ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်၊ တိုက်နယ်ဆရာဝန်များသို့ Mobile Tablet များဖြန့်ဝေခြင်းအခမ်းအနားကျင်းပ

စစ်တွေ  ၁၄  ဇန်နဝါရီ 

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်း များနှင့် မြို့နယ်၊ တိုက်နယ်ဆရာဝန်များသို့ Mobile Tablet များဖြန့်ဝေခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။ 

 

255352

 

အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ယနေ့အခမ်းအနားသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အောင်မြင်သော ပြောင်းလဲမှုတစ်ခုဖြစ်ပါကြောင်း၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ယခင်နှစ်များစွာတွင် သတင်းအချက်ဖြန့်ဝေသော စနစ်ကို သတင်းပို့သည့်အခါ အခက်အခဲများစွာဖြင့် လုပ်ဆောင်ခဲ့ရပါကြောင်း၊ ထိုအခက်အခဲများကို ယနေ့ဖြန့်ဝေသည့် Mobile Tablet မှတစ်ဆင့် အောင်မြင်ကျော်လွှားပြီး လျင်မြန်စွာလုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း၊ Mobile Tabletမှတစ်ဆင့် ဝန်ထမ်းများအတွက် အသိပညာဖြန့်ဝေခြင်းများ၊ ပြောင်လဲသည့် ခေတ်နှင့်အညီ အသိပညာများ၊ ကုထုံးများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ်သင်ကြားခြင်းကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ယခုရရှိသည့် Mobile Tabletများကို တန်ဖိုးရှိရှိစနစ်တကျကိုင်တွယ်အသုံးပြုပြီး ပြည်သူများကို အကျိုပြုနိုင်အောင်ဆောင်ရွက်သွားကြရန် ပြောကြားသည်။ 

 

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်း ကျော်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအသိပညာ မြင့်မားတိုးတက်လာစေရန်၊ ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေကြသည့် အခြေခံကျန်းမာရေးဝန်ထမ်းများ၊ အရည်အချင်းနှင့်လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုမြင့်မားတိုးတက် လာစေရန်၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယခင်ထက်ပိုမိုပြီး ထိရောက်အောင် မြင်စွာဆောင်ရွက်နိုင်စေရန်နှင့် မြို့နယ်ဆရာဝန်များနှင့် တိုက်နယ်ဆရာဝန်များ၏ ကုသရေးအရည် အသွေး၊ လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုမြှင့်တင်နိုင်စေရန်အတွက် Mobile Tablet များကို အသုံးပြုပြီး  အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။ ဆက်လက်၍ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ၊ဘဏ္ဍာ) ဒေါ်အေးအေးစိန်က Mobile Tablet များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် အမြဲတမ်းအတွင်းဝန်က Mobile Tablet အား ပြည်နယ်ဝန်ကြီးချုပ်အတွက်ပေး အပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဝင်းကြည်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က မြို့နယ်ဆရာဝန်များ၊ တိုက်နယ်ဆရာဝန်များ၊ လက်ထောက်ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာ ရေးဆရာမများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)များ၊ သားဖွားဆရာမများနှင့် ကျန်းမာရေးကြီးကြပ် (၂)များသို့ Mobile Tabletများကို ပေးအပ်ကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးသံတမန် ဒေါက်တာစိုးညီညီထွန်းက ပြည်သူ့ ကျန်းမာရေးအကျိုးပြု Mobile Tablet အကြောင်းမိတ်ဆက်ပြောကြားပြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်က Mobile Tablet များဖြန့်ဝေပေးခြင်း အပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေခံ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်၊ တိုက်နယ်ဆရာဝန်များသို့ Mobile Tablet ၉၄၂၂ လုံးဖြန့် ဝေပေးခဲ့ပြီး ရခိုင်ပြည်နယ်တွင် မြို့နယ်နှင့် တိုက်နယ်ဆရာဝန် (၅၂)ဦးနှင့် အခြေခံကျန်းမာရေးဝန် ထမ်းများ စုစုပေါင်း ၁၇၁၂ ဦးအတွက် Mobile Tablet ၁၇၁၂ လုံးဖြန့်ဝေပေးကြောင်းသိရသည်။

 

တင်ထွန်း(ပြန်/ဆက်)