ရှိရင်းစွဲတိုးတက်မှုများကို ဆက်လက်မြှင့်တင်

၁၁ အောက်တိုဘာ

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် (၁ဝ) ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီး အစည်းအဝေး သို့ တက်ရောက်ခဲ့ပြီး ဂျပန်-မြန်မာ နှစ်နိုင်ငံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အကျိုးစီးပွား ဖြစ်ထွန်းရေးကို ပိုမိုဆောင်ကြဉ်းနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်နိုင်ငံသို့ ရောက်ရှိစဉ်အတွင်း မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှု တိုးမြှင့်ဖော်ဆောင်နိုင်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းများ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ အနာကြီးရောဂါ ပပျောက်ရေးလုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ရေး၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆွေးနွေးနိုင်ခဲ့သည်။

 

ဂျပန်နိုင်ငံသည် စက်မှုဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်သည့်အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများကိုလည်း စနစ်တကျ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်သော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် ဖွံ့ဖြိုးမှုနိမ့်ကျနေသော ကျေးလက်ဒေသများအား ပြန်လည်မြှင့်တင်နိုင်ရေးအတွက် ဂျပန်နိုင်ငံမှ အထောက်အပံ့ ကောင်းများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်မှတစ်ဆင့် တိုးတက်ဆောင်ကြဉ်း နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှုများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား အထောက်အကူပြုနိုင်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သစ်တောကဏ္ဍနှင့် ရေထွက်ပစ္စည်းကဏ္ဍတို့၌ အလားအလာ ကောင်းများ အများအပြားရှိသဖြင့် ဂျပန်နိုင်ငံမှကုမ္ပဏီများ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။ သီလဝါ စက်မှုဇုန်တွင် စီးပွားရေးကုမ္ပဏီပေါင်း ၁ဝဝ နီးပါး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိရာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သည့် ထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီများဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်ပေါင်း တစ်သောင်းကျော် ဖန်တီးပေး နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ပြဋ္ဌာန်းခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရာ၌ လွယ်ကူ ချောမွေ့မှုရှိစေရန် စီစဉ်ဆောင်ရွက် ပေးထားသောကြောင့် ယမန်နှစ်က ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ စံချိန်တင်မြင့်မားလာခဲ့သည်။

 

မြန်မာနိုင်ငံသည် အာရှဒေသတွင် စီးပွားရေး အလားအလာကောင်းများရှိသည့် နိုင်ငံဖြစ်၍ မြန်မာနိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူများရှိနေသည်။ ယခုအခါ မြန်မာနှင့်ဂျပန် နှစ်နိုင်ငံပူးပေါင်း၍ ဆန်အမျိုးအစား တစ်မျိုးကို မြန်မာနိုင်ငံတွင် စမ်းသပ်စိုက်ပျိုးပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန် လုပ်ကိုင်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် မျက်မှောက်ကာလတွင် စိန်ခေါ်မှုများ၊ ဖိအားပေးမှုများနှင့် ကြုံတွေ့နေရချိန်၌ စိတ်ပျက် အားလျော့ခြင်းမရှိဘဲ လူမှုစီးပွားမြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လက်ရှိဖြစ်ထွန်း နေသော ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု၊ ကူညီထောက်ပံ့မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကိုကျော်လွှားပြီး ပြုပြင်ပြောင်းလဲမှုများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် အထောက်အပံ့ကောင်းများ ဖြစ်စေပါသည်။

 

သို့ဖြစ်ရာ ဂျပန်-မြန်မာ နှစ်နိုင်ငံ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် မြှင့်တင်ဆောင်ရွက်ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်နိုင်ငံခရီးစဉ်မှ ပေါ်ထွက်လာမည့် ရလဒ်ကောင်း များနှင့်ပေါင်းစပ်၍ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါသည်။   ။

(ကြေးမုံ)