ရက်အရှည်ကြာဆုံးဖြစ်သည့် မန်းရွှေစက်တော်ဘုရားပွဲတွင် တည်းခိုဆောင်လုပ်ငန်းအား မဲစနစ်အစား တင်ဒါစနစ်ဖြင့်ဆာင်ရွက်မည်

မကွေး ၂၈ ဒီဇင်ဘာ 

 

မြန်မာပြည်၏ ရက်အရှည်ကြာဆုံး ဘုရားပွဲတော်များတွင် ပါဝင်သည့် ရွှေစက်တော်ဘုရားပွဲမှ တည်းခိုဆောင် လုပ်ငန်းများအား တစ်ဆင့်ပြန်ရောင်းစားသူများ ပါလာနိုင်သည့်အတွက် မဲစနစ်အစား တင်ဒါစနစ်ဖြင့် သတ်မှတ်ချထားပေးတော့မည်ဖြစ်ကြောင်း သိရှိရသည်။

 

 

“မဲစနစ်နဲ့ဆိုရင် တကယ်လုပ်မယ့်သူတွေတင် မဟုတ်တော့ဘဲ တစ်ဆင့်ပြန်ရောင်းစားမယ့်သူတွေ ပါလာနိုင်တယ်။ တင်ဒါစနစ်နဲ့ဆိုတော့ ကိုယ်တကယ်လုပ်နိုင်မယ့် တည်းကျောင်း ဘယ်နှစ် ကျောင်းလုပ်ချင်သလဲ၊ အရင်နှစ်တွေက ဘယ် လောက်မြတ်သလဲ တွက်ချက်ပြီး ပေးနိုင်တယ်။ တင်လာတဲ့အထဲက ဘုရားအတွက် အများဆုံး ပေးလှူနိုင်တဲ့သူကို ပေးလိုက်ရုံပဲ” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားခဲ့သည်။

 

 

ဘုရားပွဲတော်ကာလများ၏ မူလအစီအစဉ်ဖြစ်သော မဲစနစ်ဖြင့် လျှောက်လွှာဝယ်ယူခဲ့သူမှာ ဦးရေ(၁၃၀)ကျော် ရှိခဲ့ပြီး လျှောက်လွှာဖိုး ကျပ်နှစ်သိန်းနှင့် Deposit ငွေ ကျပ်သိန်း (၄၀)တို့အား ဂေါပကအဖွဲ့ငွေစာရင်းသို့ ပေးသွင်းမှုများ ရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော် တည်းခိုဆောင်လုပ်ငန်းကို မဲစနစ်အစား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရွေးချယ်ရန် ပြင်ဆင်သတ်မှတ်လိုက်သဖြင့် မဲစနစ်ဖြင့် လျှောက်ထားသူများ၏ လျှောက်လွှာဖိုးနှင့် Deposit ငွေတို့အား ဒီဇင်ဘာလ ၂၆ ရက်နေ့မှစ၍ ပြန်လည် ထုတ်ပေးနေကြောင်း လျှောက်ထားသူများထံမှ သိရသည်။

 

 

၂၀၁၇ မတိုင်မီနှစ်များက မန်းရွှေစက်တော်ဘုရားပွဲတော်၌ တည်းခိုခဈေးနှုန်းမှာ တစ်ခန်းလျှင် ကျပ်တစ်သိန်းဝန်းကျင်အထိ သတ်မှတ် တောင်းဆိုခြင်းများရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ယခုဂေါပကအဖွဲ့သစ် လက်ထက်တွင် ရေစပ်တစ်ခန်းလျှင် ကျပ်သုံးသောင်း၊ ကုန်းပေါ်တစ်ခန်းလျှင် ကျပ်နှစ်သောင်းသာ ကောက်ခံရန် သတ်မှတ်ဈေးနှုန်းဖြင့် ကြီးကြပ်နိုင်ခဲ့သည်။

 

 

မဲစနစ်ဖြင့်ရွေးချယ်စဉ်က ဂေါပကအဖွဲ့၏ သတ်မှတ်ဈေးကို အများစုက လိုက်နာခဲ့ကြသော်လည်း ယခုနှစ်တွင် တင်ဒါစနစ် ပြောင်းသွားခြင်းကြောင့် လုပ်ကိုင်ခွင့်ရလိုသူများက တင်ဒါကြေးများ အပြိုင်အဆိုင်ပေးပြီး ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ငွေ ကြေးများစွာ ရင်းနှီးရယူထားသည့် လုပ်ကိုင်ခွင့်ရသူများ၏ အကျိုးအမြတ်ရရန် လုပ်ဆောင်မှုများက ဘုရားဖူးပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည်ကိုမူ စိုးရိမ်မိကြောင်း မင်းဘူးမြို့ ဒေသခံတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

 ဇေယျတု(မကွေး)