ရိုးစင်းလွယ်ကူသော နည်းလမ်းတို့၏ ကျယ်ပြန့်ကြီးမားသော ရလဒ်များ

၇   မေ

 

မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ ကျေးလက်တောရွာတို့၌ ဖိုခုံလောက်ဆိုင်မီးဖိုတို့ကို ထင်းမီးဖြင့် အပူစွမ်းအင်ယူ ချက်ပြုတ်ကြသည်မှာ လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ရပ် ဖြစ်ပါသည်။ အဆိုပါ ဖိုခုံလောက်ဆိုင်မီးဖိုတို့သည် အကာအပိတ်မရှိ၊ ဟင်းလင်းပြင်ဖြစ်၍ ထင်းမှ အပူစွမ်းအင်ကို ထိထိရောက်ရောက် ရယူနိုင်ခြင်းမရှိ၊ အပူစွမ်းအင်တို့ကို လေလွင့်ဆုံးရှုံး စေပါသည်။ ဖိုခုံလောက်ဆိုင် မီးဖိုမှ ထုတ်လွှတ်လိုက်သော မီးခိုးတို့သည် ကျေးလက်ပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေပါသည်။ အထူးသဖြင့် ကလေးငယ်များအပါအဝင် ချက်ပြုတ်ရသော အမျိုးသမီးများတို့၏ ကျန်းမာရေးကို ပိုမိုထိခိုက်စေပါသည်။

 

တန်ဇန်နီးယားနိုင်ငံ၌ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် တစ်ကြိမ်ထင်းကောက်လျှင် လေးနာရီမှ ခြောက်နာရီအထိ၊ တစ်ပတ်လျှင်နှစ်ကြိမ်မှ သုံးကြိမ်အထိ ထင်းရှာထွက်ကြရပါသည်။ အကြောင်းရင်းမှာ အကာအပိတ်မရှိသော ဟင်းလင်းပြင် ဖိုခုံလောက်ဆိုင်မီးဖိုတို့ကို အသုံးပြုသောကြောင့် ဖြစ်ပါသည်။ သို့သော် နည်းပညာသာရရှိပါက ကျေးလက်တောရွာတို့ရှိ ပစ္စည်းများဖြင့် အကာပါစွမ်းရည်မြင့် မီးဖိုတို့ကို အလွယ်တကူ ပြုလုပ်နိုင်ပါသည်။ စွမ်းရည်မြင့်မီးဖိုတို့သည် နေ့စဉ်ချက်ပြုတ်ရန်အတွက် ထင်းလိုအပ်ချက်ကို ငါးဆယ်ရာခိုင်နှုန်းခန့်အထိ လျှော့ချပေးနိုင်ပါသည်။

 

သို့ဖြစ်ပါ၍ အမျိုးသမီးကြီးငယ်တို့၏ ထင်းကောက်ရန် အသုံးပြုရသော အချိန်သည် ထက်ဝက်ခန့် သက်သာလျော့နည်းသွားမည် ဖြစ်ပါသည်။ ထို့အပြင် စွမ်းရည်မြင့်မီးဖိုတို့သည် ဖိုခုံလောက်ဆိုင်မီးဖိုများကဲ့သို့ မီးခိုး ထွက်ခြင်းမရှိ၍ ကျေးလက်ပြည်သူတို့၏ ကျန်းမာရေးအား ထိခိုက်စေမှုကိုလည်း ပပျောက်စေပါသည်။ စွမ်းရည်မြင့် မီးဖိုနည်းပညာဆိုသည်မှာလည်း စနစ်တကျ သင်ကြားပြသပါက ရက်ပိုင်းအတွင်း တတ်မြောက်နိုင် သော နည်းပညာမျိုးဖြစ်ပါသည်။ ကမ္ဘာတစ်လွှား ၂ ဒသမ ၅ ဘီလီယံရှိသော ကျေးလက်ပြည်သူတို့သည် ထင်းကို မှီခိုချက်ပြုတ် စားသောက်ကြရပါသည်။ ထင်းမီးဖိုအား အကြောင်းပြုဖြစ်ပွားသော ရောဂါတို့ကြောင့် ကျေးလက်ပြည်သူ ၂ ဒသမ ၆ သန်း နှစ်စဉ်သေဆုံးကြရပါသည်။ အဆိုပါ သေဆုံးသူတို့အနက် အများစုသည် အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံတို့၌ ထင်းကို နှစ်စဉ်တန်ချိန်သန်း ၇၃၀ အထိ အသုံးပြုကြပါသည်။ အဆိုပါ ထင်းမီးတို့မှ လေထုထဲသို့ လွှတ်ထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ပမာဏသည် တန်ချိန်တစ်ဘီလီယံကျော်မျှအထိ ရှိပါသည်။ အထက်၌ ဖော်ပြထားသည့် အချက်တို့ကို ကြည့်ရုံမျှဖြင့် စွမ်းရည်မြင့် မီးဖိုတို့က ကမ္ဘာကြီးနှင့် လူသားတို့အတွက် ဖန်တီးပေးနိုင်သော ကောင်းကျိုးရလဒ်တို့ကို မှန်းဆပုံဖော်ကြည့်နိုင်မည် ဖြစ်ပါသည်။ 

 

Spectrum အဖွဲ့က ချင်းပြည်နယ်၌ အမျိုးသမီးတို့၏ အခန်းကဏ္ဍနှင့် စွမ်းရည်မြင့်မီးဖိုအကြောင်းကို လေ့လာခဲ့ပါသည်။ ချင်းပြည်နယ်၌ စွမ်းရည်မြင့်မီးဖိုတို့ကို ဝယ်ယူရရှိနိုင်သော်လည်း အမျိုးသမီးတို့က စွမ်းရည်မြင့်မီးဖိုတို့၏ ကောင်းကျိုးကို သေချာသိနားလည်ခြင်းမရှိ၍ ဝယ်ယူအသုံးပြုရန် စိတ်အားထက်သန်မှု နည်းပါးနေကြပါသည်။ စွမ်းရည်မြင့် မီးဖိုတို့၏ တန်ဖိုးသည် အများစုလက်လှမ်းမီသော အနေအထား၌ ရှိသည်ဖြစ်၍ ကုန်ကျစရိတ်ကြောင့် စွမ်းရည်မြင့်မီးဖိုတို့ကို အသုံးပြုရန် စိတ်အားထက်သန်မှု နည်းပါးနေခြင်းမဟုတ်သည်မှာ သေချာပါသည်။ စွမ်းရည်မြင့် မီးဖိုတို့ကို အသုံးပြုလိုစိတ် နည်းပါးခြင်းသည် စွမ်းရည်မြင့်မီးဖိုတို့မှ ရရှိသော အကျိုးရလဒ်တို့ကို ကောင်းစွာမသိရှိခြင်းကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စွမ်းရည်မြင့်မီးဖိုတို့ကို ကျေးလက်တောရွာတို့၌ အလွယ်တကူ ရရှိနိုင်ရန် ဖန်တီးပေးမှုနှင့်အတူ ဤမီးဖိုတို့၏ အကျိုးရလဒ်တို့အား ကျေးလက်ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ပါက ကျယ်ပြန့်သည့် လူမှုစီးပွားရေးရလဒ်ကောင်းတို့ကို ဆုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် ရိုးစင်းလွယ်ကူသော နည်းလမ်းတို့သည်လည်း တိုင်းပြည်၏ လူမှုစီးပွားရေးအခြေအနေကို ပြောင်းလဲမြှင့်တင်နိုင်စွမ်း ရှိပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)