စစ်တွေ ၃၁ အောက်တိုဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လျှပ်စစ်မီးအခက်အခဲရှိသည့် ကျေးရွာများတွင် ဆိုလာပါဝါနှင့် ဆက်စပ်ပစ္စည်းများ ရရှိရေးနှင့် ကျေးရွာချင်းဆက် လမ်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဖောက်လုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထောက်ပံ့လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် ဘူးသီးတောင်မြို့နယ်ရှိ သရဖီကျေးရွာတွင် ဆိုလာပါဝါ ၁၀၀ စုံ၊ ရသေ့တောင်မြို့နယ်ရှိ အဝတာကျေးရွာတွင် ၅၀ စုံနှင့် မြေပုံမြို့နယ်ရှိ ဝက်ကောက်မော်ကျေးရွာတွင် ၂၆ စုံ စုစုပေါင်း ဆိုလာပါဝါ (90W) ၁၇၆ စုံကို ထောက်ပံ့ပေးနိုင်ကြောင်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။ အိမ်သုံးဆိုလာပါဝါများ ထောက်ပံ့ပေးနိုင်သဖြင့် ယင်းကျေးရွာ သုံးရွာတွင် နေထိုင်လျက်ရှိသည့် လူဦးရေ ၆၅၀ ဦးကျော်တို့ ဆိုလာမီးသုံးစွဲ နိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် ၁၄၈ ဒသမ ၁၂၇ သန်းဖြင့် ပန်းမြောင်း - ပြင်ယောင်း ကျေးရွာချင်းဆက် ကျောက်လမ်း (၀/၇)မိုင်အား လုပ်ငန်းများအားလုံး သတ်မှတ်ချက်နှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ပေးခြင်းကြောင့် မင်းပြားမြို့နယ်အတွင်း ကျေးရွာ ၂၂ ရွာမှ အိမ်ခြေ ၃၄၀၀ ကျော်တွင် နေထိုင်သည့် ကျေးလက်နေပြည်သူ ၁၃၀၀၀ ဦး ကျော်တို့မှာ ရာသီအချိန်မရွေး သွားလာနိုင်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက်ရှိကြောင်း သိရသည်။
ဝေယံလင်း(ပြန်/ဆက်)


