ဘားအံ မတ် ၂၃

 

နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်နေသော ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ချီးမြှင့်ပေးအပ်သည့် စားသောက်ဖွယ်ရာများပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 

ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အသက်ကိုပဓာန မထားဘဲ တာဝန်ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများဖြင့် အားပေးကူညီခြင်းဖြစ်ပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကာ ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ အန္တရာယ်ကင်းဘေးရှင်း၍ တိုက်ပွဲတိုင်း အောင်မြင်နိုင်စေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စုစုပေါင်း ငွေကျပ် ၉၃၁၅၀၀၀ဝ တန်ဖိုးရှိ စားသောက်ကုန် ပစ္စည်းများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးထံ ချီးမြှင့်ပေးအပ်ပြီး လှူဒါန်းပေးကြသော ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်း မိသားစုများနှင့် စေတနာရှင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ယင်းနောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ယနေ့ချီးမြှင့်ပေးအပ်ပွဲသည် စုဒ္ဒသမအကြိမ် (၁၄)ကြိမ်မြောက် ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး ချီးမြှင့်ပေးအပ်သည့် (၁၄)ကြိမ်အတွင်း စုစုပေါင်း ငွေကျပ် ၆၈၇၆ ဒသမ ၉၅ သိန်း တန်ဖိုးရှိ စားသောက်ကုန်များကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)