမှန်ကန်ပါဘူး၊ ကျွန်တော်တို့အဖွဲ့အနေနဲ့ အကြံဉာဏ်များမပေးရသေးပါဘူး။ အစည်းအဝေး ၃ ကြိမ်ကျင်းပခဲ့ပါတယ်။ အကြောင်းအရာများစွာ ဆွေးနွေးခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီနဲ့ လည်းကောင်း၊  ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့လည်းကောင်း၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ၊ ရွာသူရွာသားများ၊ သက်ဆိုင်ရာအားလုံးနဲ့ လည်းကောင်း တွေ့ဆုံခဲ့ပြီး နားထောင်ပေးခဲ့ပါတယ်။

ဒီနေ့လည်း ၂၅-၁-၂၀၁၈ ရက်နေ့မှာ  ကျွန်တော်တို့အဖွဲ့ဝင်များ အစည်းအဝေး ကျင်းပပါမယ်။ နှစ်လ၊  သုံးလအတွင်း ပဏာမအကြံပြုချက်များ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အကောင်အထည်ဖော်ဆောင်ရေးကော်မတီကို အကြံဉာဏ်များပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့  တစ်ဦးတစ်ယောက်ကိုမှ ထောက်ပြဝေဖန်ခြင်းမရှိသလို ဖုံးဖိပေးခြင်းလည်း မရှိပါ။

ဒီခရီးစဉ်မှာ ဆောင်ရွက်ပြီးစီးမှုများကို မေးမြန်းခြင်း၊ နားထောင်ခြင်း၊ သဘောထားအမြင်များ ဖလှယ်ခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရောက်ရှိခဲ့ပြီး ဒီကနေ့ တတိယမြောက်နေ့ ဖြစ်ပါတယ်။ ကျွန်တော်တို့အများကြီး လေ့လာသိရှိခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှု အတွေ့အကြုံများကို အခြေခံပြီး အကောင်အထည်ဖော်ဆောင်ရေး ကော်မတီအတွက် အထောက်အကူပြုမည့် အကြံဉာဏ်တွေကို ဆက်လက်ပေးသွားမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရက ပြန်လည်လက်ခံမယ့်သူများအပေါ် ကျွန်တော့်အမြင် ပြောရရင်တော့ ရခိုင်ပြည်နယ်အစိုးရရဲ့ ပါဝင်မှု ပိုမိုလိုအပ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အတွက် အားလုံးပါဝင်ဖို့ လိုအပ်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရသာမက လွှတ်တော်များ ပါဝင်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုဟာ အဆင့်တိုင်း ပါဝင်ရပါမယ်။ ပြည်သူလူထု၊ လွှတ်တော်၊ အစိုးရတို့အပြင် ပြည်ထောင်စု အစိုးရနဲ့ လွှတ်တော်များပါဝင်သင့်ပါတယ်။

ကိုဖီအာနန်ကော်မရှင်ရဲ့  ၈၈  ချက်သော အကြံပေးချက်များကို အကောင်အထည်ဖော်ဖို့ တစ်လမ်းသွားပုံစံ၊ အောက်ခြေမှ အပေါ်၊ အပေါ်မှ အောက်ခြေပုံစံများဖြင့် ဆောင်ရွက်ဖို့ မလွယ်ကူပါဘူး။ လူထု၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရ အသီးသီးတို့အကြား အမြဲတမ်း ညှိနှိုင်းတိုင်ပင်ကာ အဆင့်ဆင့် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းကလည်း ပါဝင်နိုင်ပါတယ်။ သို့မှသာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ညီညွတ်ရေးတို့ ရေရှည်တည်တံ့မှာ ဖြစ်ပါတယ်။  ကျေးဇူးတင်ပါတယ်။