ရခိုင်ပြည်နယ်အတွက် လူသုံးကုန်နှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှု ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

စစ်တွေ ဖေဖော်ဝါရီ ၂၂

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက သူနာပြုနှင့် သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် ရန်ကုန်မြို့မှ လူသုံးကုန်ပစ္စည်းနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(စစ်တွေ) အစည်းအဝေးခန်းမ၌ သူနာပြုနှင့် သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ပြီး “သင်တန်း(၃)နှစ်အတွင်း စာတွေ့၊ လက်တွေ့ပညာရပ်များကို ကြိုးစားလေ့လာသင်ယူပြီး မိမိတို့ပြည်နယ်၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍာကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ပေးကြ စေလိုကြောင်း၊ သင်တန်းမှ ဆရာ ဆရာမများ၏ သင်ကြားပို့ချပေးမှုများကို အမြဲလေ့ကျင့် မှတ်ယူနေရမည်ဖြစ်ကြောင်း၊ ပညာပြည့်၀နှလုံး လှသော သူနာပြုဆရာ ဆရာမကောင်းများဖြစ်ကြပြီး ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို မိမိတို့တတ်မြောက်ထားသောပညာဖြင့် လုပ်ကျွေးဆောင်ရွက်နိုင်ကြစေလို‌ကြောင်း” ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းက သင်တန်းသား၊ သင်တန်းသူများ အတွက် ဆန်အိတ် ၆၅ အိတ်ကို ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်သိန်း ၅၀ ကို ထောက်ပံ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းကျောင်းအတွင်းရှိ စာကြည့်တိုက်နှင့် ကျောင်းအုပ်ကြီးရုံးခန်းတို့ကို လှည့်လည်ကြည့်ရှုသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ လူသုံးကုန်ပစ္စည်းများနှင့် တည်ဆောက်ရေး ပစ္စည်းများ ရောက်ရှိလာမှု၊ ဘက်စုံသုံးဆိပ်ကမ်းတွင် အတင်အချပြုလုပ်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

 

တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး