ရခိုင်ပြည်နယ် ကျိန္တလီမြို့၌ မတ် ၂၃ ရက်မှ စတင်၍ (၂၄)နာရီ လျှပ်စစ်မီးရရှိမည်

ဂွ ၁၉ မတ်

ရခိုင်ပြည်နယ် ကျိန္တလီမြို့ရှိရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် မတ် ၂၃ ရက်မှ စတင်၍ (၂၄)နာရီ လျှပ်စစ်မီးရရှိကြမည်ဖြစ်ကြောင်း ဂွမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

 

6

 

"ကျွန်တော်တို့ ရခိုင်ပြည်နယ် ကျိန္တလီမြို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ ဓာတ်အားအပြည့်အဝ ရရှိစေရေးအတွက် ဂွမြို့ဓာတ်အားခွဲရုံမှ ကျိန္တလီမြို့သို့ ၁၁ ကေဗွီ ဓာတ်အားလိုင်း (၁၆မိုင်)ကို တည်ဆောက်ပြီးစီးပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျိန္တလီမြို့မှ ရပ်ကွက် (၃)ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာ (၁၀) ကို မတ် ၂၃ ရက်ကစပြီး လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်"ဟု ဂွမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်သူရိန်လင်းက ပြောသည်။

ထို့ပြင် ဂွမြို့ဓာတ်အားခွဲရုံမှ ကျိန္တလီမြို့သို့ ဓာတ်အားဖြန့်ဖြူးရာတွင် ဓာတ်အားလိုင်း တစ်လျှောက်ရှိ ကျေးရွာများကိုလည်း လျှပ်စစ်အန္တရာယ်ကင်းစင်စေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အသိပေးကြေညာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။

ထို့အတူ ရခိုင်ပြည်နယ် စနဲမြို့သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပြီး မတ်လကုန်တွင် လျှပ်စစ်ဓာတ်အား ရရှိတော့မည်ဖြစ်ကြောင်း ဂွမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။ 

မျိုးသူထွန်း