စစ်တွေ ၁ မတ်

ရခိုင်ပြည်နယ်အတွင်း၌ လျှပ်စစ်ဓာတ်အားရရှိမှုရာခိုင်နှုန်း (Electrification Ratio)ကို ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်းကျော်နှင့် ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းနှင့်အထက် တိုးတက်ရရှိလာရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

လက်ရှိကာလတွင် ပြည်နယ်တစ်ခုလုံး၏ လျှပ်စစ်ဓာတ်အားရရှိမှု ရာခိုင်နှုန်း (Electrification Ratio)မှာ ၂၁ ရာခိုင်နှုန်းရှိပြီး ပြည်နယ်အတွင်းကျေးရွာပေါင်း ၃၇၄၂ ရွာရှိသည့်အနက် ၁၈၉၅ ရွာကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည့်အတွက် ပြည်နယ်တစ်ခုလုံး၏ ကျေးရွာမီးလင်းမှု ရာခိုင်နှုန်းမှာ ၅၀ ဒသမ ၅၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် နိုင်ငံတော်ဓာတ်အားစနစ်၌ အမြင့်ဆုံး ဓာတ်အား သုံးစွဲမှုမှာ ၃၆၀ဝ မဂ္ဂါဝပ်ခန့်ရှိပြီး ဓာတ်အားသုံးစွဲမှုအနေဖြင့် ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းထိ နှစ်စဉ်တိုးတက် သုံးစွဲလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် လက်ရှိအနေအထားထက် ဓာတ်အားပိုမို သုံးစွဲနိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ သဘာဝအရင်းမြစ်များကို အခြေခံပြီး သံတွဲမြို့တွင် သူဌေးရေအားလျှပ်စစ်စီမံကိန်း (၁၁၁ မဂ္ဂါဝပ်)အား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း၌လည်းကောင်း၊ ကျောက်ဖြူမြို့တွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း (၁၃၅ မဂ္ဂါဝပ်)အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း၌လည်းကောင်း အချိန်မီပြီးစီးရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

mdn

 

"ရခိုင်ပြည်နယ်မှာ ဓာတ်အားစနစ်နဲ့ မီးမရတာ လေးမြို့ကျန်ပါမယ်။ မာန်အောင်၊ ကျိန္တလီ၊ စနဲ၊ တောင်ပြိုတို့ဖြစ်ပါတယ်။ အဲဒီလေးမြို့နယ်မှာ မတ်လကုန်လောက်မှာ စနဲမြို့နဲ့ ကျိန္တလီမြို့တို့ကို ဓာတ်အားစနစ်နဲ့ မီးပေးဖို့ရှိတယ်။ မာန်အောင်မြို့ကို မေလကုန်မှာ ဆိုလာစနစ်နဲ့ ၂၄ နာရီမီးပေးဖို့ရှိတယ်။ တောင်ပြိုကိုမီးပေးနိုင်ဖို့ JICA အထောက်အပံ့နဲ့ ကြိမ်ချောင်းမှာ ဓာတ်အားခွဲရုံ တစ်ရုံတည်ဆောက်ဖို့ လုပ်ငန်းစနေပါပြီ။ ဓာတ်အားခွဲရုံဆောက်ပြီးရင် တောင်ပြိုမြို့ကို 11KV ဓာတ်အားလိုင်းနဲ့ မီးပေးသွားဖို့ရှိပါတယ်။ အဲဒီတော့ မီးလင်းဖို့ကျန်ရှိတဲ့ လေးမြို့ရှိတဲ့အနက် မတ်လကုန်မှာ နှစ်မြို့လင်းပြီး မေလကုန်မှာ တစ်မြို့ထပ်လင်းမယ်ဆိုတော့ ရခိုင်ပြည်နယ်မှာ ကျန်တာက တောင်ပြိုတစ်မြို့ပဲ ကျန်ပါမယ်" ဟု ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၀၁၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း တောင်ကုတ်၊ ကျောက်ဖြူ၊ အမ်း၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်တော်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ ၂၃၀ ကေဗွီအေ မဟာဓာတ်အားလိုင်း (စုစုပေါင်း ၄၀၈ ဒသမ ၂၅ မိုင်)၊ ၂၃၀ ကေဗွီအေ ပင်မဓာတ်အားခွဲရုံ လေးရုံ၊ ၆၆ ကေဗွီအေ ဓာတ်အားလိုင်း ၃၅၄ ဒသမ ၇၁ မိုင်နှင့် ၆၆ ကေဗွီအေဓာတ် အားခွဲရုံများ တည်ဆောက်ပြီး နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မအီ၊ မင်းပြားနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင် ရန် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ၊ ၆၆/၃၃ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံတို့ကို ၂၀၁၆ ခုနှစ်အတွင်း၌လည်းကောင်း၊  ဂွမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ၂၃၀ ကေဗွီ အသုတ်ဓာတ်အားခွဲရုံမှ ၆၆ ကေဗွီဓာတ်အားလိုင်း ၅၅ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံတို့ကို ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း၌လည်းကောင်း၊ ၂၀၁၈ ခုနှစ် မတ်လတွင် ရသေ့တောင်မြို့နယ်၊ အောက်တိုဘာလတွင်  ဘူးသီးတောင်မြို့နယ်နှင့် ဒီဇင်ဘာလတွင် မောင်တောမြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

ဟန်လင်းနိုင်၊ ရာမည

 

mdn