ရှိရင်းစွဲဆက်ဆံပူးပေါင်းမှု ပိုမိုကောင်းမွန်

၁၆  သြဂုတ်

 

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံများနှင့် ရှေးအစဉ်အဆက် ချစ်ကြည်ရင်းနှီးစွာဖြင့် အတူပူးပေါင်းလက်တွဲ နေထိုင်လျက်ရှိသည်။ ထိုသို့ နေထိုင်ရာတွင် အဓိကကျသည့် အိမ်နီးချင်းနိုင်ငံများနှင့် အိမ်နီးချင်းကောင်းပီသစွာဖြင့် ပေါင်းသင်းဆက်နွှယ်လျက်ရှိ သည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အိမ်နီးချင်း နိုင်ငံအချင်းချင်း နှစ်နိုင်ငံခေါင်းဆောင်များ ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိသကဲ့သို့ နှစ်နိုင်ငံ ပြည်သူအချင်းချင်းလည်း ကူးလူးဆက်သွယ် ပေါင်းဖက်နေကြသည်။

 

သြဂုတ်လ ၁၄ ရက်နေ့က မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား သံတမန် ဆက်သွယ်မှု ထူထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားရာတွင် “မိမိတို့ နှစ်နိုင်ငံ ဆက်ဆံရေးသည် ယခင်ကထက် ပိုမိုကောင်းမွန်လာသည် ဟူသည့် အချက်သည် အမှန်တကယ်ပင် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအစိုးရအကြား ရင်းနှီးပွင့်လင်းစွာ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကြောင့် ရှိရင်းစွဲနားလည်မှုနှင့် ယုံကြည်မှုတို့ကို ပိုမိုခိုင်မာလာစေပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအကြား ဆက်ဆံမှုနှင့် ဆက်နွှယ်ပူးပေါင်း ဆောင်ရွက်မှုတို့သည် ရှေးအစဉ်အဆက်မှ မျက်မှောက်ကာလအထိတိုင် တည်ငြိမ်ခိုင်မာပြီး မိတ်ဆွေကောင်းပီသစွာ ဆက်ဆံလျက် ရှိသည်။ ၂၄၁၆ ကီလိုမီတာ ထိစပ်နေသည့် မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အိမ်နီးချင်း၊ ဒေသတွင်း၌ အရေးပါသော နိုင်ငံများ ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ကတည်းက သံတမန်ဆက်ဆံရေးကို ထူထောင်ခဲ့ပြီး နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားအတွက် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းလက်တွဲ ဆောင်ရွက်လျက်ရှိသည်။

 

လက်ရှိအစိုးရသစ် စတင်တာဝန်ယူသည့် အချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပထမဆုံး တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်အချင်းချင်း အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ကာ နှစ်နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေးကို မြှင့်တင်နိုင်ခဲ့သည်။ မိတ်ဆွေကောင်းတို့၏ ပြုမူလုပ်ကိုင်မှုတို့နှင့်အညီ တစ်ဦးလိုအပ်မှုကို တစ်ဦးက ဖြည့်ဆည်းပေးလျက်ရှိသည်။ လက်ရှိတွင် ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီ၍ နေထိုင်လုပ်ကိုင်လျက်ရှိရာ မြန်မာနိုင်ငံသားများ ဝင်ငွေရပြီး ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေသည်။

 

မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ်(၇၀)ပြည့် အခမ်းအနားနှင့်အတူ (၉)ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးကိုလည်း ကျင်းပခဲ့ရာ ထိုအစည်းအဝေးတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၊ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အလုပ်သမားများ အခွင့်အလမ်းများ ကာကွယ်မြှင့်တင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရေး၊ နယ်စပ်ဒေသတစ်လျှောက်ရှိ ပြည်နယ်များအကြား ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းနေမှုများကို အထောက်အကူပြုရေးအတွက် ဘက်စုံကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးနိုင်ခဲ့သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းကောင်းပီသစွာဖြင့် ဆက်ဆံပူးပေါင်းလက်တွဲ ဆောင်ရွက်လျက် ရှိပြီး နှစ်နိုင်ငံခေါင်းဆောင်များ၊ နှစ်နိုင်ငံပြည်သူများအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်ဖြစ်ထွန်းနေမည်ဟု ယုံကြည်ပါသည်။ ။

 

ကြေးမုံ